သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား တိုက်ချင်းပစ်မစ်ဇိုင်းဒုံး စမ်းသပ်မှု တောင်ကိုရီးယားနဲ့ ဂျပန် ပြစ်တင်ဝေဖန်


တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော် ဘူတာရုံတခု ရုပ်မြင်သံကြားမှာတွေ့ရတြ့ မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ်ပဲ့ထိန်းတပ်ဒုံးကျည်စမ်းသပ်နေပုံ (အောက်တိုဘာ ၃၁၊ ၂၀၂၄)
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော် ဘူတာရုံတခု ရုပ်မြင်သံကြားမှာတွေ့ရတြ့ မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ်ပဲ့ထိန်းတပ်ဒုံးကျည်စမ်းသပ်နေပုံ (အောက်တိုဘာ ၃၁၊ ၂၀၂၄)

တိုက်ချင်းပစ် ပဲ့ထိန်းတပ်ဒုံးလက်နက်တခုကို မြောက်ကိုရီးယားက စမ်းသပ်ခဲ့တဲ့အပေါ် ဂျပန်နဲ့တောင်ကိုရီးယားတို့ အပြစ်တင် တုံ့ပြန်ခဲ့ပါတယ်။ ကမ္ဘာမှာ အင်အားအပြင်းဆုံး ဗျူဟာမြောက်လက်နက်အဖြစ် အဆင့်မြှင့်ထားတယ်လို့ ဆိုတဲ့ ဒုံးလက်နက် စမ်းသပ်ခဲ့ကြောင်း မြောက်ကိုရီယားကကြေညာခဲ့ပြီးနောက် လောင်စာခဲသုံး Missile ဒုံးတွေ ထုတ်လုပ်နိုင်တဲ့ ပစ္စည်းတွေ မြောက်ကိုရီယားဘက် တင်ပို့တာကို တောင်ကိုရီးယားက ကန့်သတ်လိုက်ပါတယ်။ မြောက်ကိုရီယားရဲ့ လုပ်ရပ်ဟာ ရန်စတဲ့လုပ်ရပ်ဖြစ်တယ်လို့ တောင်ကိုရီးယားပူးတွဲဦးစီးချုပ်များရဲ့ စစ်ဆင်ရေးဆိုင်ရာညွှန်ကြားရေးမှူးက ပြောကြားလိုက်ပါတယ်။

တိုက်ချင်းပစ် ပဲထိန်းတပ်ဒုံးပစ်လွှတ်မှုဟာ ရန်စတဲ့လုပ်ရပ်ဖြစ်သလို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ ပဲ့ထိန်းတပ်ဒုံး နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကန့်သတ်ချက်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာဖြစ်ပါတယ်လို့ တောင်ကိုရီးယားပူးတွဲဦးစီးချုပ်များရဲ့ စစ်ဆင်ရေးဆိုင်ရာညွှန်ကြားရေးမှူးက ဗိုလ်ချုပ် An Chan-myong ကပြောကြားခဲ့တာဖြစ်ပါတယ်။

မြောက်ကိုရီယားစမ်းသပ်ပစ်လွှတ်မှုကို တုံ့ပြန်တဲ့အနေနဲ့ တောင်ကိုးရီးယားနဲ့ အမေရိကန် လေတပ်‌တို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတခုကိုလည်း ဒီနေ့ကြာသပတေးနေ့မှာပဲ လုပ်ခဲ့ပါတယ်။ ၂ နိုင်ငံလေတပ်က F-16 တိုက်လေယာဉ်တွေ ပုံဖော်ပျံသန်းမှုတွေ လုပ်ခဲ့ကြပါတယ်။ တောင်ကိုရီးယားကနေ မြောက်ကိုရီယားနိုင်ငံကို တင်ပို့မှုတွေ ကန့်သတ်လိုက်တာမှာလည်း မြောက်ကိုရီးယားမှာ ထုတ်လုပ်ဖို့ ခက်ခဲတဲ့ အပူခံနိုင်တဲ့ပစ္စည်းတွေပါဝင်သလို လက်ရှိကန့်သတ်ထားတဲ့ နိုင်ငံတကာ ပို့ကုန်ထိန်းချုပ်မှုတွေကို ပိုပြီးတင်းကြပ်မယ်လို့ တောင်ကိုရီးယားနိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

မြောက်ကိုရီးယားရဲ့ အစိုးရပိုင် KCNA သတင်းဌာနက ထုတ်ပြန်လိုက်ထားတဲ့ တိုက်ချင်းပစ်ပဲ့ထိန်းတပ်ဒုံးကျည်စမ်းသပ်နေပုံ (အောက်တိုဘာ ၃၁၊ ၂၀၂၄)
မြောက်ကိုရီးယားရဲ့ အစိုးရပိုင် KCNA သတင်းဌာနက ထုတ်ပြန်လိုက်ထားတဲ့ တိုက်ချင်းပစ်ပဲ့ထိန်းတပ်ဒုံးကျည်စမ်းသပ်နေပုံ (အောက်တိုဘာ ၃၁၊ ၂၀၂၄)

မြောက်ကိုရီးယားဘက်က ပစ်လိုက်တဲ့ Missile ဒုံးဟာ မိနစ် ၉၀ နီးပါး လေထဲမှာ ပျံသွားပြီး မိုင် ၆၂၀ ကျော်အဝေးအထိ သွားခဲ့တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ ဒုံးပျံသွားတဲ့ အမြင့်ကလည်း မိုင် ၄၃၅၀ ကျော်အထိရောက်ခဲ့တယ်လို့ ပြောပါတယ်။ ဂျပန်စီးပွားရေးအထူးဇုံကနေ မိုင် ၁၂၄ မိုင်လောက်အကွာကို ကျခဲ့တဲ့ တိုက်ချင်းပစ်ဒုံးပစ်လွှတ်မှုကို ဂျပန်က ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

တရုတ်နိုင်ငံကလည်း ကိုရီးယားကျွန်းဆွယ်မှာ ဖြစ်ပျက်သမျှကိစ္စတွေအပေါ် စိုးရိမ်ကြောင်းနဲ့ တည်ငြိမ် အေးချမ်းရေးအတွက် သက်ဆိုင်သူအားလုံး နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်လို့ မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဌာနက ပြောကြားခဲ့ပါတယ်။

Forum

XS
SM
MD
LG