အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် Greater Los Angeles ဧရိယာမှာ လောင်ကျွမ်းနေတဲ့ တောမီးကို မီးသတ်သမားတွေ ဆက်လက် ငြိမ်းသတ်နေကြချိန်မှာဘဲ ဗုဒ္ဓဟူးနေ့မှာ လေပြင်းကြောင့် တောမီး ဆက်လက် ပျံ့နှံ့မယ့် အခြေအနေနဲ့ ကယ်လီဖိုးနီးယား တောင်ပိုင်းက သိန်းချီတဲ့ ပြည်သူတွေ ရင်ဆိုင်နေကြရပါတယ်။ တောမီး ကြောင့် အနည်းဆုံး ၂၅ ဦး သေဆုံးပြီး လူ ၃၀ ပျောက်ဆုံးနေပါတယ်။ အရင်နေ့ကတော့ လေတိုက်နှုန်း လျော့တာကြောင့် မီးသတ်သမားတွေ သက်သာရာ ရခဲ့ပါတယ်။
ဒါပေမဲ့ ဗုဒ္ဓဟူးနေ့မှာတော့ လေပြင်းဒဏ်နဲ့ ကြုံနေရပြီး ဗုဒ္ဓဟူနေ့ အလွန်မှာတော့ ရာသီဥတု ပိုကောင်းလာမယ်လို့ မျှော်လင့်ကြောင်း အမျိုးသား မိုးလေဝသနဲ့ ဇလဗေဒ ပညာရှင် Todd Hall က ပြောပါတယ်။ ဒေသ စံတော်ချိန် ဗုဒ္ဓဟူးနေ့ ညနေ ၃ နာရီထိ အန္တရာယ်ရှိတဲ့ အခြေအနေအဖြစ် အမျိုးသား မိုးလေဝသ ဌာနက သတိပေးချက် ထုတ်ပြန်ထားပြီး မြို့ရဲ့ မြောက်ပိုင်း ဧရိယာ တချို့ကိုတော့ ကြာသပတေးနေ့ အထိ သတိပေးချက် ထုတ်ပြန်ထားပါတယ်။
တောမီး လောင်ကျွမ်းမှု မြန်မြန် ပျံ့နှံ့လာမယ့် အရေး အတွက် အသင့်ပြင်ထားဖို့လည်း မိုးဇလ ပညာရှင်များက ပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့ကတော့ လေတိုက်နှုန်းက ခန့်မှန်းထားထက် လျော့ကျခဲ့တာကြောင့် ပါလက်ဆေဒ့် နဲ့ အီတန် တို့မှာ မီးသတ်သမားတွေ မီးငြှိမ်းသတ်တာမှာ တိုးတက်မှု တချို့ ရခဲ့ပေမဲ့ အပြည့်အ၀ မထိန်းချုပ်နိုင်သေးပါဘူး။ ပါလက်ဆေဒ့် မီးလောင်မှုမှာ ၁၉ ရာခိုင်နှုန်း ထိန်းချုပ်ထားနိုင်ပြီး အီတန်မှာတော့ ၄၅ ရာခိုင်နှုန်း ထိန်းချုပ်ထားနိုင်ပြီလို့ အာဏာပိုင်တို့က ပြောပါတယ်။
ဒီဒေသ ၂ ခုလုံးမှာတော့ နောက်ထပ် အိမ်တွေ၊ အဆောက်အအုံတွေ မီးထပ်လောင်တာ မရှိတော့ပေမဲ့ မီးကြွင်းမီးကျန်တွေ ကျန်ရှိနေနိုင်ပြီး လုံး၀ မီးငြှိမ်းသတ်နိုင်ဖို့ သီတင်းပတ်နဲ့ချီ ကြာမြင့်နိုင်တယ်လို့လည်း အာဏာပိုင်တို့က ပြောပါတယ်။
Forum