သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားမဝင်လုပ်သား အရေးယူမည့်ဥပဒေ ထိုင်း ဆိုင်းငံ့


ထိုင်းနိုင်ငံကနေ ပြန်ပို့ခံရမည့် မြန်မာအလုပ်သမားများ
ထိုင်းနိုင်ငံကနေ ပြန်ပို့ခံရမည့် မြန်မာအလုပ်သမားများ

ထိုင်းနိုင်ငံရောက် တရားမဝင် အလုပ်သမားတွေကို ဖမ်းဆီးနှိမ်နင်းဖို့ ထိုင်းအစိုးရက ဇွန် ၂၂ ရက်မှာ ကြေညာချက် ထုတ်ပြီး ဇွန် ၂၃ ရက်မှာ စတင် ကျင့်သုံးခဲ့တဲ့ BE 2017 အလုပ်သမားဥပဒေပါ ပုဒ်မ ၄ ခုကို ၆ လကြာ ဆိုင်းငံ့ထားမယ့်အကြောင်း ထိုင်းစစ်ကောင်စီအစိုးရက ဇူလိုင်လက ထုတ်ပြန်ခဲ့ပြီးနောက်၊ ဒီ နိုဝင်ဘာလထဲမှာတော့ ဆိုင်ငံ့ထားတဲ့ ဥပဒေပုဒ်မတွေကို နောက်ထပ် ၃ လသက်တမ်းတိုးပြီး ရှေ့နှစ် မတ်လကုန်အထိ ဆိုင်းငံ့ပေးလ လိုက်ပါတယ်။ ဒီအတွက် တရားဝင်အထောက်အထား လုပ်မယ့်သူတွေအတွက် ပိုမိုအဆင်ပြေသွားစေ တယ်လို့ အလုပ်သမားရေး ဆောင်ရွက်သူတွေက ပြောပါတယ်။ VOA သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံအတွင်း နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ဇွန်လအတွင်း ဥပဒေအသစ် ထွက်လာပြီး နောက်မှာတော့ ထိုင်းနိုင်ငံတွင်း ဖမ်းဆီးမှုတွေဖြစ်ခဲ့ပြီး သောင်းနဲ့ချီရှိတဲ့ မြန်မာတွေ နေရပ်ပြန်ခဲ့ကြပါတယ်။ ဒီနောက်မှာတော့ ထိုင်းအစိုးရကနေ သူ့ရဲ့ ဥပဒေထဲက တချို့ အချက်တွေကို ဆိုင်းငံ့ခဲ့ပြီး အလုပ်သမားတွေ အထောက် အထားတွေ ပြန်လုပ်နိုင်ဖို့အတွက် ဥပဒေထဲက ပုဒ်မတချို့ကို ရက်ပေါင်း ၁၈၀ အထိ ဆိုင်ငံ့ပေးထားတာပါ။ ဒီဇင်ဘာလကုန်ရင် ရက်ပေါင်း ၁၈၀ ပြည့်တော့မှာပါ။ ရက်ပေါင်း ၁၈၀ ကျော်လွန်သွားရင်တော့ ထိုင်းနိုင်ငံက ဥပဒေအတိုင်း ဆောင်ရွက်ဖို့ အစပိုင်းမှာ ရည်ရွယ်ထားပေမဲ့ အထောက်အထား လက်မှတ်တွေ ပြည့်စုံအောင် လုပ်ဆောင်နိုင်ဖို့ အတွက် ဒီရက်ပိုင်းမှာပဲ နောက်ထပ် ၃လ ထပ်တိုး ဆိုင်းငံ့ပေးခဲ့တယ်လို့ မဲဆောက် အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ JACBA ရဲ့ဥက္ကဌ ဦးမိုးကြိုးက ဆိုပါတယ်။

“ဇွန်ကနေ ဒီဇင်ဘာအထိဆိုရင် ၆လပေါ့နော် ၆လဆိုင်းငံ့ ခဲ့တာနဲ့ ပတ်သက်ပြီး နောက်ထပ် ၃လ ဆိုင်းငံ့ဆက်လက်ပေးမယ် လာမဲ့ ၂၀၁၈ မတ်လ ၃၁ အထိ ဆိုင်းငံပေးမယ်။ ဆိုင်းငံ့တာက အကြောင်းအချက် ၂ခုကို အခြေခံပြီး ဆိုင်းငံ့ပေးမယ်။ ပထမအကြောင်းက တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေဟာ အလုပ်သမား မှတ်ပုံတင်ဖို့ ရက်ချိန်းတွေရှိတယ်။ အဲဒါတွေနဲ့ ပတ်သက်လို့ ပြီးပြည့်စုံအောင် ဆိုင်းငံ့ တာကတပိုင်း၊ ဒုတိယအပိုင်းကျတော့ ထိုင်းနိုင်ငံမှာရောက်နှင့်နေပြီးသား အလုပ်သမား တွေထဲမှာ အကြောင်း အမျိုးမျိုးနဲ့ အထောက်အထား မစုံတဲ့ အလုပ်သမားတွေ ရှိတယ်။ သူဌေး လွဲနေတာ အလုပ်လုပ်ကိုင်တွေ နေရာလွဲနေတာတွေ၊အထောက်အထား မစုံလင်တာက အထောက်အထားတွေ ပြန်လည် တည့်မတ်အောင် အချိန်ပေးတဲ့ သဘောပေါ့”

ဒီလိုဆိုင်းငံ့ ပေးလိုက်တဲ့အတွက် အလုပ်သမားတွေအတွက် အဆင်ပြေသွားမှာဖြစ်ပြီး အထောက်အထား လက်မှတ်တွေကို ပြည်စုံအောင် လုပ်နိုင်မယ်လု့ိလည်း သူက ပြောပါတယ်။

“ရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ ကိုယ့်မှာ မစုံလင်သေးတဲ့ အထောက်အထားတွေ စုံလင်အောင် လုပ်ဖို့အတွက် အချိန်ရသွားတဲ့ သဘော၊ အချိန်ဆိုတဲ့နေရာမှာ ကုန်ကျစရိတ် ရှိမယ်။ မိမိသူဌေးက မိမိကို ကြည်ကြည်ဖြူဖြူနဲ့ မိမိရဲ့ လုပ်ငန်းရှင်ဖြစ်ကြောင်း အားမခံချက်ပေးနိုင်တဲ့ အနေအထားတခုကို တည်ဆောက်နိုင်တဲ့သဘော ဖြစ်သွားတယ်”

ဆိုင်းငံ့ထားတဲ့ ဥပဒေ ပုဒ်မတွေထဲမှာ တရားမဝင် အလုပ်သမားတွေကို အရေးယူခြင်း ဆိုင်ရာပုဒ်မ ၁၀၁ ၊ ခွင့်ပြုချက်မရှိတဲ့ လုပ်ငန်းတွေမှာ လုပ်တဲ့ အလုပ်သမားကို ခိုင်းစေနေတဲ့ အလုပ်ရှင်တွေကိုတော့ အရေးယူခြင်းဆိုင်ရာ ပုဒ်မ ၁၀၂၊ အထောက်အထား မရှိတဲ့သူတွေကို လက်ခံ ထားခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၂၂ နဲ့ ဌာနဆိုင်ရာကို စာနဲ့ အကြောင်းကြားခြင်းမရှိဘဲ လုပ်ငန်း လုပ်ကိုင်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၁၉ တို့ ဖြစ်ပါတယ်။

ဒီဥပဒေ ၄ ခုကို ထိုင်းစစ်ကောင်စီ အစိုးရလုပ်ပိုင်ခွင့် ပုဒ်မ ၄၄ နဲ့ ဆိုင်းငံ့ခဲ့တာဖြစ်ပြီး၊ ဆိုင်းငံ့ကာလမှာ ၂၀၁၇ ဇွန်လ ၂၃ ရက်နေ့မှ ၂၀၁၈ ဇန်နဝါရီလ ၁ ရက်နေ့အထိ ၆ လထိပေးခဲ့ပေမယ့် အခုအခါမှာတော့ ဒီဆိုင်းငံ့ကာလကို နောက်ထပ် ၃လ ထပ်တိုးခဲ့တာ ဖြစ်ပါတယ်။ ဇွန် ၂၂ ရက်က ထုတ်ပြန်ခဲ့တဲ့ ဘီအီး ၂၀၁၇ အလုပ်သမားဥပဒေထဲမှာ အလုပ်သမား ဥပဒေချိုးဖောက်ရင် ဒဏ်ငွေ အနည်းဆုံး ဘတ် ၄ သိန်းမှ ၈ သိန်းထိ ပေးဆောင်ရနိုင်တာမို့ အလုပ်ရှင်အများစုကတော့ ဒီဥပဒေပုဒ်မကို စိုးရိမ်ပြီး တရားမဝင် အလုပ်သမားတွေကို မခန့်ရဲတော့ပဲ အထောက်အထား လက်မှတ်တွေလုပ်ဖို့ တိုက်တွန်းခဲ့ကြ ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG