သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ဒဏ်သင့် ကလေးသူငယ်များအရေး ပူးပေါင်းဆာင်ရွက်ဖို့ ကုလတိုက်တွန်း


ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Virginia Gamba နှင့် မြန်မာ့တမ်ပမတော် တာဝန်ရှိသူများနဲ့ တွေ့ဆုံစဉ် (ဓါတ်ပုံ-UNICEF)
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Virginia Gamba နှင့် မြန်မာ့တမ်ပမတော် တာဝန်ရှိသူများနဲ့ တွေ့ဆုံစဉ် (ဓါတ်ပုံ-UNICEF)

(Zawgyi / Unicode)

မြန်မာနိုင်ငံအတွင်းက ကလေးသူငယ်တွေ၊ အထူးသဖြင့် ရခိုင်၊ ရှမ်းနဲ့ ကချင်ပြည်နယ်အတွင်းက ကလေးသူငယ်တွေဟာ တိုင်းပြည်အတွင်း ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေရဲ့ဒဏ်ကို ကြီးမားစွာ ခံစားနေကြရတာကြောင့် ကလေးသူငယ်တွေအပေါ် ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေ ဟန့်တားနိုင်အောင် တပ်မတော်နဲ့ တခြား အစိုးရလုံခြုံရေးတပ်ဖွဲ့တွေ အပါအဝင် ပဋိပက္ခတွေမှာ ပါဝင် ပတ်သက်နေသူအားလုံးက ကုလသမဂ္ဂနဲ့ လက်တွဲ ဆောင်ရွက်ကြဖို့လိုအပ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Virginia Gamba က ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံကို ၅ ရက်ကြာသွားရောက်ပြီး အစိုးရတာဝန်ရှိသူတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ၊ သံတမန်တွေ၊ ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာအရေးကိစ္စတွေကို စောင့်ကြည့်ရေးအဖွဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံအပြီးမှာ Ms. Virginia Gamba က ဇန်နဝါရီလ ၂၀ ရက်နေ့ ရက်စွဲနဲ့ အစီရင်ခံစာ ထုတ်ပြန်လိုက်တာပါ။

ဒေါက်တာဝင်းမြတ်အေးနဲ့ အထူးကိုယ်စားလှယ် Ms. Virginia Gamba (ဓါတ်ပုံ- ဒေါက်တာဝင်းမြတ်အေး facebook)
ဒေါက်တာဝင်းမြတ်အေးနဲ့ အထူးကိုယ်စားလှယ် Ms. Virginia Gamba (ဓါတ်ပုံ- ဒေါက်တာဝင်းမြတ်အေး facebook)

Ms. Virginia Gamba ရဲ့ ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဝန်ကြီး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး၊ နိုင်ငံတော် တရားသူကြီးချုပ်တို့နဲ့ တွေ့ဆုံခဲ့ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အရွယ်မရောက်သေးတဲ့ ကလေးတွေစစ်မှုထမ်းခြင်း အဆုံးသတ်ရေး ကုလသမဂ္ဂနဲ့ ၂၀၁၂ ခုနှစ်မှာ ချုပ်ဆိုခဲ့တဲ့ ပူးတွဲ သဘောတူညီချက်ကို မြန်မာအစိုးရတပ်ဖွဲ့တွေဘက်က အောင်မြင်စွာ အကောင်အထည်ဖော်နေတာကို တွေ့ရတဲ့အတွက် ဝမ်းသာကြောင်း၊ ဒါပေမယ့် အဲဒီ သဘောတူညီချက် အပြီးသတ်နိုင်အောင် အမြန်ဆုံး လုပ်ဆောင်ဖို့ လိုအပ်ကြောင်း အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်သူအားလုံးက ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ ကလေးငယ်တွေရဲ့အခန်းကဏ္ဍကို အလေးထား ထည့်သွင်း ဆွေးနွေးကြဖို့လိုအပ်ကြောင်း မြန်မာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမှုတိုင်းမှာ တိုက်တွန်း ပြောကြားခဲ့ကြောင်းလည်း Ms. Virginia Gamba ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၁၈ ခုနှစ်က မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်ပြီးတဲ့နောက် ဒါဟာ ဒုတိယအကြိမ်မြောက် သွားရောက်ခြင်း ဖြစ်ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ၂၀၀၄ ၊ ၂၀၀၅ ၊ ၂၀၀၉ ၊ ၂၀၁၁ နဲ့ ၂၀၁၅ တို့မှာ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေအရ ကလေးသူငယ်တွေအပေါ် ကြီးမားတဲ့အခွင့်အရေးချိုးဖောက်မှုတွေ မကျူးလွန်ရေးအတွက် ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ပြီး အဲဒီ ကျူးလွန်မှုတွေအတွက် စောင့်ကြည့် အစီရင်ခံတဲ့ အစီအစဉ်တွေကို ချမှတ်ခဲ့ပြီး အဲဒီ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးဆိုင်ရာ လုပ်ငန်းအစီအစဉ်တွေကိုလည်း ကုလသမဂ္ဂအတွင်းရေးမှူးရဲ့ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ နှစ်စဉ်အစီရင်ခံစာမှာ ပူးတွဲဖော်ပြဖို့ ဆုံးဖြတ်ချက် ချထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


.....................


( Unicode)








ဆက်စပ်သတင်းများ ...

XS
SM
MD
LG