သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုမာလီယာ ကားဗုံးဖောက်ခွဲမှု လူ ၂၇၀ ကျော်သေ


ဆိုမာလီနိုင်ငံ၊ မိုဂါဒစ်ရှုးမြို့တော်မှာ စနေနေ့က ကြီးမားတဲ့ ကားဗုံးဖောက်ခွဲမှုကြောင့် သေဆုံးသူ ၂၇၀ ကျော် နီးပါးရှိသွားပြီဖြစ် တာကြောင့် နိုင်ငံသမိုင်းမှာ အထိအခိုက်အများဆုံး တိုက်ခိုက်မှုဖြစ်သွားပါတယ်။

သေဆုံးသူအရေအတွက် ၂၇၆ ယောက်ရှိပြီး ဒဏ်ရာရသူ ၃၀၀ နီးပါးရှိတယ်လို့ ဆိုမာလီ ပြန်ကြားရေးဝန်ကြီး Abdirahman O. Osman က Twitter မှာရေးတာပါ။

ကင်ညာ၊ အီသီယိုးပီးယားနဲ့ တူရကီနိုင်ငံတွေက ဆေးဘက်ဆိုင်ရာ အကူအညီတွေ ပေးပို့တဲ့အတွက် ကျေးဇူးတင်စကားကိုလဲ ဝန်ကြီး Osman က တခြား tweet တွေမှာ ရေးထားပါတယ်။

ဒီတိုက်ခိုက်မှုအပေါ် ဒေါသထွက်သူတွေ ဆန္ဒပြကြပြီး အယ်လ်-ရှာဘတ်အစွန်းရောက်အဖွဲ့ကို ပြစ်တင် ရှုတ်ချကြပါတယ်။ မိုဂါဒစ်ရှုးမြို့တော်က တိုက်ခိုက်မှုတွေကို သူတို့လက်ချက်ဖြစ်ကြောင်း ကြေညာလေ့ရှိတဲ့ အယ်လ်-ရှာဘတ်စစ်သွေးကြွအဖွဲ့က တော့ အခုချိန်ထိ ဘာမှမပြောသေးပါဘူး။ ဒါပေမဲ့ ဆိုမာလီအစိုးရနဲ့ အကြမ်းဖက်ဝါဒစွဲလုပ်ရပ်ဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ ဒီအဖွဲ့လက်ချက်ဖြစ်တယ်လို့ အခိုင်အမာ ယူဆထားကြပါတယ်။

သူတို့ ကြေညာသည်ဖြစ်စေ၊ မကြေညာသည်ဖြစ်စေ၊ ဘာမှမထူးခြားပါဘူး၊ အခုဖြစ်သွားတာဟာ အယ်လ်-ရှာဘတ်လက်ချက် ဖြစ်တယ်ဆိုတာ ကျနော်တို့ သိပါတယ်၊ အခုချိန်ထိ ရထားသမျှ သတင်းတွေအရ အခင်းဖြစ်ရပ်မှာ သူတို့ရဲ့ လက်စလက်နတွေ ပါနေပြီး အယ်လ်-ရှာဘတ်လက်ချက်ပဲဆိုတာ ပြနေပါတယ်လို့ ဆိုမာလီ ထောက်လှမ်းရေးအရာရှိဟောင်း Abdi Hassan Hussein က ဗွီအိုအေကိုပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG