အမေရိကန်နဲ့ ရုရှား အာကာသယာဉ်မှူး ၂ ဦး လိုက်ပါသွားပြီး နိုင်ငံတကာ အာကာသစခန်းကို သွားရောက်မယ့် Soyuz အာကာသယာဉ်ဟာ မြေပြင်ကနေ ဒီကနေ့ လွှတ်တင်ပြီး သိပ်မကြာခင်မှာပဲ အရေးပေါ် ပြန်လည်ဆင်းသက်ခဲ့ရပါတယ်။
ဆိုဗီယက်ယူနီယံ လက်ထက်ကတည်းက တည်ဆောက်ထားတဲ့ Kazakhstan နိုင်ငံ၊ Baikonur မြို့က အာကာသစခန်းကနေ လွှတ်တင်လိုက်ပြီးနောက် အာကာသယာဉ်ရဲ့ တွန်းအားပေးစနစ်မှာ စက်ချို့ယွင်းမှု ကြုံခဲ့ရတာဖြစ်ကြောင်း အမေရိကန် အာကာသသိပ္ပံအေဂျင်စီ (NASA) ကပြောပါတယ်။
Soyuz အာကာသယာဉ်ဟာ အရေးပေါ် မြေပြင်ပြန်မဆင်းခင်မှာ တွန်းအားပေးစနစ်ပါဝင်တဲ့ ယာဉ်ရဲ့အစိတ်အပိုင်းကနေ ခွဲထွက်ပြီး၊ အရှိန်ပြင်းပြင်းနဲ့ ပြန်ကျလာခဲ့ကြောင်း ပြောဆိုခဲ့တာပါ။
ပုံမှန် ဆင်းသက်မှုမျိုး မဟုတ်တဲ့အတွက် အာကာသယာဉ်မှူးတွေ မြေဆွဲအားဒဏ် အပြင်းအထန် ခံရမှာလည်း ဖြစ်ပါတယ်။ Kazakhstan နိုင်ငံကို ပြန်လည်ဆင်းသက်လာခဲ့ပြီးနောက်မှာတော့ အမေရိကန် အာကာသယာဉ်မှူး Nick Hague နဲ့ ရုရှားအာကာသယာဉ်မှူး Alexei Ovchinin တို့ကို အရေးပေါ် ကယ်ဆယ်ရေးတွေ သွားရောက် ကယ်ဆယ်ခဲ့ကြတာပါ။ အာကာသယာဉ်မှူး ၂ ဦးစလုံးရဲ့ အခြေအနေတွေကတော့ ကောင်းမွန်နေပါတယ်။