သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားမှာ တရားမဝင် နိုင်ငံခြားသားတွေကို စီမံချက်နဲ့စဖမ်း


ဆိုးလ်မြို့က လူစည်ကားတဲ့ မြေအောက်ဘူတာရုံတခု
ဆိုးလ်မြို့က လူစည်ကားတဲ့ မြေအောက်ဘူတာရုံတခု

တောင်ကိုရီးယားနိုင်ငံမှာ တရားမဝင်နေထိုင်ပြီး အလုပ်လုပ်နေတဲ့ နိုင်ငံခြားသားတွေကို ရှာဖွေဖမ်းဆီးဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ တောင်ကိုရီးယား အစိုးရက ညွှန်ကြားထားပြီး မြန်မာအလုပ်သမားတွေလဲ အဖမ်းအဆီးခံနေရပါတယ်။ ဖေဖေါ်ဝါရီလထဲ ဖျောင်ချန်းမြို့မှာ ကျင်းပဖို့ရှိတဲ့ ဆောင်းရာသီ အိုလံပစ်ပွဲမတိုင်ခင် တရားမဝင် နိုင်ငံခြားသားတွေကို ဖမ်းဆီး ရှင်းလင်းတဲ့သဘောလို့ သုံးသပ်သူတွေလည်း ရှိပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

တောင်ကိုရီးယားနိုင်ငံအနှံ့ အဓိက လူစည်ကားတဲ့ ရထားဘူတာ၊ ကားဂိတ်၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်၊ စက်မှုဇုံ စတဲ့နေရာ (၃၄)ခုမှာ တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေကို ဖမ်းဆီးဖို့ တောင်ကိုရီးယား တရားရေးဝန်ကြီးဌာနက ဇန်နဝါရီလ (၁၆)ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ထားတာပါ။ အဲဒီကြေညာချက်ထဲမှာတော့ ကိုရီးယားလူမျိုးတွေ အလုပ်အကိုင်နဲ့ လုံခြုံစိတ်ချစွာ နေထိုင်နိုင်ရေး အတွက် အခုလို ဖမ်းဆီးမှုတွေ လုပ်ရတာဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ဈေးပေါတဲ့ နိုင်ငံခြားသား အလုပ်သမားတွေကြောင့် ကိုရီးယားလူမျိုးတွေ အလုပ်အကိုင်ရှားပါးနေသလို၊ ရာဇဝတ်မှုထူပြော လာတာကြောင့်လည်း နှစ်စဉ်ဆိုသလို၊ တောင်ကိုရီးယား လူဝင်မှုကြီးကြပ်ရေးဌာနက ဖမ်းဆီးတာတွေ လုပ်လေ့ရှိပါတယ်။ လာမယ့် ဖေဖေါ်ဝါရီလထဲ Pyoung Chang ဖျောင်ချန်းမြို့မှာ ဆောင်းရာသီ အိုလံပစ်ပွဲ ကျင်းပဖို့ရှိပြီး အဲဒီတဲ့မတိုင်ခင် တရားမဝင် နိုင်ငံခြားသားတွေကို ဖမ်းဆီး ရှင်းလင်းတဲ့သဘောလို့ ဖူချွန်းမြို့မှာ တရားဝင်နေထိုင်တဲ့ ကိုရန်နိုင်ထွန်းက ပြောပါတယ်။

“ ဒီနှစ်မှာတော့ တော်တော်လေးကို ပိုက်စိတ်တိုက် ဖမ်းမယ့်သဘောမှာ ရှိတယ်။ ဖေဖေါ်ဝါရီ လဆန်းမှာ ကိုရီးယားနိုင်ငံ ဖျောင်ချန်းဆိုတဲ့ ဒေသမှာ ဆောင်းရာသီ အိုလံပစ်ပွဲ ကျင်းပဖို့ရှိတယ်။ အဲလိုမျိုး အချိန်ခါမျိုးနဲ့ တိုက်ဆိုင်တဲ့ အခါကျရင်တော့ တရားမဝင် နိုင်ငံခြားသား အိုဗာစတေးသမားတွေကို ဖမ်းလေ့ရှိတယ်။ ဘာကြောင့်လဲဆိုရင် ပြဿနာ ကြီးကြီးမားမား ဖြစ်တတ်တာကလည်း နိုင်ငံခြားသား အလုပ်သမားတွေက စတတ်တာကိုး ”

မြန်မာအလုပ်သမားတွေကတော့ ဆိုးလ်မြို့အပါအဝင်၊ အင်ချွန်း၊ ဖူပြောင်းနဲ့ ဖူချွန်းမြို့တွေမှာ အများစုနေထိုင်ကြပြီး တရားဝင်နေထိုင်သူရော ဗီဇာမဲ့ Over Stay အိုဗာစတေးနေသူတွေပါ ရှိကြပါတယ်။ တောင်ကိုရီးယား တရားရေးဌာနက ညွှန်ကြားထားတဲ့ ဒီရက်ပိုင်းအတွင်း ပိုက်စိတ်တိုက် ရှာဖွေဖမ်းဆီး မှုတွေကြောင့် အဖမ်းဆီးက လွတ်မြောက်အောင် ရှောင်ရှားနေရကြောင်း ဆိုးလ်မြို့မှာ အိုဗာစတေးဘဝနဲ့ ၁၇ နှစ်နီးပါးကြာ နေနေတဲ့ ကိုဇော်က ခုလိုပြောပါတယ်။

“ တောင်ကိုရီးယား Immigration ကပဲ လိုက်ဖမ်းတယ်။ တချို့ကျတော့ လဝကဆိုတဲ့ ယူနီဖေါင်းတွေ ဝတ်ထားတာရှိတယ်။ တချို့ကျတော့ အရပ်ဝတ် မာဖီနဲ့ လိုက်ဖမ်းတာရှိတယ်။ ကျနော်က အိုဗာစတေးပါ ခင်ဗျာ။ အဲလိုဖမ်းတဲ့ အချိန်ဆိုရင် ကျနော်က အပြင်မထွက်တော့ဘူး။ အဆောင်မှာပဲ နေနေရတယ်။ အဲဒီလို အဖမ်းဆီးကြားမှာပဲ ဒီလိုပဲ ကျနော်တို့ သွားလာနေရပါတယ်။ ”

လတ်တလော အဖမ်းဆီခံနေရတဲ့ နိုင်ငံခြားသားတွေထဲမှာ မြန်မာနိုင်ငံသားတချို့ပါတယ်ဆိုပေမယ့် အများစုကတော့ တရုတ်နိုင်ငံဖွား ကိုရီးယားအနွယ်တွေ ဖြစ်ကြတယ်လို့ ကိုရန်နိုင်ထွန်းက ရှင်းပြပါတယ်။

“ အဓိကကတော့ ဒီ တရုတ်-ကိုရီးယား အနွယ်တွေပေါ့ဗျာ။ တရုတ်ပြည်မှာ မွေးဖွားတဲ့ ကိုရီးယား အနွယ်ဝင်တွေဟာ ကိုရီးယားနိုင်ငံထဲကို အလုံးအရင်းနဲ့ အိုဗာစတေးနဲ့ ဝင်တယ်၊ ပြီးရင် သူတို့က ကိုရီးယားရုပ်တွေနဲ့လည်း အတော်ခွဲခြားဖို့ ခက်တော့ ဒီခိုးဆိုး လုယက်တဲ့ အလုပ်မျိုးတို့မှာ သူတို့က အများဆုံး လုပ်တယ်။ အဲဒီအတွက်ကြောင့် ဖမ်းတာပါသလို၊ အခြားအခြားသော ဒီပါကစ္စတန်တို့ အာရပ်လူမျိုးတွေ ကလည်း ကိုရီးယားနိုင်ငံမှာ ဖုန်းကဒ်အတုလုပ်တာတို့ ဘဏ်ကဒ်အတုတွေ လုပ်ပြီးတော့ ငွေလိမ်လည်မှုတို့ ဘာတို့ အဲလိုမျိုးတွေလည်း သူတို့က ထဲထဲဝင်ဝင် လုပ်တတ်တော့ အဲဒါတွေကို နှိမ်နင်းချင်တာလည်း ပါပါတယ်။ ”

တောင်ကိုရီးယားနိုင်ငံမှာ အခုလို အဖမ်းဆီးကြမ်းလာပေမဲ့ မြန်မာနိုင်ငံမှာ ပြန်ပြီးလုပ်စားရ တာထက်စာရင် အဖမ်းမခံရမချင်း ကိုရီးယားမှာပဲ ဆက်ပြီး အလုပ်လုပ်သွားမယ်လို့ စက်ရုံလုပ်သားတဦးဖြစ်တဲ့ ကိုဇော်က ပြောပါတယ်။

“ ကျနော်က စက်ရုံလုပ်သားပါ။ ဒီမှာ ခနခန လာဖမ်းတယ် ဒါပေမဲ့ ကျနော်လည်း ကံကောင်းထောက်မစွာနဲ့ လွတ်သွားတာ ရှိတယ်။ တချို့ စက်ရုံက လူတွေဆို အကုန်ပါသွားပြီးတော့ ကျနော်တယောက်ထဲ ကျန်ခဲ့တာလည်း ရှိတယ်။ လမ်းမှာဆိုရင်လည်း အရှေ့မှာဖမ်းတာ မြင်ရရင် ကျနော်က စားသောက်ဆိုင် တဆိုင်ထဲကို ဝင်ပြေးပြီး အဲဒီထဲမှာဝင်အောင်းနေလိုက်တယ်။ အဲလိုလုပ်ခဲ့တာ ရှိခဲ့ပါတယ်။ ဒီမှာ ဘင်္ဂလားဒေ့ရှ် ရှိတယ်၊ ထိုင်းရှိတယ်၊ ဗီယက်နမ်၊ သိရိလင်္ကာရှိတယ်။ သူတို့တွေ အဖမ်းခံရပါတယ်ခင်ဗျ။ ”

တောင်ကိုရီးယားအစိုးရရဲ့ စီမံချက်အရ ၂၀၁၇ ခုနှစ်အတွင်းမှာလဲ တရားမဝင် နိုင်ငံခြားသား အလုပ်သမား (၃ သောင်း ၁ထောင်ကျော်) ဖမ်းမိ ခဲ့ပြီး၊ တရားမဝင် အလုပ်သမား ခန့်ထားတဲ့ ကိုရီးယားအလုပ်ရှင် (၆ထောင့် ၆ ရာကျော်)ကိုလည်း ဖမ်းဆီးခဲ့တာပါ။ စည်းမျည်း ချိုးဖေါက်တဲ့ အလုပ်ရှင်တွေဟာ ကိုရီးယာဝမ်ငွေ သိန်း(၂၀၀) နီးပါး ဒဏ်ငွေပေးဆောင်ရပါတယ်။

တရားမဝင် နိုင်ငံခြားသား ဖမ်းဆီးရေး မနှစ်တုန်းက စီမံချက်ကို ၅ လနီးပါးကြာ လုပ်ဆောင်ခဲ့ပေမယ့် ဒီ ၂၀၁၈ ဖမ်းဆီးရေး စီမံချက်ကိုတော့ ၆ လနီးပါးကြာ လုပ်ဆောင်ထားမယ်လို့ ကိုရီးယားအစိုးရက သတင်းထုတ်ပြန်ထားပြီး ဒီစီမံချက်ထဲမှာ လဝက ၊ အလုပ်သမားရေးဌာန၊ ရဲနဲ့ ပင်လယ်ကမ်းစောင့် ရဲဝန်ထမ်း စုစုပေါင်း (၄၀၀)ကျော် အသုံးပြုသွားမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG