စင်ကာပူမှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ လက်ချက်နဲ့ ငွေအမြောက်အများဆုံးရှုံးခဲ့တာကြောင့် အဲဒီလို လိမ်လည်သူတွေကို ကြိမ်ဒဏ်ပေးသွားဖို့ စဥ်းစားသုံးသပ်နေတယ်လို့ စင်ကာပူအာဏာပိုင်တွေက ဒီကနေ့ ပြောပါတယ်။ ၂၀၂၄ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ (၈၁၇) သန်းနီးပါးဖြစ်တဲ့ စင်ကာပူဒေါ်လာ (၁.၁) ဘီလီယံ ဆုံးရှုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပြီး ဒါဟာ ၂၀၂၃ ခုနှစ်ကထက်စာရင် (၇၀) ရာခိုင်နှုန်းပိုတိုးလာတာပါ။
အလွန်အင်မတန်ကြီးမားတဲ့ အန္တရာယ်ကျူးလွန်သူတွေဖြစ်တာကြောင့် အွန်လိုင်းငွေကြေးလိမ်လည်မှုနဲ့ ပတ်သက်တဲ့ ပြစ်မှုကျူးလွန်သူတွေကို ကြိမ်ဒဏ်အပြစ်ပေးဖို့ စဥ်းစားသွားမှာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီး Sun Xueling (ဆန် ရှုလင်း) က ပြောပါတယ်။
ခုလို ငွေလိမ်လည်မှုတွေကိုတားဆီးဖို့ ဘဏ်တွေရဲ့လုံခြုံရေးစနစ် တိုးမြှင့်ထားပေမယ့်လည်း ငွေလိမ် ဂိုဏ်းဝင်တွေဟာ တခြားနည်းနဲ့ ဆက်လက်ပြစ်မှုကျူးလွန်ကြတာပါ။ ငွေညှစ်အတောင်းခံရသူတွေဟာ လိမ်လည်သူတွေရဲ့ဘဏ်ထဲကို တိုက်ရိုက်ငွေလွှဲပေးရတော့တာမဟုတ်ဘဲ cryptocurrencies ဒီဂျစ်တယ်ငွေကြေးအဖြစ် ပြောင်းလဲပြီးမှလွှဲခိုင်းတာကြောင့် ဘဏ်လုံခြုံရေးစနစ်ကို ကျော်ဖြတ်နိုင်ခဲ့ ကြတာပါ။ ဒီလို လိမ်လည်မှု (၂၅) ရာခိုင်နှုန်းနီးပါးဟာ ခုလို ဒီဂျစ်တယ်ငွေကြေးအဖြစ်ပြောင်းလဲပြီးမှ လွှဲယူခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဒီဂျစ်တယ်ငွေကြေးအသုံးမပြုကြဖို့လည်း ဝန်ကြီး Sun Xueling (ဆန် ရှုလင်း) က တိုက်တွန်းပါတယ်။
ငွေလိမ်ဂိုဏ်းဝင်တွေဟာ ဘယ်သူဘယ်ဝါမှန်း ထုတ်ဖေါ်စရာမလိုတဲ့ တယ်လီဂရမ်ကနေသာ လိမ်လည်ကြတာဖြစ်ပြီး ခုလို လိမ်လည်မှုတွေ ၂၀၂၄ ခုနှစ်အတွင်းနှစ်ဆတိုးလာတယ်လို့လည်း သူက ပြောပါတယ်။ တယ်လီဂရမ်အနေနဲ့ သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ရယူအတည်ပြုဖို့ ဝန်ကြီး Xueling (ရှုလင်း) က တိုက်တွန်းထားသလို ဒီလိုလိုက်နာဆောင်ရွက်အောင် အစိုးရအနေနဲ့ ဥပဒေပြုသွားဖို့ နည်းလမ်းရှာနေတယ်လို့လည်း ဆိုပါတယ်။
Forum