သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပဋိပက္ခကြောင့် ကလေးငယ်တွေ ပညာရေးထိခိုက်


ရခိုင်ပဋိပက္ခကြောင့် ထွက်ပြေးလာတဲ့ ကလေးငယ်များ (photo-Rakhine Ethnics Congress)
ရခိုင်ပဋိပက္ခကြောင့် ထွက်ပြေးလာတဲ့ ကလေးငယ်များ (photo-Rakhine Ethnics Congress)

မြန်မာစစ်တပ်နဲ့AAရခိုင်လက်နက်ကိုင်အဖွဲ့တို့စစ်ရေးတင်းမာနေဆဲ ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသက စစ်ရှောင်စခန်းနဲ့ စစ်ရေးပဋိပက္ခဒေသက သောင်းနဲ့ချီတဲ့ကလေးတွေ ပညာသင်ကြားရေးမှာ အခက်ခဲတွေရှိနေတယ်လို့ ရခိုင်လူမှုအဖွဲ့ အစည်း တာဝန်ရှိသူတွေကပြောပါတယ်။ ဒေသအတွင်းလုံခြုံရေးအခြေအနေကြောင့် ဆရာဆရာမနည်းပါးမှု စစ်ရှောင်စခန်း တွေမှာလဲ စာသင်ခန်း မလုံလောက်မှုတွေရှိနေတယ်လို့ဆိုပါတယ်။ ပြည်နယ်အစိုးရအနေနဲ့လည်း ကတိအတိုင်း ကူညီ ဆောင်ရွက်မှုတွေမတွေ့ရှိသေးဘူးလို့လဲ လွှတ်တော်ကိုယ်စားလှယ်တွေကပြောပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်း ထောက် နိုင်ကွန်းအိန် ကနေ သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေမှာနဲ့ စစ်ရေးပဋိပက္ခဒေသက ကျောင်းနေ အရွယ်ကလေး တော်တော်များဟာ ပညာသင်ကြားရေးမှာ အခက်တွေ့နေကြတယ်လို့ စစ်တမ်း ကောက်ယူထားတဲ့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး (REC)ရဲ့ဥက္ကဌ ဦးရွှေဘော်စိန်ကပြောပါတယ်။

“စစ်ရှောင်စခန်းမှာရှိတဲ့ဦးရေနဲ့ စခန်းရဲ့ပြင်ပမှာရှိတဲ့ကျောင်းသားဦးရေကိုကြည့်လိုက်တဲ့အခါကျတော့ (၂၀၀၀၀)နီးပါး လောက်တော့ ကျွန်တော်တို့ ပညာသင်ကြားမှု အခက်ခဲရှိနေတာကို ကျွန်တော်တို့လေ့လာတွေ့ရှိရတယ်။ ပညာသင်ကြား မှုအပိုင်းတွေက စစ်ရှောင်စခန်းလို့မဟုတ်ဘူး။ ဒီပဋိပက္ခ ဖြစ်တဲ့ဧရိယာထဲမှာထွက်ပြေးလာတဲ့ ကျေးရွာပေါင်းတော်တော် များများဟာ ကျောင်းမဖွင့်နိုင်ကြဘူး။ တချို့ရွာတွေထဲမှာဆိုလို့ရှိရင်လဲ ခဏလာပြီးတော့ဆရာဆရာမတွေက တာ ဝန်အရလာပြီး ဖွင့်ပေးတယ်။ ပြီးတော့ပြန်သွားတယ်။ တချို့ကားလမ်းဝန်းရွာကြီးမှာရှိတာလဲ မနက်(၉)နာရီလောက်က ထွက်လာပြီးတော့ ညနေ(၂)နာရီဆိုပြန်သွားတယ်။ အဲဒီစာသင်ချိန်ဆိုလဲ တရက်မှာ နှစ်နာရီ သုံးနာရီလောက်ဘဲရှိတာ ပေါ့နော်။ ကိုယ့်ရဲ့ရပ်ရွာမှာရှိတဲ့ ကျောင်းသားအင်အားနဲ့ ဆိုရင်လဲ မဆန့်ဘူးလေ။ ”

တချို့စစ်ရှောင်စခန်းရှိတဲ့ ရွာတွေမှာစာသင်ကျောင်းရှိပေမဲ့လဲ တိုးလာတဲ့စစ်ရှောင်ကလေးတွေကြောင့် နေရာထိုင်ခင်း မလုံလောက်မှု စာသင်ကြားမယ့် ဆရာဆရာမတွေလဲ ပဋိပက္ခဖြစ်ပွားရာ ဒေသဘက်ကို မလာရဲတဲ့အခြေအနေမှာ ရှိနေ တာပါ။

တချို့စစ်ရှောင်စခန်းမှာ ကိုယ်ထူကိုယ်ထ ပညာသင်ကြားရေးကိုလုပ်ဆောင်နေကြပေမဲ့ အဆင်မပြေသေးတဲ့ အခြေ အနေမှာရှိနေတယ်လို့(REC)ရဲ့ဥက္ကဌ ဦးရွှေဘော်စိန်က ဆက်ပြောပါတယ်။

“တိမ်ညိုစခန်းမှာဆိုလို့ရှိရင်လဲ ကိုယ်ထူကိုယ်ထစနစ်နဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက စာသင်ယာယီ အဆောင်တွေ ဆောက်ပေးထားတာရှိတယ်။ ဒါပေမဲ့ မပြီးသေးဘူး။ တချို့ကျေးရွာမှာဆိုလို့ရှိရင်တော့ စုပေါင်းစနစ်နဲ့သင်ကြားတာတွေ ရှိတယ်။ ဒါပေမဲ့အကုန်လုံးလိုလိုကမသင်နိုင်ကြဘူး။ ဆရာ ဆရာမတွေရဲ့အဖိုးလခ သူတို့ရဲ့ ထောက်ပံ့ကြေးတွေကို ပေးရတယ်။ တချို့မိဘတွေမပေးနိုင်ဘူး။ နောက်ပြီးတော့ စာရွက်စာတန်းကြေးတွေလဲ မလုံလောက်ဘူး။ အဲဒီဟာတွေလဲ မတတ်နိုင်တဲ့ မိဘတွေလဲတပုံကြီးရှိနေတယ်။”

စစ်ရှောင်ကလေးတွေအတွက် ပညာသင်ကြားရေးကိစ္စနဲ့ ပက်သက်လို့ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ကနေ ကူညီပေးမယ် လို့ ပြောဆိုနေပေမဲ့ လက်တွေ့မှာဖြစ်မလာသေးဘူးလို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးထွန်းသာစိန် ကပြော ပါတယ်။

“စစ်ရှောင်ကလေးတွေရဲ့ ပညာသင်ကြားရေးကတော့ဗျာ အစိုးရအဖွဲ့ကပြောတာကတော့ ဒီစစ်ရှောင်ဒုက္ခသည် စခန်းမှာ ရှိနေတဲ့ကလေးတွေကို သူတိုကနေထိုင်တဲ့ စစ်ရှောင်စခန်းရဲ့ နီးနီးနားနားမှာရှိတဲ့ကျောင်းတွေမှာ တက်ခိုင်းမယ်ပေါ့နော်။ တကယ်လို့များ အဲဒီကျောင်းမှာ မဆန့်ဘူးဆိုရင် ဒုက္ခသည်စခန်းမှာဘဲ ကျောင်းဆောင်တွေဆောက်ပြီးတော့ သင်ကြား သွားမယ် လို့တော့ ကျွန်တော်တို့ဒီရခိုင်ပြည်နယ်လွှတ်တော်မှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးတဦးဖြစ်တဲ့ ဦးအောင်ကျော်ဇံ ဆောက်လုပ်ရေးဝန်ကြီးကတော့ ကတိပေးသွားတာရှိတယ်။ ဒါပေမဲ့ အခု ထက်ထိတော့ အဲဒီကိစ္စအကောင်ထည် ဖေါ်ဆောင်ရွက်နေတာမတွေ့ရသေးဘူး။ စစ်ရှောင်ဒုက္ခသည် စခန်းမှာဆိုရင် သားသမီးလေးတွေကို ကျောင်းမှာထား ဖို့ အတွက်က စာသင်ခန်းမလုံလောက်ဘူး။ ကိုယ်တို့ရွာကိုသွားပြီးတော့ ကျောင်းတက်မယ်ဆိုရင်လဲဘဲ မလွယ်ဘူး ဘာ ဖြစ်လဲဆိုတော့ သူတို့ကကြောက်လို့ ထွက်ပြေးလာကြတာကိုး။ဆိုတော့လောလောဆယ် ဒီအတိုင်းဘဲ ရှိနေသေးတယ်။”

ဒုက္ခသည်စခန်းက ကလေးတွေအတွက်ပညာသင်ကြားအတွက် လိုအပ်တဲ့ အကူညီပေးနိုင်ရေး အစီအစဉ်ကိုသိရှိဖို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဆောက်လုပ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံကိုဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖြေဆိုဖို့ငြင်းဆန် ခဲ့ပါတယ်။ ဒါ့အပြင်သက်ဆိုင်ရာ လူမှုရေးနဲ့စည်ပင်ဝန်ကြီး တို့ကိုဆက်သွယ်ခဲ့ပေမဲ့ဆက်သွယ်လို့မရခဲ့ပါဘူး။

ရခိုင်ပြည်နယ်အစိုးရအနေနဲ့ စစ်ဘေးတိမ်းရှောင်နေရတဲ့သူတွေအတွက် ရသေ့တောင်မြို့နယ်မှာ သောင်းဒရားနဲ့ ရွာသစ်ကေရွာ၊ မြောက်ဦးမြို့နယ်မှာ တိမ်ညိုနဲ့ ဓမ္မာရာဇ်ရွာ ၊ပုဏ္ဏားကျွန်းမြို့နယ်မှာ အထက်မြတ်လှဲနဲ့ သာစည်ရွာ ၊မင်းပြားမြို့နယ်မှာ နဒင်ရွာ ဘူးသီးတောင်မြို့နယ်မှာ မြောင်းနားနဲ့ အထက်ကျွဲချိုမော်ရွာ တို့မှာ စစ်ဘေးရှောင် စခန်း တွေကို တည်ဆောက်ပေးဖို့စီစဉ်နေပါတယ်။

ဒါပေမဲ့ ရခိုင်ပြည်နယ်(၇)မြို့နယ်က စစ်ရှောင်တွေအနေနဲ့ အစိုးရသတ်မှတ်ပေးတဲ့ စခန်းမှာနေထိုင်ဖို့ တချို့စစ်ရှောင် တွေအတွက်အခက်ခဲရှိနေတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC)ရဲ့ဥက္ကဌဦးရွှေဘော်စိန်က ပြောပါ တယ်။

REC ရဲ့စာရင်းပြုစုချက်အရ ရခိုင်ပြည်နယ်မြောက်ပိုင်းစစ်ရေးပဋိပက္ခဖြစ်နေတဲ့ဒေသက စစ်ဘေးရှောင် ဒုက္ခသည် စခန်း (၆၀)ခန့်မှာ ခိုလှုံနေတဲ့ ဒုက္ခသည်ဦးရေ (၄၆၀၀၀)ကျော်ရှိပြီး ဒီအထဲမှာ နှစ်သောင်းခန့် ဟာ ကျောင်းနေအရွယ် ကလေး တွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နဲ့AAအဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သလို စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ရေးဟာ မရေရာသေးတဲ့အခြေအနေမှာရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG