သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ဒဏ်သင့် ရခိုင်ပြည်နယ်မှာ ကျန်းမာရေး ပြဿနာတွေနဲ့ကြုံ


ရခိုင်ပြည်နယ်၊ ဂွမြို့နယ်မှာ ကလေးငယ်တွေနဲ့ အသက်ကြီးသူတွေ အဖြစ်များတဲ့ ယားနာရောဂါများကို တွေ့ရစဉ်
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်မှာ ကလေးငယ်တွေနဲ့ အသက်ကြီးသူတွေ အဖြစ်များတဲ့ ယားနာရောဂါများကို တွေ့ရစဉ်

ရခိုင်ပြည်နယ်မှာ စစ်ဘေးဒဏ်ခံနေကြရတဲ့အထဲ အရေပြားရောဂါဖြစ်ပွားတာတွေကိုပါ ကြုံနေရ တယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။ ဂွမြို့နယ်မှာဆိုရင် ကလေးငယ်တွေ အပါအဝင် အရေပြားရောဂါဖြစ်သူတွေရှိနေပြီး ကုသမှုခံယူဖို့လည်း ခက်ခဲနေတယ်လို့ ပြောပါတယ်။

စစ်ဒဏ်သင့်ရခိုင်ပြည်နယ်က ကျန်းမာရေးပြဿနာ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး တင်ပြထားပါတယ်။

အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်မှာ အသက် ၁၀ နှစ်အောက် ကလေးတွေနဲ့ အသက်ကြီးသူတွေ အရေပြားယားယံတာဖြစ်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။ အရေပြားယား ယံသူတွေထဲမှာ တချို့က အနာစိမ်းပေါက်တာနဲ့ အနာခြောက်ပုံစံပေါက်တာမျိုးတွေလည်း တွေ့ရတယ်လို့ ဂွမြို့နယ် စစ်ဘေးရှောင်ကူညီရေး ပူးပေါင်းအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုနိုင်အောင်လင်းက ပြောပါတယ်။

"စစ်ရှောင်စခန်းတွေမှာ အရေပြားယားယံတာတွေက စပြီးတော့ရှိလာပါတယ်။ ပြင်းပြင်းထန်ထန် ခံစားရ တာမျိုးတော့ မဟုတ်သေးပါဘူး။ ဒေသခံ ပြည်သူတွေမှာကတော့ ကျိန္တလီတိုက်နယ်ထဲမှာရှိတဲ့ ကျေးရွာ ၁၂ ရွာလောက်ပေါ့။ လူဦးရေကတော့ ၃,၀၀၀ ဝန်းကျင်လောက်ရှိတယ်။ ဒီကျေးရွာ ၁၂ ရွာကဒေသခံ ပြည်သူ တွေကတော့ အရေပြားယားနာဝေဒနာကို တော်တော်လေး ပြင်းပြင်းထန်ထန် ခံစားနေရတယ်။"

စစ်ဘေးရှောင်သုံးထောင် (၃,၀၀၀) ကျော်ရှိနေတဲ့ ဂွမြို့နယ်မှာ ယားနာဝေဒနာဖြစ်သူအများစုက ဒေသခံတွေ ဖြစ်ပါတယ်။ အရင်အစဉ်အဆက်က ဂွမြို့နယ်မှာ အခုလို အရေပြားယားယံတာမျိုးတွေမရှိခဲ့ဘူးလို့ ကိုနိုင်အောင်လင်းက ပြောပါတယ်။ အခုချိန် စစ်ပွဲအလွန်ကာလမှာ တကိုယ်ရေသန့်ရှင်းမှု၊ ကျန်းမာရေး စောင့်ရှောက်မှု မရတာနဲ့ အစာအာဟာရလိုအပ်ချက်တွေကြောင့် အရေပြားယားယံတာတွေ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

"လွန်ခဲ့တဲ့တလလောက်ကပဲ ဒေသခံပြည်သူတွေရော၊ စစ်ရှောင်တွေရောမှာ အရေပြားမှာ ယားယံတာက နေပြီးတော့ လက်တွေမှာယားနာတွေ စပြီးတော့ အနည်းငယ်ခံစားလာရတယ်။ ဒီ နှစ်လပိုင်းပထမပတ်မှာ သူတို့တွေ ခန္ဓာကိုယ်အနှံ့ကို ပျံ့နှံ့ပြီးတော့ တော်တော်လေး ပြင်းပြင်းထန်ထန် ခံစားလာရတယ်။"

ဂွမြို့နယ်မှာ ပြန်လည်ထူထောင်ရေးနဲ့အတူ စစ်ဘေးရှောင်ကူညီရေး လုပ်ငန်းတွေကိုလည်း တပြိုင်တည်း လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းရန်နဲ့ လက်နက်အန္တရာယ်ကြောင့် တခြားနေရာကနေ ရောက်လာတဲ့ စစ်ရှောင်တွေလည်း ဂွမြို့နယ်မှာ ရှိနေတာပါ။

"စစ်ပွဲကာလဖြစ်တာကြောင့် ကျနော်တို့ ရခိုင်ပြည်ထဲမှာ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေရှားပါတယ်။ စျေးနှုန်း ကြီးမားတယ်။ စားနပ်ရိက္ခာက လက်ရှိအနေအထားမှာ အဆင်ပြေပေမဲ့ ဆေးဝါးတွေကတော့ စျေးနှုန်းကြီးမားတယ်။ နောက်တခုက ဝယ်ရတာရှားပါးတယ်။ ရခိုင်ပြည်နယ်ထဲကို ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ သယ်ယူမယ်ဆိုရင်လည်း စစ်ကောင်စီဂိတ်တွေက ပေးမဖြတ်တဲ့အခါကျတော့ ဒေသခံပြည်သူတွေအတွက် ဆေးဝါးနဲ့ စားနပ်ရိက္ခာက ဝယ်ရတာအဆင်မပြေဘူး။"

ဒေသအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးအပါအဝင် ကုန်သွယ်ရေးဟာ ဧရာဝတီတိုင်းဘက်ကနေ အဓိက စီးဆင်းနေတာပါ။ အခုချိန်မှာ စစ်ရေးပဋိပက္ခကြောင့် ကုန်သွယ်ရေးလည်း ရပ်တန့်နေပါတယ်။ စားနပ် ရိက္ခာအတွက် ဒေသထဲမှာ ဝယ်ယူလို့ရသေးပေမယ့် ဆေးဝါးကတော့ တော်တော်လေးရှားပါးနေတယ်လို့ သိရပါတယ်။ အခုလို ကူးစက်တတ်တဲ့ အရေပြားယားယံ ဝေဒနာတွေ ခံစားလာရချိန်မှာ ဆေးဝါး မလုံလောက်တဲ့ ပြဿနာတွေရှိနေပြီး ကူညီနေသူတွေကလည်း ဆေးဝါးဝယ်ယူနိုင်ဖို့အတွက် အခက်အခဲတွေ ရင်ဆိုင်နေရပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG