သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက်ဒေသမှာ လက်နက်ကိုင်အဖွဲ့တွေ လူသစ်စုဆောင်းမှုကြောင့် ဒေသခံတွေတိမ်းရှောင် 


Shan Rebel group Myanmar - SSPP/SSA North - Creditto SSPP/SSA North
Shan Rebel group Myanmar - SSPP/SSA North - Creditto SSPP/SSA North

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ သိန္နီမြို့နယ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တပ်သားသစ်စုဆောင်း နေတဲ့လုပ်ရပ်ကြောင့် တချို့ ရပ်ရွာကနေတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။ ခုလို ရှမ်းပြည်နယ်ဘက်က စစ်ရေးအခြေအနေအကြောင်း ရန်ကုန်က ပေးပို့တဲ့ သတင်းကို ကိုခင်မောင်စိုးမင်း ကပြောပြပေးမှာပါ။

ရှမ်းမြောက်ဒေသမှာ လက်နက်ကိုင်အဖွဲ့တွေ လူသစ်စုဆောင်းမှုကြောင့် ဒေသခံတွေတိမ်းရှောင်

{{Zawgyi/Unicode}}

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ သိန္နီမြို့နယ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တပ်သားသစ်စုဆောင်း နေတဲ့လုပ်ရပ်ကြောင့် တချို့ ရပ်ရွာကနေတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။ ရှမ်းပြည်တောင်ပိုင်းဒေသတချို့ကနေ SSPP တပ်စခန်းတွေနောက်ဆုတ်ပေးဖို့ စစ်ကောင်စီရဲ့ တောင်းဆိုချက်ကို SSPP ဘက်ကငြင်းဆန်ပြီးနောက်ပိုင်း လွိုင်လင် နန်းစန်မြို့နယ်တွေဘက်မှာ စစ်ကောင်စီနဲ့ ထိပ်တိုက်တွေ့မယ့် အခြေအနေဖြစ်နေတယ်လို့ SSPP ဘက်က ပြောပါတယ်။ ခုလို ရှမ်းပြည်နယ်ဘက်က စစ်ရေးအခြေအနေအကြောင်း ရန်ကုန်က ပေးပို့တဲ့ သတင်းကို ကိုခင်မောင်စိုးမင်း ကပြောပြပေးမှာပါ။

ရှမ်းပြည်နယ်မြောက်ပိုင်းသိန္နီမြို့နယ်မှာ ဒေသအတွင်းလှုပ်ရှားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တပ်သားသစ် စုဆောင်းနေကြပါတယ်။ သိန္နီမြို့နယ်အတွင်းကျေးရွာတွေမှာ မြောက်ပိုင်းရှမ်းပြည်အဖွဲ့ SSPP/SSA နဲ့ ကိုးကန့်တပ်ဖွဲ့တို့ကနေ တပ်သား သစ်စုဆောင်းနေကြတာမှာ SSPPအဖွဲ့က ရှမ်းလူငယ်တွေကို တပ်သားစုဆောင်းနေသလို ကိုးကန့်တပ်ဖွဲ့ကတော့ တရုတ်အနွယ်ကိုးကန့်တွေကို စုဆောင်းခေါ်ယူနေတယ်လို့ သိန္နီမြို့နယ်ဒေသခံတဦးကအခုလိုပြောပါတယ်။

“ ဘယ်လိုစုဆောင်းသလဲဆိုရင်တော့ တအိမ်မှာ သားအမိ သားနှစ်ယောက်ရှိရင် တယောက်ယူတယ်ပေါ့။ ပြီးခဲ့တဲ့ ရက်ကဆိုရင် ရွာမှာကိုဝင်ခေါ်သွားတာပေါ့နော်။ (၇) ယောက်လောက်ပါသွားတာ။ ကျွန်တော်တို့ ခေါင်းကျိန်းကျေးရွာ အုပ်စုပေါ့။ ပါနားရွာပေါ့နော် အဲဒီဖက်မှာ။ အဲဒီဖက်မှာ(၂) ယောက်ပါသွားတယ်လို့ပြောတယ်။ ကျွန်တော်ဖက်ကတော့ SSPPရှိမယ်။ ပြီးတော့ ကိုးကန့်ပေါ့အကို။ ကိုးကန့်ကတော့ သူတို့တရုတ်တွေဘဲယူတာများတယ် ရွာဘက်ပေါ့နော်။ ”

ဒီလိုတပ်သားသစ်စုဆောင်းနေတာကြောင့် ဒေသခံလူငယ်တချို့လဲ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ပြောပါတယ်။

“ တချို့ကလဲ ယိုးဒယားဘက်ပြေးတာလဲရှိတယ်။ ယောကျာ်းလေးသားတွေပေါ့နော်။ စိုးရိမ်တဲ့အနေအထားပေါ့လေ။ ညဆိုရင် အပြင်တောင်မထွက်ရဲဘူး ကျွန်တော်တို့က။ ခနနေဖမ်းဆီးခံရမှာလဲကြောက်တယ်။ ”

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားတဲ့နေရာတွေမှာ ခုလို တပ်သားစုဆောင်းမှုတွေကို လုပ်လေ့ရှိပါတယ်။ လူမှုအဖွဲ့အစည်းတာဝန်ရှိသူတဦးကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အခုလို အတင်းအကြပ် တပ်အင်အားမစုဆောင်းသင့်ဘူးလို့ အခုလိုထောက်ပြပါတယ်။

“ကျွန်တော့်အမြင်ပေါ့နော်။ သူတို့က ဒီရွာသားတွေကို ပြည်သူပြည်သားတွေကို အရင် သူတို့ရဲ့ဦးတည်ချက်ကို ကောင်းကောင်းလေး ပြောပြရင်သူတို့အဲဒီလိုခေါ်စရာမလိုဘူးပေါ့။ တဖက်က စစ်သားလုပ်ရမှာတအားကြောက်ကြတာ အဲဒီလိုမျိုးလဲရှိကြတာပေါ့။ သူတို့ရဲ့ဦးတည်ချက်တွေ ကောင်းကောင်းလေးပြောပြရင်တော့ နားလည်ပြီးမှ ဝင်သွားရင် တော့တမျိုးပေါ့နော်။ အခုဟာက သူတို့က ဒီအတိုင်းဘဲခေါ်တယ်ဆိုတော့ ကျွန်တော်တို့ပြည်သူပြည်သားတွေက ဘယ်အဖွဲ့အစည်းကိုမှ သူတို့ရဲ့ယုံကြည်ချက်ကို ကောင်းကောင်းဘယ်သူမှမသိဘူး။ မသိတော့ကြောက်ပြီး ထွက်ပြေး ကြတာဘဲ။ ”

မြောက်ပိုင်းရှမ်းပြည်တပ်မတော် SSPP/ SSAအဖွဲ့က ဗိုလ်မှူးကြီး စိုင်းဆေးအွမ်ကတော့ အခုလိုတပ်သားသစ်တွေစုဆောင်းတဲ့လုပ်ရပ်ဟာ လုပ်ရိုးလုပ်စဉ်တခုလို့ ပြောပါတယ်။

“ အဲတာတွေတော့အမြဲတမ်းဖြစ်နေပါတယ်။ တောင်းတာက ဗမာစစ်တပ်လဲတောင်းတာဘဲ။ ကချင်လဲတောင်းတယ်။ ရှမ်းလဲတောင်းတယ်။ အကုန်တောင်းတာဘဲ။ အဲဒီလူကောက်တာအကုန်လုံးဘဲ။ ”

သိန္နီမြို့နယ်အတွင်းမှာ ၂၀၂၁ ခုနှစ်လောက်က စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်တွေအကြား ပစ်ခတ် တိုက်ခိုက်မှုတွေရှိခဲ့ပေမဲ့ ဒီနှစ်ပိုင်းထဲ တိုက်ပွဲဖြစ်ပွါးတာမရှိဘူးလို့ဒေသခံတွေကပြောပါတယ်။

ဒါပေမဲ့ ဖေဖော်ဝါရီလကုန်ပိုင်းက စစ်ကောင်စီရဲ့အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်မှုကော်မီတီအဖွဲ့နဲ့ မြောက်ပိုင်းရှမ်းပြည်လက်နက်ကိုင်ကိုယ်စားလှယ်အဖွဲ့တို့ နေပြည်တော်အတွင်း တွေ့ဆုံမှုမှာ ရှမ်းပြည်တောင်ပိုင်း မိုင်းရှုးမြို့ သံလွင်မြစ်ကမ်းတစ်လျှောက်နဲ့ လွိုင်လင်မြို့နယ် ပင်လုံမြို့ဆနင်းဒေသမှာ ရှိနေတဲ့ SSPP/SSA တပ်စခန်းတွေကိုဆုတ်ပေးဖို့ စစ်ကောင်စီကတောင်းဆိုခဲ့ပါတယ်။ ဒီတောင်းဆိုချက်ကို SSPP ဘက်ကလက်မခံခဲ့ပါဘူး။

တပ်ဆုတ်ပေးဖို့ SSPP ဘက်ကငြင်းဆိုပြီးနောက်ပိုင်း ရှမ်းတောင်ဒေသဖြစ်တဲ့ လွိုင်လင်ခရိုင် နန်းစန်မြို့နယ်၊ ရပ်စောက်မြို့နယ်ဘက်မှာ စစ်ကောင်စီတပ်ကနေ အင်အားဖြည့်တင်းထားပြီး အခုအချိန်မှာ နှစ်ဖက်အဖွဲ့တွေ အသင့်အနေအထားမှာ ရှိနေ တယ်လို့ ဗိုလ်မှူးကြီးစိုင်းဆေးအွမ်ကပြောပါတယ်။

“အခုကျွန်တော်တို့ Face to Face ဖြစ်နေပြီးလေ ဗမာနဲ့။ SSPPနဲ့ ရပ်စောက်ဘက်နဲ့နန့်စန်ဘက်မှာ။ မျက်နှာချင်း ဆိုင်ဖြစ်နေတယ်အခုက။ နန့်စန်နဲ့တအားပို့ထားတာအခု။ ”

ရှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်နဲ့ နမ့်စန်မြို့နယ်ဘက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ အင်အားတိုးချဲ့ စခန်းလာချ နေတာကြောင့် တိုက်ပွဲဖြစ်ပွါးမှာကို ဒေသခံတွေကစိုးရိမ်နေကြပါတယ်။ တိုက်ပွဲဖြစ်လာတော့မယ့် အနေအထားကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တပ်အင်အားစုဆောင်းနေတာလို့ မြို့ခံတချို့က ယူဆနေကြပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းမှာ မြောက်ပိုင်းရှမ်းလက်နက်ကိုင်အဖွဲ့ SSPP/ SSA ၊ တောင်ပိုင်းရှမ်းလက်နက်ကိုင် အဖွဲ RCSS/SSA၊ UWSA ဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ TNLA တအာင်းပလောင်တပ်ဖွဲ့ ၊ ကိုးကန့်တပ်ဖွဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့ အခြေပြုလှုပ်ရှားနေကြတာဖြစ်ပါတယ်။

...................................................

တိုက်ရိုက် လင့်ခ်


{{Zawgyi/Unicode}}
















XS
SM
MD
LG