သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားရှိ ဗီဇာသက်တမ်းကုန်မြန်မာတွေကို ဒဏ်ကြေးဆောင် နေထိုင်ခွင့်ပေး


တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းအပိုင် ဘူဖျောင်းမြို့ ရဲစခန်းအနီး အများပြည်သူနားနေလေ့ရှိတဲ့ ရင်ပြင်မှာ စနေ တနင်္ဂနွေနေ့တိုင်း မြန်မာပြည်က စစ်ဘေးဒုက္ခသည်တွေအတွက် အလှူခံနေကြတဲ့ မြန်မာလူငယ်အလုပ်သမားများ။ (ဓာတ်ပုံ-ဗွီအိုအေ မြန်မာဌာန/မေ ၂၅၊ ၂၀၂၃)
တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းအပိုင် ဘူဖျောင်းမြို့ ရဲစခန်းအနီး အများပြည်သူနားနေလေ့ရှိတဲ့ ရင်ပြင်မှာ စနေ တနင်္ဂနွေနေ့တိုင်း မြန်မာပြည်က စစ်ဘေးဒုက္ခသည်တွေအတွက် အလှူခံနေကြတဲ့ မြန်မာလူငယ်အလုပ်သမားများ။ (ဓာတ်ပုံ-ဗွီအိုအေ မြန်မာဌာန/မေ ၂၅၊ ၂၀၂၃)

ကိုရီးယားနိုင်ငံမှာ တနှစ်အတွင်း မြန်မာတွေအပါအဝင် ဗီဇာသက်တမ်းကုန််နေထိုင်နေသူ နိုင်ငံခြားသား ၃၈,၀၀၀ နီးပါး ဖမ်းဆီးခံရပါတယ်။ ဒီရက်ပိုင်းအတွင်း စီမံချက်နဲ့ဖမ်းဆီးနေတာဖြစ်တဲ့အတွက် မြန်မာတွေပါအဖမ်းဆီးခံနေရပါတယ်။ မြန်မာတွေကတော့ အထူးအခွင့်ရေးအနေနဲ့ အဖမ်းဆီးခံရရင် နေရပ်မပြန်ချင်ရင် မပြန်စေရဘဲ ဒဏ်ကြေးသာ ပေးဆောင်ရင်ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က တာဝန်ရှိသူတွေကပြောပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံသားအများအပြား သွားရောက်အလုပ်ကိုင်နေကြတဲ့ တောင်ကိုရီးယားနိုင်ငံမှာ ဗီဇာသက်တမ်းကျော် နေထိုင်နေသူတွေကို တနှစ်အတွင်း ၃ ကြိမ်ဖမ်းဆီးခဲ့ရာမှာ စုစုပေါင်း ၃၈,၀၀၀ ဖမ်းဆီးနိုင်ခဲ့တယ်လို့ တောင်ကိုရီးယားနိုင်ငံတရားရေးရာဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်ကို ကိုးကားပြီး ကိုရီးယားနိုင်ငံဆိုင်ရာသတင်းတွေမှာ ဖော်ပြကြပါတယ် ။ ၃ လအတွင်းဖမ်းဆီးခံရသူ ၇ ထောင်ကျော်ရှိပြီး ဒီထဲမှာ မြန်မာတွေလည်း အဖမ်းဆီးခံရတယ်လို့ တောင်ကိုရီးယားနိုင်ငံက အမျိုသားညီညွတ်ရေးအစိုးရ ကိုရီးယားနိုင်ငံဆိုင်ရာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက အခုလို ပြောပါတယ်။

“မြန်မာတွေကတော့ ကိုရီးယားနိုင်ငံမှာ အားလုံးပေါင်းရှိရင် ၁၆,၀၀၀ ကနေ ၂၀,၀၀၀ နီးပါးရှိပါတယ်။ အဲဒီမြန်မာနို်ငံသားတွေကတော့ အဖမ်းခံရတဲ့အထဲမှာတော့ ပါပါတယ်။”

တနှစ်အတွင်း အဖမ်းခံရတဲ့မြန်မာအရေအတွက်ကို မသိရပေမယ့် မြန်မာတွေ ပါဝင်တာတော့ မှန်ကန်ကြောင်းအတည်ပြုသွားပါတယ်။ ဒါပေမယ့် တရားမဝင်မြန်မာတွေ အဖမ်းခံရတဲ့အခါ နေရပ်မပြန်လိုသူတွေ၊ ဒါမှမဟုတ် ပြန်ဖို့အခက်အခဲရှိသူတွေအတွက် ဒဏ်ကြေးဆောင်ပြီး ဆက်လက်နေထိုင် အလုပ်လုပ်နိုင်ဖို့ ကိုရီးယားအစိုးရက မြန်မာနိုင်ငံသားတွေအတွက် အထူးအခွင့်ရေးပေးထားတယ်လို့ ဆိုပါတယ်။ ဒါဟာ မြန်မာနိင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ မြန်မာတွေအတွက် ဥပဒေချမှတ်ပြီး ပြဌာန်းပေးခဲ့တာဖြစ်ကြောင်း ဦးရန်နိုင်ထွန်းက ဆက်ပြောပြပါတယ်။

“ကိုရီးယားနိုင်ငံမှာ တရားမဝင်နေထိုင်နေတဲ့ အလုပ်လုပ်ကိုင်နေတဲ့မြန်မာနိုင်ငံသားတွေဆိုရင်တော့ အတင်းအကြပ်ပြန်ပို့တာမရှိပါဘူး၊ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ မြန်မာနိုင်ငံသားတွေကို ကိုရီးယားတရားရေးဌာနနဲ့ နိုင်ငံခြားရေးဌာနကနေ ဥပဒေပြဌာန်းပါတယ်။ အဲဒါတော့ မြန်မာနိုင်ငံသား ဘယ်သူမဆို တရားဝင်ကော တရားမဝင်ကော ဘယ်သူပဲဖြစ်ဖြစ် သူတို့ကို အတင်းအကြပ်ပြန်မပို့ဖို့၊ ကိုရီးယားနိုင်ငံအတွင်းမှာဆက်လက်နေထိုင်ခွင့်ရရှိဖို့၊ မြန်မာနိုင်ငံက အေးချမ်းစွာ ဒီမိုကရေစီလမ်းကြောင်းပေါ်ရရှိချိန်ထိ နေထိုင်ဖို့အတွက် ကိုရီးယားအစိုးရက ဥပဒေကိုချမှတ်ထားပါတယ်။ သူတို့အနေနဲ့ အဖမ်းခံရလို့ရှိရင် တရားမဝင်နေထိုင်တဲ့အတိုင်းအတာအထိ ဒဏ်ငွေဆောင်ရပါတယ်။ အဲဒါပြီးရင်တော့ ကိုရီးယားနိုင်ငံမှာ တရားဝင်နေထိုင်ဖို့အတွက် G1-99 visaပေးပါတယ်။”

တောင်ကိုရီးယားအစိုးရက ဗီဇာသက်တမ်းကျော်လွန်နေထိုင်နေတဲ့နိုင်ငံခြားသားတွေကို မိမိဆန္ဒ အလျောက် ပြန်ကြရမယ့် အစီစဉ်အတွက် နောက်ဆုံးရက်ကို ဖေဖေါ်ဝါရီလ ၂၉ ရက်နေ့အထိသတ်မှတ်ပေးထားပြီး မြန်မာတွေကတော့ အဲဒီ အစီအစဉ်နဲ့လည်း ပြန်နိုင်ကြောင်း၊ မပြန်နိုင်ရင်လည်း ဒဏ်ကြေးပေးပြီးဆက်နေထိုင်ခွင့်ပေးထားတာဖြစ်ပါတယ်။

တောင်ကိုရီးယားအစိုးရကတော့ မြန်မာ့ဒီမိုကရေစီရေးကိုအားပေးပြီး မြန်မာနိင်ငံမှာစစ်တပ်က အာဏာသိမ်းပြီး ၃ လအကြာမှာ ဗီဇာသက်တမ်းကုန်နေတဲ့ကျောင်းသားတွေ၊ အလုပ်သမားတွေကို အထူးအခွင့်အရေးပေးခဲ့တာလည်း ဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG