သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တွေဗုံးကွဲမှု သံသယရှိသူ ၇ ဦး ဖမ်းဆီးစစ်ဆေးနေ


စစ်တွေဗုံးကွဲမှု
စစ်တွေဗုံးကွဲမှု

ရခိုင်ပြည်နယ်အတွင်း စစ်တွေမြို့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနေအိမ် အပါအဝင် နေရာ ၃ နေရာမှာ ပြီးခဲ့တဲ့ ရက်က ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တာနဲ့ပတ်သတ်လို့ သံသရရှိတဲ့ သူနောက်ထပ် ၃ဦးကိုထပ်မံ ခေါ်ယူစစ်ဆေးမှုတွေ လုပ်နေတာကြောင့် အခုဆိုရင် လူ ၇ဦးတိတိကို အစိုးရဘက်က စစ်ဆေးမှုတွေလုပ်နေတယ်လို့ ဆိုပါတယ်။ စစ်ဆေးမှုတွေလုပ်နေ ပေမယ့် လက်သည်တရားခံကိုတော့မမိသေးပါဘူး။ ဒီသတင်းကိုဗွီအိုအေ မြန်မာပိုင်းကမေခပေးပို့ထားတာပါ။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဖေဖော်ဝါရီလ၂၄ ရက်နေ့မနက်ပိုင်းက ဗုံးပေါက်ကွဲမှု ၃ခါဖြစ်ခဲ့ပြီး မပေါက်သေးတဲ့ ဗုံး ၃လုံးကိုလည်းတွေ့ရှိခဲ့ကြရပါတယ်။ ပေါက်ကွဲမှု ၃ ခုလုံးက မနက်ပိုင်းမှာ ဖြစ်သွားခဲ့တာဖြစ်ပြီး ပေါက်ကွဲမူတခုကတော့ ရခိုင်ပြည်နယ် အစိုးရ အတွင်းရေးမှူး ဦးတင်မောင်ဆွေရဲ့ အိမ်နောက်ဖေးမှာ ဖြစ်သွားခဲ့တာလို့ ဆိုပါတယ်။ တခြား ပေါက်ကွဲမှု ၂ ခုကတော့ ပြည်နယ် တရားရုံးအနီးနဲ့ မြေစာရင်းရုံးတွေအနီးမှာ ဖြစ်သွားခဲ့တာပါ။

ဒီအတွက် သံသရရှိတဲ့သူတွေကိုခေါ်ယူစစ်ဆေးတာမှာ ဒီကနေ့ နောက်ဆုံးသိရတာကတော့ သံသရရှိသူ ၇ဦးကိုခေါ်စစ်နေတယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီး အောင်မြတ်မိုးကအခုလိုအတည်ပြုပြောကြားပါတယ်။

"၂၅မှာ ကျနော်တို့ မသင်္ကာတဲ့လူတွေကို လိုက်လံခေါ်ယူစစ်ဆေးနေပါတယ်။ စစ်ဆေးဆဲဘဲရှိသေးတယ်။ ကျနော်ဘယ်လိုမှမပြောနိုင်ဘူး။ ရက်ကတအားနု သေးတယ်လေ။ ကျနော်တို့က အရင်ဗုံးပေါက် ယမ်းပြားတွေနဲ့မိတဲ့သူတွေ၊ ပေါက်ကွဲမှုနဲ့ ထောင်ကျဖူးသူတွေ၊ ကျော်ဇောသတင်းရှိခဲ့ဖူးသူုတွေ အဲလိုလူတွေကို အဲဒါတွေကိုဘဲခေါ်ယူမေးမြန်းနေတာပါ။ ခုက ၇ယောက်ရှိပါတယ်ဗျ။ နာမည်တွေကတော့ထုတ်ပြောခွင့်မရှိလို့ပါ။ လုပ်နေကိုင်နေတုန်းမို့ပါဗျာ"

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ရက်နေ့မှာတော့ ဒီဗုံးပေါက်ကွဲမှုနဲ့ပတ်သတ်လို့ အစိုးရခေါ်ယူစစ်ဆေးတာမှာ ရခိုင်ပြည် အမျိုးသားကောင်စီ ANC ကတစ်ဦး ပါဝင်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

ဒါနဲ့ပတ်သတ်လို့ ရဲမှုးအောင်မြတ်မိုးကတော့ အတည်ပြုပြောဆိုတာမရှိဘဲ စစ်ဆေးနေဆဲမို့ ထုတ်ပြောခွင့်ကို ငြင်းဆန်ခဲ့ ပြီး ရခိုင်ပြည်အမျိုးသားကောင်စီ ANC အဖွဲ့ဝင်ပါခြင်းရှိမရှိကို သူက

" မရှိပါဘူး။ ကျနော်တို့ခုချိန်ထိစစ်ဆေးဆဲပါဘဲ။ ပေါ်ပေါက်ချက်ကိုလည်းပြောလို့မရသေးပါဘူး။ သူတို့ကိုလည်းတရားခံ လို့ပြောမရသေးပါဘူး။ ခုကစိစစ်ဆဲရှိပါသေးတယ်"

ဒီဗုံးပေါက်ကွဲမှုကြောင့် ရဲတပ်သားတစ်ဦးအပါအဝင် လူ ၂ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ တပ်မတော်က သတင်း ထုတ်ပြန်ထားပါတယ်။ ANC အဖွဲ့တာဝန်ရှိသူကို စုံစမ်းစစ်ဆေးဖို့ ခေါ်ယူခံရတာနဲ့ပတ်သတ်လို့ ANC အဖွဲ့ဘက်ကို အကြိမ်ကြိမ်ခေါ်ယူခဲ့ပေမယ့် ပြန်လည်ဖြေကြားတာမရှိ ခဲ့ပါဘူး။ အစိုးရဘက်ကတော့ အခုလူ ၇ယောက်ကို စစ်ဆေးဖို့ ခေါ်ယူထားတာသာဖြစ်တယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်က ခေါ်ယူ စစ်ဆေးခံရသူ ၄ ဦးမှာ ANC ကလူမှုရေးဌာန တာဝန်ခံဖြစ် ဦးနိုင်စိုး၊ သဲ၊ ကျောက် ရောင်းဝယ်ရေး လုပ်ကိုင်သူ ဦးမောင်သန်းရွှေ၊ အုပ်ချုပ်ရေးမှူးဟောင်း ဦးရွှေထွန်းအောင်နဲ့ ဦးမောင်ဦးမြင့်တို့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ နောက်ထပ်ခေါ်ယူထားသူ ၃ဦးနာမည်တွေကိုတော့ဒေသခံတွေလည်းမသိသေးပါဘူး။

လက်ရှိစစ်တွေမြို့ပေါ်လုံခြုံရေးနဲ့ပတ်သတ်လို့ မြို့မိမြို့ဖတဦးဖြစ်တဲ့ ဦးသန်းထွန်းကတော့

" မြို့ပေါ်လုံခြုံရေးပြောရင်တော့ ဗုံးပေါက်တဲ့နေရာက မြို့ဆင်ခြေဖုံးပေါ့နော်။ လူနေထူတဲ့နေရာတော့မဟုတ်ဘူး။ လူနေကျဲတဲ့နေရာပေါ့ အဲလိုနေရာက။ ပေါက် ကွဲမှုဖြစ်တာ စိုးရိမ်မှုမရှိဘူးလားတော့မဟုတ်ဘူး။ ဒီမြို့ပေါ်မှာ တခါမှဒီလိုမဖြစ်တော့ အနည်းအကျဉ်းတော့စိုးရိမ်မှုရှိတာပေါ့လေ။ လုံခြုံရေးအနေအထားလည်း ထိန်းထိန်းသိမ်းသိမ်းတင်းတင်းကျပ်ကျပ်လုပ်ထားတယ်။ လောလောဆယ်တော့ ဒီလိုပါဘဲ။ "

လက်ရှိမှာ စစ်တွေမြို့ပေါ်မှာတော့ လုံခြုံရေးတင်းကျပ် ထားတယ် လို့ဒေသခံတွေက ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG