(Zawgyi / Unicode)
တောင်အာရှနိုင်ငံတချို့မှာ COVID-19 ကာလအတွင်း ဒုတိယနှစ်အဖြစ် ကျောင်းတွေ ဆက်ပြီး ပိတ်ထားတာမို့ ကလေးငယ် သန်း ၄၀၀ ကျော်ဟာ ထိခိုက်ခံစားကြရမယ်လို့ ကမ္ဘာ့ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ အစီရင်ခံစာတရပ်က ဆိုပါတယ်။
တောင်အာရှဒေသတွင်း နိုင်ငံတွေက ကျောင်းတွေကို အပြည့်အဝ ပြန်လည်ဖွင့်လှစ်ဖို့ UNICEF က တိုက်တွန်းထားပြီး လေ့လာသင်ကြားမှု မရှိခြင်းရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေဟာ ကြီးမားတယ်လို့ သတိပေးထားပါတယ်။ အဝေးကနေ အွန်လိုင်းနဲ့ သင်ကြားပေးဖို့ကလည်း အကန့်အသတ်နဲ့ ရှိနေတာမို့ အဆိုပါဒေသတွေမှာ စာမသင်ကြားရတာ ကာလတာရှည်နေတယ်လို့ ဆိုပါတယ်။
ကလေးအခွင့်အရေးနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေက ရရှိခဲ့တဲ့ အောင်မြင်မှုတွေဟာ အခုအခါ အန္တရာယ်ကျရောက်တဲ့ အနေအထားကို ရောက်သွားပြီလို့ UNICEF ရဲ့ တောင်အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး George Laryea-Adjei က ပြောပါတယ်။
ဒါကို ဆောင်ရွက်ဖို့ ပျက်ကွက်မယ်ဆိုရင် COVID-19 ရဲ့ အကျိုးသက်ရောက်မှုကို နောက်ဆယ်စုနှစ်တွေအထိ ခံစားကြရမယ်လို့လည်း ပြောဆိုသွားပါတယ်။
တောင်အာရှနိုင်ငံတွေက ကျောင်းပိတ်ရက်တွေဟာ ကမ္ဘာ့ အခြားဒေသတွေက ကျောင်းပိတ်ရက်တွေထက် ပိုမိုရှည်ကြာခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဆိုရင် ၁၈ လတာ ပိတ်ခဲ့ရပြီး အိန္ဒိယနဲ့ နီပေါနိုင်ငံတွေမှာတော့ ကျောင်းတွေကို တစိတ်တပိုင်းသာ ပြန်ပြီးဖွင့်နိုင်ကြပါတယ်။
-------------------------
(Unicode)