သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်မှာ ပုဂ္ဂလိကဆေးရုံတချို့ ပိတ်


ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက် ကုသမှုခံယူနေသည့် လူနာအချို့။ (အောက်တိုဘာ ၁၅၊ ၂၀၁၃) (AP)
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက် ကုသမှုခံယူနေသည့် လူနာအချို့။ (အောက်တိုဘာ ၁၅၊ ၂၀၁၃) (AP)

ရန်ကုန်မှာ ပုဂ္ဂလိကဆေးရုံတချို့ ယာယီ ပိတ်သိမ်းကြောင်း ကြေညာပါတယ်။ ဆေးရုံပြင်ဆင်ဖို့ အတွက်ဆိုတဲ့ အကြောင်းပြချက်မျိုး ပြောထားပေမဲ့ ဘယ်အချိန် ဆေးရုံလုပ်ငန်းတွေ ပြန်လည် လည်ပတ်နိုင်မလဲ ဆိုတာကိုတော့ ကြေညာမထားပါဘူး။ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံမှာ ဖွင့်လှစ်ထားတဲ့ သမိုင်း အထွေထွေရောဂါ အထူးကုဆေးရုံကို ပြင်ဆင်မွမ်းမံရန်အတွက်ဆိုပြီး မတ်လ ၁ ရက်နေ့ကစလို့ ပိတ်မယ့်အကြောင်း ကြေညာပါတယ်။ ဆေးရုံကို ဘယ်အချိန်မှာ ပြန် လည်ပတ်နိုင်မလဲဆိုတာ မသိရသေးကြောင်း ဝန်ထမ်းတဦးက ဗွီအိုအေကိုပြောပါတယ်။

"ဘယ်အချိန်ထိ ပိတ်မယ်ဆိုတာတော့ မသိရသေးဘူးရှင့်။ ဆေးရုံမှာက ဝန်ထမ်းတွေလည်း သိပ်မရှိဘူး။ လူနာလည်းမရှိဘူး။ ဝန်ဆောင်မှုလည်း ပေးနေတာ ဘာမှမရှိဘူး။"

ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိကဆေးရုံတွေထဲက ၉ ခုထက်မနည်းကို ယာယီပိတ်သိမ်းမယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ အဲဒီထဲမှာ နာမည်ကြီး လူသိများတဲ့ ပုဂ္ဂလိက ဆေးရုံကြီးတွေလည်း ပါဝင်ပါတယ်။ အခု ယာယီပိတ်ထားမယ့်အကြောင်း ကြေညာထားတဲ့ ပုဂ္ဂလိကဆေးရုံတွေထဲမှာ အခြေခံနဲ့ လူလတ်တန်းစားတွေ အဓိကအားထားပြီး ပြသနေတဲ့ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်က ကောင်းစုအောင်ဆေးရုံလည်း ပါဝင်ပါတယ်။ မတ်လ ၁ ရက်နေ့ကစပြီး ခေတ္တခဏ ပိတ်ထားမယ်လို့ ဆေးရုံဘက်က ကြေညာထားပြီး ဆေးခန်းကိုတော့ ဆက်ပြီးဖွင့်ထားတယ်လို့ ဝန်ထမ်းတဦးက ပြောပါတယ်။

"ဆေးရုံက လောလောဆယ် ယာယီပိတ်လိုက်ပြီ။ ဘယ်အချိန် ပြန်ဖွင့်မယ်ဆိုတာ အတိအကျ ပြောလို့မရသေးဘူး။ ယာယီပိတ်ထားတာ ဆိုတော့လေ အတိအကျ မပြောသေးလို့နော်။ ကောင်းစုအောင် ဆေးခန်းဘက်မှာ ဘိုကင်ဆက်လုပ်လို့ ရပါတယ်။"

ပုဂ္ဂလိကဆေးရုံတချို့ ယာယီပိတ်သိမ်းထားတဲ့ အခြေအနေနဲ့ပတ်သက်လို့ ကျန်းမာရေးဝန်ကြီးဌာနက တစုံတရာ ထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကစပြီး ရန်ကုန်၊ မန္တလေးနဲ့ မော်လမြိုင်မှာရှိတဲ့ ပုဂ္ဂလိကဆေးရုံတချို့ကိုတော့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ဝန်ထမ်း ခန့်ထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ယာယီပိတ်သိမ်းတာမျိုး ရှိခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံမှာ လုပ်ငန်းလိုင်စင် ခွင့်ပြုထားတဲ့ ပုဂ္ဂလိကဆေးရုံ ၂၉၅ ရုံရှိတယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြထားပါတယ်။ လုပ်ငန်းလိုင်စင် စည်းကမ်းတွေ လိုက်နာဖို့ ပျက်ကွက်တဲ့ ကျန်းမာရေးလုပ်ငန်းတွေကို အရေးယူတာတွေ ပြုလုပ်နေတယ်လို့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မေလ ၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း အစည်းအဝေးမှာ ဒေါက်တာသက်ခိုင်ဝင်းက ပြောခဲ့ပါတယ်။

ပုဂ္ဂလိက ဆေးရုံတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသူတွေဟာ သက်တမ်းရှိတဲ့ သတ်မှတ်လိုင်စင် ရှိရမှာဖြစ်ပြီး တည်ဆဲဥပဒေနဲ့ ငြိစွန်းထားသူတွေ မဖြစ်စေရေးကိုလည်း စိစစ်ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးက ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG