သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီရိလင်္ကာမှာ ဘာသာရေးမုန်းတီးမှု လုပ်ဆောင်သူ ၄ ဦးကို ဖမ်းဆီး


သီရိလင်္ကာလုံခြုံရေးရဲများ
သီရိလင်္ကာလုံခြုံရေးရဲများ

သီရီလင်္ကာနိုင်ငံမှာ ဘာသာရေးဆိုင်ရာ အကြမ်းဖက်မှုတွေ ဖြစ်ပွါးနေချိန်မှာပဲ ကိုလံဘိုမြို့ပြင်က မွတ်စလင် ဆိုင်တဆိုင်နဲ့ ဗလီတခုကို မီးရှို့ရာမှာ ဦးဆောင်တယ်လို့ စွပ်စွဲပြီး ရဲတဦးနဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တပါးကို တနင်္ဂနွေနေ့မှာ ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

ရဲတဦး၊ ဘုန်းကြီးတပါးနဲ့ တခြားလူ ၂ ယောက်က ကိုလံဘိုမြို့ပြင်က Panadura မှာရှိတဲ့ ဗလီတခုနဲ့ မွတ်စလင်ပိုင် စာအုပ်ဆိုင်တဆိုင်ကို ပြီးခဲ့တဲ့လက မီးရှို့ခဲ့တာကို စောင့်ကြည့် ကင်မရာတွေကနေ သိရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့ အကြီးအကဲ တဦးဖြစ်တဲ့ Priyantha Jayakody ကပြောပါတယ်။

အဖမ်းခံရတဲ့ ရဲအရာရှိဟာ ကိုလံဘိုမှာ တာဝန်ကျသူ တဦးဖြစ်ပြီး သူဟာ ဘာသာရေးတင်းမာမှုတွေ ဖြစ်အောင် လှုံ့ဆော်သူတဦးလို့ စွပ်စွဲခံနေရသူ ဖြစ်ကြောင်းလည်း Jayakody က ပြောပါတယ်။

အခုအဖမ်းခံခဲ့ရသူ ၄ ဦးဟာ ဗုဒ္ဓဘာသာ အစွန်းရောက် အဖွဲ့ကို ဦးဆောင်တဲ့ Galagodaatte Gnanasara နဲ့ အနီးကပ် ကျွမ်းဝင်သူတွေ ဖြစ်တယ်လို့လည်း ရဲကပြောပါတယ်။ ဒီအဖွဲ့ဟာ မွတ်စလင်ပိုင်စီးပွါးရေး လုပ်ငန်းတွေ၊ သချိုၤင်းတွေနဲ့ ဗလီဝတ်ကျောင်းတွေကို မီးရှို့တိုက်ခိုက်တဲ့ အဖွဲ့ လို့လည်း ပြောပါတယ်။

Gnanasara ဦးဆောင်တဲ့ အစွန်းရောက်အဖွဲ့ BBS ရဲ့ ဒါဇင်နဲ့ ချီ ကျူးလွန်ခဲ့တဲ့ မွတ်စလင်ဆန့်ကျင်ရေး အမုန်းတရား ပြန့်ပွါးအောင် လုပ်ဆောင်ရာမှာ ပါဝင်ပတ်သက်မှုနဲ့ သူ့ကို ဖမ်းဝရမ်း ထုတ်ထားတာ ဖြစ်ပြီး သူဟာအခု အဖမ်းမခံပဲ တိမ်းရှောင်နေတာ ဖြစ်ပါတယ်။

Gnanasara ဟာ မြန်မာနိုင်ငံမှာ ဘာသာရေး တင်းမာမှုတွေ ဖြစ်ပွါးအောင် အမုန်းတရာ ဟောပြောမှုတွေ လုပ်တယ်လို့ စွပ်စွဲထားတဲ့ မန္တလေးက ရဟန်းတော် တပါးဖြစ်တဲ့ ဦးဝီရသူနဲ့ အနီးကပ် ဆက်သွယ်မှု ရှိတယ်လို့လည်း ရဲက ပြောပါတယ်။ ဦးဝီရသူဟာ ၂၀၁၄ ခုနှစ်က Gnanasara ရဲ့ ဧည့်သည်တော် အဖြစ် သီရိလင်္ကာကို လာရောက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG