အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်က တောမီး လောင်ကျွမ်းမှုကို ပြည်ထောင်စု အရေးပေါ် အခြေအနေအဖြစ် သမ္မတ Joe Biden က ဗုဒ္ဓဟူးနေ့မှာ အတည်ပြုလိုက်တာကြောင့် တောမီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်ရေးအတွက် အရင်းအမြစ်နဲ့ ရန်ပုံငွေတွေ ချထားပေးမှာ ဖြစ်ပါတယ်။
ဒီဒေသ ပြန်လည်ထူထောင်ရေး အတွက်တော့ အချိန်ယူရလိမ့်မယ်လို့လည်း သမ္မတက သတိပေးပါတယ်။ လောစ့်အိန်းဂျလိစ် ကောင်တီ မီးသတ်ဌာနအနေနဲ့ အသက်အန္တရာယ်ရှိတဲ့ တောမီးလောင်ကျွမ်းမှု ၄ ခုနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပြီး အနည်းဆုံး လူ ၂ ဦး သေဆုံး၊ အဆောက်အအုံပေါင်း ၁ ထောင်ကျော် လောင်ကျွမ်းခဲ့ကာ လူပေါင်း သောင်းနဲ့ချီပြီး ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရတာပါတယ်။
လောစ့်အိန်းဂျလိစ် ကောင်တီ မီးသတ်ဌာနအနေနဲ့ တောမီးလောင်ကျွမ်းမှု ၁ ခု - ၂ ခုလောက် အတွက်သာ ပြင်ဆင်ထားခဲ့တာဖြစ်ပြီး အထူးသဖြင့် အခုလို လေပြင်းတိုက်ပြီး စိုစွတ်မှုနည်းနဲ့ အခြေအနေမျိုးမှာ ဖြစ်တယ်လို့ ကောင်တီ မီးသတ်ဌာန အကြီးအကဲ အန်သနီ စီ မာရွန်းက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
ဟက်တာ ၂ ထောင်ကျော် လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးက ဆက်လက် ပျံ့နှံ့နေတယ်လို့လည်း သူက ပြောပါတယ်။
မီးလောင်မှုကို ထိန်းချုပ်နိုင်တဲ့ အနေအထား မရှိကြောင်းလည်း သူက ပြောပါတယ်။ မြို့ခံတွေအနေနဲ့ ဘေးလွတ်ရာ ရွှေ့ပြောင်းရေး အမိန့်ကို အသေအချာ အလေးထားပြီး ၊ ညွှန်ကြားတဲ့အချိန်မှာ ထွက်ခွာကြဖို့ကိုလည်း တာဝန်ရှိသူတွေက သတိပေးထားပါတယ်။
Forum