သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ်ပြင် စောင့်ကြည့် Drone အပေါ် တရုတ်သဘောထား


 ScanEagle ဒရုန်းယာဉ် ကို ဖိလစ်ပိုင် လေတပ်မှ လေ့လာစဉ်
ScanEagle ဒရုန်းယာဉ် ကို ဖိလစ်ပိုင် လေတပ်မှ လေ့လာစဉ်

တောင်တရုတ်ပင်လယ်ပြင်ထဲမှာ တရုတ်နဲ့ပိုင်နက်အငြင်းပွားနေတဲ့ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ် နိုင်ငံ ၃ နိုင်ငံ အပါအဝင် အရှေ့တောင်အာရှ နိုင်ငံ ၄ နိုင်ငံကို ScanEagle ဒရုန်းယာဉ် အစင်း ၃၀ ကျော်ရောင်းချခွင့် Insitu Inc ကုမ္ပဏီကို အမေရိကန်ကာကွယ်ရေးဌာနက ခွင့်ပြုလိုက်ပါတယ်။ တောင်တရုတ်တရုတ်ပင်လယ်ပြင် ဒေသနဲ့ ပတ်သက်ပြီး အမေရိကန်တွေ ဝင်ရောက်စွက်ဖက်ဖို့ ကြိုးစားနေတယ်လို့ ရှုမြင်တဲ့ တရုတ်အစိုးရဘက်က ဒီကိစ္စအတွက် ဘယ်လို တုံ့ပြန်နိုင်တယ်ဆိုတာကို ဒေသတွင်း ကျွမ်းကျင်သူတွေနဲ့ Ralph Jennings မေးမြန်းထားတာကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက Insitu Inc ကုမ္ပဏီကို မေလ ၃၁ ရက်နေ့က ဒေါ်လာ ၄၇.၉ ဘီလျံတန်ဖိုးရှိတဲ့ ScanEagle ဒရုန်းယာဉ် ၃၄ စင်းကို အရှေ့တောင်အာရှက မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှား နိုင်ငံတွေကို ရောင်းချခွင့် ပေးလိုက်တာပါ။ ဒီ ၄ နိုင်ငံစလုံးဟာ လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း သူတို့ရေပိုင်နက်ထဲ ဝင်ရောက်လာတဲ့ တရုတ်သင်္ဘောတွေကြောင့် တရုတ်နဲ့ အခြေအတင်ပြောဆိုရတဲ့ အခြေနေရောက်ခဲ့သူတွေပါ။

ဟောင်ကောင်ကနေ ဘော်နီယိုကျွန်းကြား ကျယ်ဝန်းတဲ့ တောင်တရုတ်ပင်လယ်ပြင်မှာ အမေရိကန်နဲ့ ရေပြင်ပိုင်နက် ပြဿနာ မရှိပေမယ့် ဒီပင်လယ်ပြင်ကို နိုင်ငံတကာရေကြောင်းသွားလာရေးအတွက် လမ်းပွင့်နေဖို့ တော့ အမေရိကန်ဘက်က လိုလားနေပါတယ်။ တောင်တရုတ်ပင်လယ်ပြင်ဒေသရဲ့ ၉၀ % ကို တရုတ်က သူတို့ပိုင်နက်အဖြစ် ကြေညာထားတာဖြစ်ပြီး အဲဒီမှာ အမေရိကန်က ရေတပ်သင်္ဘောကြီးတွေ မောင်းနှင်ခဲ့သလို ဒေသတွင်းက အာရှနိုင်ငံတွေနဲ့ပါ စစ်ရေးဆက်ဆံမှုတွေ မြှင့်တင်ခဲ့တာပါ။

ဒါကြောင့် ဒီရေပြင်ကို စောင့်ကြည့်နိုင်တဲ့ ဒရုန်းယာဉ်တွေရောက်လာမှာနဲ့ ပတ်သက်ပြီး အမေရိကန်ဘက်က ထိုးနှက်တိုက်ခိုက်မှု တခုအဖြစ် တရုတ်ဘက်က ကန့်ကွက်ပြောဆို လာနိုင်တဲ့အပြင် စီးပွါးရေးအရပါ ပြင်းပြင်းထန်ထန် တုန့်ပြန်ဖို့ ဖြစ်လာနိုင်တယ်လို့ ဒေသတွင်း ကျွမ်းကျင်ပညာရှင် တချို့က ယုံကြည်ကြပါတယ်။

ဂျပန်နိုင်ငံ တိုကျိုမြို့တော် International Christian တက္ကသိုလ်က နိုင်ငံရေးနဲ့ နိုင်ငံတကာ လေ့လာရေး အကြီးတန်း တွဲဖက် ပါမောက္ခ Stephen Nagy က အခုလို ပြောပါတယ်။

“အခုလို မောင်းသူမဲ့ ဒရုန်းယာဉ်တွေ ရောင်းချမှုဟာဆိုရင် တရုတ်ဘက်က သူ့ရဲ့ အဓိက အကျိုးစီးပွားလို့ ရှုမြင်ထားတဲ့ တောင်တရုတ် ပင်လယ်ပြင် အရေးမှာ အမေရိကန်ရဲ့ ကြားဝင် စွက်ဖက်မှု အဖြစ် ရှုမြင်မယ်လို့ ကျနော် ထင်ပါတယ်။ နောက်ပြီးတော့ တရုတ်တို့ရဲ့ အဓိက အကျိုးစီးပွားတွေ အပေါ် အမေရိကန်ဘက်က ထိပါးဖို့ ကြံစည်မှုဆိုပြီး ပြည်တွင်းမှာ ထင်ယောင်ထင်မှာ ပိုဖြစ်လာစေရေး ဒီအချက်ကို အခွင့်ကောင်း အဖြစ် တရုတ်ဘက်က အသုံးချပါလိမ့်မယ်။”

အမေရိကန်ဒရုန်းတွေကို Insitu ကုမ္ပဏီက မလေးရှားကို ၁၂ စင်း၊ အင်ဒိုနီးရှားကို ၈ စင်း၊ ဖိလစ်ပိုင်ကို ၈ စင်းနဲ့ ဗီယက်နမ်ကို ၆ စင်း ရောင်းချခွင့် ပေးထားတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှာ ဖေါ်ပြထားပါတယ်။ ဒီ ဒရုန်းတွေနဲ့ အတူ အပိုပစ္စည်းတွေနဲ့ အထောက်အကူ ကရိယာတွေ အပြင် တရုတ်ရေကြောင်း လှုပ်ရှားမှုဆိုင်ရာကို ဝေဟင်ကနေ စောင့်ကြည့်စစ်ဆေးတဲ့ ပစ္စည်းတွေ အသုံးပြုနည်းပါ သင်တန်းပေးဖို့ ပါဝင်ပြီး အဲဒီနိုင်ငံတွေကို ၂၀၂၂ မှာနောက်ဆုံးထား ပေးပို့ရမှာ ဖြစ်ပါတယ်။

တောင်တရုတ်ပင်လယ်ပြင်ထဲ တရုတ်နဲ့ ပိုင်နက်အငြင်းပွားကြတဲ့ထဲမှာ အင်ဒိုနီးရှားမပါပေမယ့် တရုတ်သဘောၤတွေဟာ သူတို့ရဲ့ Natuna ကျွန်းနားကို တခါတလေမှာ ရောက်လာတတ်တဲ့ စိန်ခေါ်မှုမျိုးကြုံရတဲ့အတွက် သူတို့လည်း ဝယ်ဖို့ လုပ်နေတာပါ။ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ် ၃ နိုင်ငံကတော့ တရုတ်နဲ့ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတာဖြစ်ပြီး နိုင်ငံတကာဥပဒေအရ သူတို့ရဲ့ ရေပြင်ပိုင်နက် စီးပွါးရေးဇုံကို တရုတ်က ပိုင်ဆိုင်ကြောင်း ကြေညာထားတာဖြစ်ပါတယ်။

အခုလို ဒရုန်းယာဉ်တွေ ပြိုင်ဘက်နိုင်ငံငယ်လေးတွေကို ရောင်းချပေးတာနဲ့ ပတ်သက်ပြီး တရုတ်ဘက်က ကြီးကြီးကျယ်ကျယ် ဘာမှ ပြောတာ မတွေ့ရဘူးလို့ စကာၤပူ အမျိုးသား တက္ကသိုလ် ပြည်သူ့ရေးရာ မူဝါဒကျောင်းက တွဲဖက် ပါမောက္ခ Eduardo Araral က ပြောပါတယ်။

“တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရရဲ့ တုံ့ပြန်ချက်ကိုကြည့်ရင် သိပ်မပြင်းထန်ဘူးဆိုတာ တွေ့ရမှာပါ။”

ဒီဒရုန်းယဉ်တွေဟာ ထောက်လှန်းရေးအတွက် သက်သက်ပဲလို့တော့ သတ်မှတ်လို့ မရပါဘူး။ တရုတ်ဟာ အရင်ကတည်းက ဒီပင်လယ်ပြင်ထဲမှာ ငါးလုပ်ငန်း၊ ရေနံ၊ သဘာဝဓါတ်ငွေ့နဲ့ စီးပွါးဖြစ် သဘောၤလိုင်းတွေအတွက် သူ့ရဲ့ ဒရုန်းတွေ ရေဒါစနစ်တွေကို သုံးခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် အမေရိကန်ရဲ့ ဒရုန်းတွေကြောင့် တရုတ်ဘက်က အပြောင်းလဲတရပ် ဖြစ်လာဖို့ မမြင်ဘူးလို့ ဝါရှင်တန် ဒီစီက Stimson Center က အရှေ့အာရှရေးရာ အစီအစဉ်ရဲ့ အကြီးတန်း တာဝန်ခံ Yun Sun က ပြောပါတယ်။

“ဒါပေါ့ရှင်။ သူတို့က ဒါကို မကြိုက်ပါဘူး။ ဒါပေမယ့် တောင်တရုတ် ပင်လယ်ပြင် အတွင်း အခြေအနေတွေ တကယ်ပဲ ပြောင်းလဲသွားပါ့မလား ဆိုရင်တော့ မပြောင်းလဲနိုင်ပါဘူး။ အထူးသဖြင့်တော့ လက်ရှိ တရုတ်နဲ့ ဒီအရှေ့တောင် အာရှ နိုင်ငံများရဲ့ ဆက်ဆံရေးကို ထည့်သွင်း စဉ်းစားမယ်ဆိုရင် အားလုံးက ထိန်းချုပ်မှုအောက်မှာ ရှိတယ်လို့ ရှုမြင်ရမှာပါ။ အနည်းဆုံးတော့ တရုတ်ဘက်က ရှုမြင်ချက် အရပေါ့ရှင်။”

ဒါ့အပြင် တရုတ်အနေနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေကြား သူ့သြဇာပိုခိုင်မာလာစေဖို့ အတွက် ကြိုးစားနိုင်တယ်လို့လည်း သုံးသပ်ကြပါတယ်။ ဖြစ်နိုင်တာကတော့ ဒီအရှေ့တောင်အာရှ နိုင်ငံတွေကို တရုတ်နဲ့ အမေရိကန် ဘယ်သူ့ကို ရွေးမလဲလို့ ဖိအားပေး လာနိုင်တယ်လို့ ဆိုပါတယ်။ ဒီလို လုပ်တဲ့အခါ အမေရိကန်က ဒီနိုင်ငံတွေနဲ့ စီးပွားရေးပတ်သက်မှုက တရုတ်နိုင်ငံလောက် မရှိတဲ့အတွက် အဓိက စီးပွါးရေးအရ သူ့ဘက်ပါအောင် တရုတ်က ဆွဲဆောင်နိုင်ချေရှိနေတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG