သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စိုးမိုးနယ်မြေတွေကိုတိုက်ခိုက်လို့ ခုခံတာလို့ TNLA နဲ့ KNDF ပြောဆို


စစ်ကောင်စီကို တော်လှန်နေသည့် ကရင်နီပြည် ခေါ် ကယားပြည်နယ်မှ PDF တပ်သားများ (Courtesy: KNDF)
စစ်ကောင်စီကို တော်လှန်နေသည့် ကရင်နီပြည် ခေါ် ကယားပြည်နယ်မှ PDF တပ်သားများ (Courtesy: KNDF)

စစ်ကောင်စီတပ်တွေနဲ့ လက်ရှိ တိုက်ပွဲတွေဖြစ်နေတဲ့ အဓိကအကြောင်းအရင်းက သူတို့စိုးမိုးထားတဲ့နယ်မြေတွေကို စစ်ကောင်စီဘက်က တိုက်ခိုက်လာတဲ့အတွက် ပြန်လှန်ခုခံတာဖြစ်ကြောင်း TNLA နဲ့ KNDF ခေါင်းဆောင်တွေက ဗွီအိုအေကိုပြောပါတယ်။ ကရင်နီနဲ့ ရှမ်းပြည်နယ်တွေဘက်မှာ စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကြား အပြန်အလှန်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ နောက်ဆုံးအခြေအနေနဲ့ပတ်သက်လို့ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အကြောင်းစုံ တင်ပြပေးထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ကနေ စစ်ကောင်စီတပ်တွေနဲ့ သူ့လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့တွေကို ပြန်လှန်ခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေဟာ စီးပွားရေး အရ အချက်အချာကြတဲ့ မူဆယ်ဒေသတဝိုက်မှာပြီး ဇူလိုင်လကနေ စက်တင်ဘာလထိ တိုက်ပွဲပေါင်း ၅၀ ကျော် ဖြစ်ပွားခဲ့ကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF)/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ရဲ့ ဒုဗိုလ်မှူးကြီး တာအိုက်ကျော်က ဗွီအိုအေကို အခုလို ပြောပါတယ်။

"ညနေစောင်း မိုးချုပ်ခါနီးမှာ စကစဘက်က တကြော့ပြန်တိုက်ခိုက်တော့ ဒီနေ့မှာ ထိတွေ့မှုတကြိမ်ဖြစ်တယ်။ တိုက်ပွဲကတော့ ...ပြန်ဖြစ်တဲ့အခြေအနေပေါ့။"

အခုလို စစ်ကောင်စီနဲ့ TNLA တပ်ဖွဲ့တွေကြားတိုက်ပွဲတွေမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကလည်း စစ်ရေးအရ တစုတစည်းတည်း ပံ့ပိုးကူညီပေးကြောင်း ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ဆိုပါတယ်။ လက်ရှိမှာ ထိခိုက်မှုအခြေအနေ အတိအကျ မသိရသေးပေမယ့် နှစ်ဘက်စလုံးမှာတော့ ထိခိုက်ဒဏ်ရာရမှုတွေ ရှိတယ်လို့ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ပြောပါတယ်။

အဓိက တိုက်ပွဲတွေ ပြင်းထန်လာတဲ့ အကြောင်းအရင်းမှာလည်း PSLF/TNLA တို့ စိုးမိုးထားတဲ့ နေရာတွေကို စစ်ကောင်စီတပ်တွေက တိုက်ခိုက်လာတာကြောင့်ဖြစ်တယ်လို့ ဒုဗိုလ်မှူးကြီး တာအိုက်ကျော်က ဆိုပါတယ်။

"စကစဘက်က ထိုးစစ်ဆင်တိုက်ပွဲတွေ စိပ်လာတဲ့အတွက်​ တိုက်ပွဲတွေက အခုလို ပြင်းထန်လာတာပါ။"

အလားတူ ကရင်နီပြည်နယ်မှာလည်း ဒီရက်ပိုင်းတွေအတွင်း စစ်ကောင်စီက မြေပြင်ကရော လေကြောင်းကပါ အရှိန်အဟုန်နဲ့ တိုက်ခိုက်လာတဲ့ အကြောင်းအရင်းကိုကရင်နီတိုင်းရင်းသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) ဥက္ကဋ္ဌ ခွန်ဘီဒူးကအခုလို ဗွီအိုအေကို ပြောပါတယ်။

"အဓိက-ကတော့ မယ်ဆတ်မြို့ပေါ်ရဲစခန်းအပါအဝင် မယ်ဆတ်ကုန်းတွေကို ကျနော်တို့ ကရင်နီအင်အားစုတွေပေါ့နော်-တပ်ပေါင်းစုတွေက သိမ်းယူပြီးနောက်ပိုင်းမှာ စစ်ကောင်စီက ရဟတ်ယာဥ်တွေနဲ့ရော လူတွေချပြီးမှပို့သလို လက်နက်ခဲယမ်းတွေကိုလည်း ထပ်ပြီးမှ ပို့နိုင်ဖို့အတွက် စစ်ကြောင်းတွေချီတက်လာတဲ့အခြေအနေမျိုးဖြစ်ပါတယ်။ ...ဆိုတော့ စစ်ကောင်စီရဲ့စစ်ကြောင်းကတော့ အခုဆို တပ်မဟာ ၅ ကိုသုံးပြီးမှ ကလောကနေ လွိုင်ကော်၊ ပြီးရင် ဒီမော့ဆို၊ ဖရူဆို...ဒါကို ဖြန့်လာနေတယ်ပေါ့နော်။ စစ်ကောင်စီရဲ့ စစ်ကြောင်းယာဥ်တန်းကတော့ ဖရူဆိုဘက်ကို ရောက်နေပြီးမှ ဒီယာဥ်တန်းကို ကျနော်တို့ တော်လှန်ရေးအင်အားစုတွေဘက်က ပိတ်ဆို့တိုက်ခိုက်ပြီးမှ...ခုနကပြောတဲ့ စစ်ပွဲတွေ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ဒါ့ပြင် ကရင်နီပြည်နယ်မှာ စစ်ကောင်စီဘက်က အရပ်သားတွေရှိတဲ့ နေရာတွေကို လေကြောင်းအပါအဝင် အင်အားသုံး တိုက်ခိုက်နေတဲ့အတွက် အသေအဆုံးထိခိုက်မှုတွေရှိနေတယ်လို့ ခွန်ဘီဒူးက ဆိုပါတယ်။

"စစ်ကောင်စီတပ်ရဲ့အခုလို ယာဥ်တန်းတွေမှာပဲဖြစ်ဖြစ်ပေါ့နော်၊ စစ်ကြောင်းသေးသေးလေးတွေမှာပဲဖြစ်ဖြစ်...ထိခိုက်နစ်နာမှုတွေ၊ ကျဆုံးမှုတွေများလာရင်တော့ စစ်ကောင်စီကတော့ ရဟတ်ယာဥ်၊ လေယာဥ်ပျံတွေ နောက် လက်နက်ကြီးတွေသုံးပြီးမှ လူထုတွေနေတဲ့နေရာတွေကို အဆက်မပြတ် ပစ်ခတ်လေ့ရှိပါတယ်။ ဒါကြောင့်မို့လို့ အဲဒီဘက်မှာတော့ တိုက်ပွဲတွေက မလိုအပ်ဘဲနဲ့ တချို့နေရာတွေမှာတော့ ထိခိုက်ဒဏ်ရာရမှုတွေ ရှိနေတယ်။ ဒါပေမဲ့ စစ်ကောင်စီရဲ့အဓိကကျောရိုးက မယ်ဆတ်ကို ရောက်အောင်ပြန်ပြီးမှ ရောက်အောင်သွားဖို့အတွက်ကို အမိန့်ချထားပုံရတယ်ပေါ့နော်။"

အခုလို ရှမ်းနဲ့ ကရင်နီ ဘက်တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကို ဗွီအိုအေက အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အခုချိန်ထိ ဖုန်းကိုင်ဖြေဆိုမယ့်သူမရှိသေးပါဘူး။

PSLF/TNLA၊ KNDF စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ကိုယ်ပိုင်နယ်မြေတွေရှိနေပြီး စစ်ကောင်စီ အုပ်ချုပ်လို့ မရအောင် ပြန်လှန်ခုခံနေတဲ့ အခြေအနေတွေဟာ အနာဂတ်ဖယ်ဒရယ်စနစ်တည်ဆောက်ရေးမှာ အရေးပါတယ်လို့ မြင်ကြောင်း အမေရိကန်ပြည်ထောင်စု ကာလီဖိုနီးယားပြည်နယ် ရှမ်းတိုင်းသားများအဖွဲ့ခေါင်းဆောင် ဒေါက်တာ စိုင်းထွေးမောင်က ဗွီအိုအေကို အခုလို သုံးသပ်ပြောဆိုပါတယ်။

"ကျနော်တို့တိုင်းရင်းသားတွေအနေနဲ့က လက်နက်ကိုင်ပြီးတော့ တိုက်ခိုက်နေတာရှိတယ်။ NUG နဲ့လည်း သူတို့ အခုနကပြောတဲ့ cooperation ပေါ့လေ၊ သူတို့မှာလည်း အပေးအယူ...ကျနော်တို့သိသလောက်ဆို သဘောတူလက်မှတ်ထိုးထားတာ ရှိကြတယ်။ တချို့တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့။ သူတို့ရဲ့သဘောတူညီချက်နဲ့သူတို့ တိုက်နေကြတာဖြစ်တယ်။ အထူးသဖြင့် ဖက်ဒရယ်ဒီမိုကရေစီဖြစ်ဖို့ဆိုတာလည်း သူ့ ဖက်ဒရယ်ယူနစ်၊ သူတို့ဟာသူတို့လည်း အုပ်ချုပ်မှာပဲ။ ...ဆိုတော့ အခုဆိုရင် ကြည့်လိုက်လေ၊ အခု ကရင်နီပြည်နယ်လည်း သူတို့ဟာသူတို့ ဖွဲ့စည်းပြီးတော့ လုပ်နေပြီ။ စစ်ကိုင်းတိုင်း ...လည်းလုပ်နေပြီ။ ချင်းကလည်းလုပ်နေပြီ။ ရခိုင်ဘက်လည်း သူတို့လုပ်နေကြပြီ။ ...ဆိုတော့လေ သူတို့ဟာနဲ့သူတို့တော့ ဖက်ဒရယ်ပုံစံ သူတို့ဟာနဲ့သူတို့အုပ်ချုပ်ဖို့ ပြင်ဆင်ထားပြီးဖြစ်တယ်။

TNLA နဲ့ KNDF တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ စိုးမိုးထားတဲ့ နယ်မြေတွေမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အသစ်တွေကို စစ် လေ့ကျင့်ရေးသင်တန်းတွေကို ပေးနိုင်ခဲ့တယ်လို့ AFP သတင်းမှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG