သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ခိုက်မှုကြောင့် အထိနာရတဲ့ ကျန်းမာရေးကဏ္ဍ


လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော ကျောက်တော်မြို့နယ်၊ ဝဲကြီးထောင့်ဆေးရုံကို တွေ့ရ။ (Photo: AA Info Desk မေလ ၂၀၂၄)
လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော ကျောက်တော်မြို့နယ်၊ ဝဲကြီးထောင့်ဆေးရုံကို တွေ့ရ။ (Photo: AA Info Desk မေလ ၂၀၂၄)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍက လူပုဂ္ဂိုလ်နဲ့ အဆောက်အအုံ အကြမ်းဖက် တိုက်ခိုက်ခံရမှုနဲ့ ဟန့်တားနှောင့်ယှက်ခံရမှု ၁,၅၇၄ မှု ဖြစ်ခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)က သုတေသန အချက်အလက်တွေကို ကိုးကားပြီး ဖေဖော်ဝါရီ ၁၄ ရက် (သောကြာနေ့)မှာ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။

ဆွစ်ဇာလန်အခြေစိုက် Insecurity Insight သုတေသန အဖွဲ့ရဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့ထိ မှတ်တမ်းတွေမှာ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံ ၃၄၈ ခု ပျက်စီးခဲ့သလို ဆေးပေးခန်း၊ ဆေးရုံတွေကို ကျန်းမာရေး စောင့်ရှောက်မှုအတွက် မဟုတ်ဘဲ တခြား ရည်ရွယ်ချက်နဲ့ ဝင်ရောက်သုံးစွဲမှု အနည်းဆုံး ၂၀၂ ကြိမ် ဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကျန်းမာရေးဝန်ထမ်း ၁၃၆ ဦး သေဆုံးကာ ၈၃၆ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ ၂၀၂၄ ခုနှစ် ဇန်န၀ါရီလကစပြီး စစ်ကောင်စီ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရခိုင်ပြည်နယ် မြောက်ဦး၊ စစ်တွေနဲ့ သံတွဲ ခရိုင်တွေထဲမှာ ကျန်းမာရေး အဆောက်အအုံ ၁၅ ခု ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍက လူပုဂ္ဂိုလ်နဲ့ အဆောက်အအုံ အကြမ်းဖက်တိုက်ခိုက်ခံရမှုနဲ့ နှောင့်ယှက်ခံရမှု UNOCHA ရဲ့အစီရင်ခံစာ ( UNOCHA)
ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍက လူပုဂ္ဂိုလ်နဲ့ အဆောက်အအုံ အကြမ်းဖက်တိုက်ခိုက်ခံရမှုနဲ့ နှောင့်ယှက်ခံရမှု UNOCHA ရဲ့အစီရင်ခံစာ ( UNOCHA)


၂၀၂၄ ခုနှစ် မတ်လက စပြီး စစ်ကောင်စီကို ခုခံဆန့်ကျင်ကြတဲ့ တိုက်ပွဲတွေအတွင်း မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်ထဲက ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ နေရာတွေ ထိခိုက်မှုဖြစ်စဥ်တွေလည်း တိုးလာခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ၂၀၂၃ ခုနှစ် နောက်ပိုင်းမှာ စစ်ကိုင်းတိုင်းဒေသကြီးထဲက တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ကြား လက်နက်ကိုင် တိုက်ပွဲတွေအတွင်းမှာ ပေါက်ကွဲစေတတ်တဲ့ လက်နက်တွေ အသုံးပြုမှုဖြစ်စဉ်တွေ အရေအတွက် တိုးမြင့်လာခဲ့တယ်လို့လည်း UNOCHA က နှစ်ပတ်တခါ ထုတ်ပြန်တဲ့ မြန်မာနိုင်ငံအခြေအနေပြ အစီရင်ခံစာမှာ သုတေသနမှတ်တမ်းကို ကိုးကားပြီး ဖော်ပြပါတယ်။

Insecurity Insight သုတေသနအဖွဲ့ဟာ အန္တရာယ်ရှိတဲ့ ဒေသတွေမှာ နေထိုင်ပြီး အလုပ်လုပ်ကိုင် နေရသူတွေ ရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှုတွေကို လေ့လာဆန်းစစ် မှတ်တမ်းပြုစုတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။


စစ်ကောင်စီဘက်ကတော့ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှု ဖြစ်စဥ်တွေက အရပ်သားနဲ့ အရပ်ဘက် အဆောက်အအုံတွေ ထိခိုက်ပျက်စီးမှုတွေကို အမြဲ ငြင်းဆိုလေ့ရှိပါတယ်။

ဒါပေမယ့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သား ၅,၃၅၀ သေဆုံးခဲ့တယ်လို့ ဆိုထားပြီး အဲဒီထဲမှာ ၂,၄၁၁ ဦး က ၂၀၂၃ ခုနှစ် ဧပြီလကနေ ၂၀၂၄ ခုနှစ် ဇွန်လအတွင်း သေဆုံးခဲ့တာဖြစ်ပြီး ဒါဟာ မှတ်တမ်းပြုစုတဲ့ ကပ်လျပ် အစီရင်ခံကာလနဲ့ နှိုင်းယှဉ်ရင် သေဆုံးမှု ၅၀ ရာခိုင်နှုန်း တိုးလာတာ ဖြစ်ပါတယ်။ လေကြောင်းနဲ့ အမြောက် တိုက်ခိုက်မှုတွေကြောင့် ရာနဲ့ချီ လူသေဆုံးခဲ့တာလို့လည်း ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG