သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စင်္ကာပူဝန်ကြီးချုပ် မြန်မာနိုင်ငံ မကြာခင်လာမည်


စင်္ကာပူဝန်ကြီးချုပ် Lee Hsien Loong
စင်္ကာပူဝန်ကြီးချုပ် Lee Hsien Loong

စင်္ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းနဲ့ ဇနီးတို့ မြန်မာနိုင်ငံကို လာရောက်ဖို့ ရှိတယ်လို့ မြန်မာ အစိုးရက ထုတ်ပြန်ပါတယ်။ သမ္မတ ဦးထင်ကျော်တို့ ဇနီးမောင်နှံရဲ့ ဖိတ်ကြားချက်နဲ့ ဒီလ အတွင်း လာရောက်မှာ ဖြစ်ပြီး အစိုးရသစ် လက်ထက်မှာ ပထမဆုံး လာရောက်လည်ပတ်တဲ့ နိုင်ငံအကြီးအကဲ ခရီးစဉ် ဖြစ်ပါတယ်။

နှစ်နိုင်ငံအကြား လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး၊ ကျွမ်းကျင်မှုမြှင့်တင်ရေး ကဏ္ဍမှာ ပိုပြီး ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိတယ်လို့လည်း မြန်မာ အစိုးရက ပြောဆိုထားပါတယ်။ စင်္ကာပူဝန်ကြီးချုပ် Lee Hsien Loong ရဲ့ ဇွန်လထဲ မြန်မာနိုင်ငံကိုသွားမယ့် ခရီးစဉ်အတွင်း စင်္ကာပူ-မြန်မာ အသက်မွေးဝမ်းကြောင်း သင်တန်းကျောင်းတခုကို တရားဝင် ဖွင့်လှစ်သွားဖို့ရှိတယ်လို့ ပြီးခဲ့တဲ့ လက မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan ကပြောဆိုခဲ့ပါသေးတယ်။ သင်တန်းကျောင်းကို ရန်ကုန်မှာ ဖွင့်လှစ်မှာဖြစ်ပြီး မြန်မာလူငယ်တွေကို လက်တွေ့နဲ့ လုပ်ငန်းခွင်ကျွမ်းကျင်မှု အရည်အသွေး တိုးတက်လာအောင် သင်ကြားပို့ချဖို့ ရည်ရွယ်ထားတဲ့ အကြောင်း၊ အထူးသဖြင့် ဧည့်ခံကြိုဆိုရေးနဲ့ ခရီးသွားလုပ်ငန်းတွေအပြင်၊ လုပ်ငန်းခွင် စီမံခန့်ခွဲမှုနဲ့ အင်ဂျင်နီယာလုပ်ငန်းကဏ္ဍတွေအတွက် အလယ်အလတ်အဆင့် ကျွမ်းကျင်အလုပ်သမား ၈၀၀ လောက်ကို နှစ်စဉ် သင်တန်း ပို့ချသွားမှာ ဖြစ်တယ်လို့လည်း စကာၤပူ Channel News Asia သတင်းက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

စကာၤပူနိုင်ငံမှာ မြန်မာနိုင်ငံသား သိန်းနဲ့ချီ နေထိုင် အလုပ်လုပ်ကိုင်နေတာ ဖြစ်သလို မြန်မာတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှုတွေမှာလည်း အရေးပါတဲ့ နိုင်ငံ တခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံကြား နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးက ပြီးခဲ့တဲ့ လတုန်းက နှစ်ပေါင်း ၅၀ ပြည့်ခဲ့ပြီလည်း ဖြစ်ပါတယ်။

စင်္ကာပူဝန်ကြီးချုပ် မြန်မာနိုင်ငံ မကြာခင်လာမည်
please wait

No media source currently available

0:00 0:01:24 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG