အမေရိကန်ပြည်ထောင်စုအနောက်ခြမ်း၊ ကယ်လီဖိုးနီးယားပြည်နယ် Los Angeles မှာ လောင်ကျွမ်းနေတဲ့ တောမီးဟာ လေတိုက်နှုန်း မြင့်လာတာကြောင့် လာမယ့်ရက်တွေမှာ ဆိုးလာနိုင်တယ်လို့ အမေရိကန်အရေးပေါ်စီမံခန့်ခွဲရေးဌာန ထိပ်တန်းတာဝန်ရှိသူတဦးက သတိပေးလိုက်ပါတယ်။
လေပြင်းက ပိုပြီးပြင်းထန်ပြီး အန္တရာယ်ဖြစ်လာဖို့ ရှိနေတယ်လို့ FEMA ပြည်ထောင်စု အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဌာန အုပ်ချုပ်ရေးမှုး Deanne Criswell က CNN ရုပ်သံနဲ့ မေးမြန်းခန်းမှာ ပြောဆိုပါတယ်။ လေကြောင်းက ဘယ်ကို ဦးတည်နေလဲဆိုတာ မသိနိုင်ဘူးလို့ ပြောပါတယ်။
မီးကူးစက်မှုတွေဟာ ကျယ်ပြန့်လာပြီး LA မြို့ရဲ့ အထင်ကရနေရာတွေနဲ့ လူဦးရေထူထပ်တဲ့နေရာတွေကိုပါ အန္တရာယ်ဖြစ်လာမှာကို ဒေသတာဝန်ရှိသူတွေက စိုးရိမ်တဲ့အကြောင်း ပြောနေပါတယ်။ တောမီးကနေ ကူးစက်လာတဲ့ ကျယ်ပြန့်လာတဲ့မီးလောင်မှုကြောင့် သေဆုံးသူ ၁၆ ဦးအထိ ရှိသွားပြီဖြစ်ပြီး၊ နောက်ထပ် ရုပ်အလောင်းတွေ ထပ်တွေ့မလားဆိုပြီး မီးလောင်ပြင်ထဲ ရှာဖွေရေးတွေကလည်း လုပ်နေကြပါတယ်။
ဒီအဖြစ်အပျက်ကိုကြည့်ပြီး အရင်တုန်းက တခါမှ မကြုံခဲ့ မမြင်ခဲ့ဖူးတဲ့ စစ်ပွဲဇုံထဲ ရောက်သွားသလို ခံရတယ်လို့ ကယ်လီဖိုးနီးယားပြည်နယ်ကိုယ်စားပြု အထက်လွှတ်တော်အမတ် Adam Schiff က CNN ကို ပြောပါတယ်။ အခု ကြုံရတဲ့ ကယ်လီဖိုးနီးယားတောမီးဟာ ဆုံးရှုံးမှုပမာဏနဲ့ ကျယ်ပြန်မှုအရကြည့်ရင် အမေရိကန်သမိုင်းမှာ အဆိုးဆုံးသဘာဝကပ်ဘေးဖြစ်မယ်လို့ ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှုး Gavin Newsom က NBC ရုပ်သံကို ပြောပါတယ်။ AccuWeather ရဲ့ ကနဦးခန့်မှန်းချက်အရဆိုရင် ပျက်စီးဆုံးရှုံးမှုဟာ ဒေါ်လာ ၁၃၅ ဘီလီယံကနေ ၁၅၀ ဘီလီယံအထိ ရှိမယ်လို့ တွက်ဆထားပါတယ်။
Forum