ဇန်နဝါရီလက ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပတဲ့ စတုတ္ထအကြိမ်မြောက် လန်ချန်း-မဲခေါင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လူငယ်များရဲ့ ဆန်းသစ်တီထွင်ပြိုင်ပွဲ ၂၀၁၉ YICMG (Youth Innovation Competition on Lancang- Mekong Region’s Govenance and Development) မှာ မြန်မာနိုင်ငံက လူငယ် ၃ ဦးပါအဖွဲ့ရဲ့ Solar & Biomass နေနဲ့ဇီဝ စွမ်းအင်ရောသုံးလို့ရတဲ့ အခြောက်ခံစက် (Development of Hybrid Solar Dryer) တီထွင်မှုက ပထမ ရခဲ့ပါတယ်။ ဒီပြိုင်ပွဲနဲ့ ပတ်သက်ပြီး ပြိုင်ပွဲအကဲဖြတ် တဦးဖြစ်တဲ့ ရန်ကုန်တက္ကသိုလ်က ပါမောက္ခ ဒေါက်တာစိမ်းလဲ့အေးက ပြောပြပေးမှာပါ။
ဒေါက်တာစိမ်းလဲ့အေး။ ။“ဒီ competition က နှစ်တိုင်း နှစ်တိုင်း တနှစ်ကို ၂ ကြိမ်ပေါ့၊ ဇန်နဝါရီလမှာ တကြိမ် ဇူလိုင်လမှာ တကြိမ်ကျင်းပပါတယ်။ ရန်ကုန်တက္ကသိုလ် အနေနဲ့ ပြိုင်ပွဲ ဝင်ဖို့ အတွက်ကို ကျောင်းသားတွေကို ကျမတို့က ဖိတ်ခေါ်လိုက်ပါတယ်။ ဒီ project team အဖွဲ့လေးတွေကိုပေါ့နော်။ အဲဒီအခါမှာ ကျမတို့ကို ပြီးခဲ့တဲ့ နှစ်ကဆို အဖွဲ့ အားလုံးပေါင်း ၁၃ ဖွဲ့ပေါ့နော်။ ကျမတို့ ဆီကို တင်ပါတယ်။ အဲဒီ ၁၃ ဖွဲ့ ထဲကနေ ပြီးတော့မှ ကျမတို့က ထပ်ရွေးပေးရပါတယ်။ အကောင်းဆုံး ကိုလေ။ အဲဒီလို ရွေးလိုက်တဲ့ အခါမှာ တနိုင်ငံကို တချို့ နိုင်ငံဆိုရင် team ၃ ခု ထွက်တယ်၊ တချို့ နိုင်ငံကဆို team ၄ ခုပေါ့။ ကျမတို့ မြန်မာနိုင်ငံ အတွက်ကတော့၊ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ မြန်မာပြည် အနေနဲ့ team ၄ ခု အရွေးခံရတယ်။ ပဏာမ ရွေးချယ်လိုက်တာပေါ့။”
မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအိုနဲ့ တရုတ်တို့ပါဝင်တဲ့ ၂၀၁၉ အတွက် မဲခေါင်မြစ်ကြောင်း ဒေသ ၆ နိုင်ငံက လူငယ်တွေရဲ့ ပြိုင်ပွဲကို ကမ္ဘောဒီးယားနိုင်ငံ ဖနုံပင် တော်ဝင်တက္ကသိုလ် Royal University of Phnom Penh မှာ ဇန်နဝါရီလ ၂၂ ရက်ကနေ ၂၆ ရက် အထိ ကျင်းပခဲ့တာပါ။ တရုတ်၊ လာအိုနဲ့ ကမ္ဘောဒီးယား နိုင်ငံတွေက ၃ သင်းစီ၊ မြန်မာနဲ့ ဗီယက်နမ်က ၄ သင်းစီနဲ့ ထိုင်းနိုင်ငံက ၂ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။
အခုပြိုင်ပွဲဟာ သဘာဝဝန်းကျင် မညစ်နွမ်းစေတဲ့ တီထွင်မှု ခေါင်းစဉ် အောက်မှာ ယှဉ်ပြိုင်ရတာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ ရန်ကုန်တက္ကသိုလ် ရူပဗေဒ ပထမနှစ်ဂုဏ်ထူးတန်းက မောင်အုပ်စိုးကျော်၊ မမေမြတ်နိုးဦးနဲ့ မောင်ဇွဲထက်တို့က အကောင်းဆုံးဆုကို ရခဲ့တာ ဖြစ်ပါတယ်။
ဒေါက်တာစိမ်းလဲ့အေး။ ။“၆ နိုင်ငံကနေ အဖွဲ့ ၁၉ ခု ပြိုင်ကြတဲ့ အထဲမှာ အနိုင်ရတဲ့ မြန်မာနိုင်ငံ အသင်းက ရူပဗေဒဌာနက ကလေးတွေပါရှင့်။ ဂုဏ်ထူးတန်း ပထမနှစ်ကပါ။ သူတို့ရဲ့ အသင်းက the most innovative team award ဆိုပြီး ရပါတယ်။ သူတို့ ပြိုင်ခဲ့တဲ့ အကြောင်းအရာက ဘာလဲဆိုရင် Development of Hybrid Solar Dryer ဆိုပြီးတော့ သူတို့က ဆောက်ထားတာပါ။
ဆိုလာ Solar energy နေစွမ်းအင်ကို သုံးပြီး ကျေးလက်ဒေသမှာဖြစ်ဖြစ် သီးနှံတွေကို အခြောက်ခံတဲ့ စက်ကလေးပါ။ ဒါပေမယ့် သူက မိုးတွင်းရောက်လာတဲ့ အခါကျလို့ရှိရင် ဒီနေရောင်ခြည် - ဆိုလာက မရတော့ဘူးလေ။ အဲဒီလို မရတဲ့ အခါကျလို့ရှိရင် ဆိုလာကို မသုံးပဲနဲ့ အဲဒီစက်ကလေးမှာပဲ သူက biomass ကို သုံး ပြီးတော့ - ဒီ စိုက်ပျိုးရေးက ရတဲ့ ဇီဝ စွန့်ပစ်ပစ္စည်းပေါ့ အဲဒီ ဇီဝလောင်စာကို သုံးလို့ ရတယ် ဆိုတဲ့ hybrid solar dryer ဆိုပြီး သူတို့က ဆောက်ခဲ့တာ၊ ဆောက်ဖို့အတွက် ပရော်ဂျက်တွေ ရေးခဲ့တာ ပေါ့နော်။ အဲဒါလေးကနေပြီး ဆုရတာပါရှင့်။ သူက ၂ ခုသုံးလို့ ရတာပေါ့ နွေရာသီဆိုရင် ဆိုလာကို သုံးမယ်။ မိုးရာသီ နေရောင် မရတဲ့အချိန်ဆိုရင် ဒီ biomass ကို သုံးမယ်ဆိုပြီး သူတို့ ဆောက်ထားတဲ့ ဟာလေးပေါ့နော်။”
လန်ချန်း- မဲခေါင်ဒေသ ဖွံဖြိုးရေးအတွက် လူငယ်တွေရဲ့ ဆန်းသစ်တီထွင်မှု ပြိုင်ပွဲကို ဘယ်လိုစခဲ့တယ် ဆိုတာ ပြောပြပေးပါလား။
ဒေါက်တာစိမ်းလဲ့အေး။ ။“ဟုတ်ကဲ့၊ အဲဒါက လွန်ခဲ့တဲ့ - အခုဆို ၄ ကြိမ်ပေါ့နော် - အခုဆို ၄ နှစ် ရှိပါပြီ။ အဲဒီအချိန်ကတည်းက လန်ချန်း- မဲခေါင် ၆ နိုင်ငံအတွက် ရှန်ဟိုင်းမှာရှိတဲ့ ဖူဒန် university တက္ကသိုလ် ကနေ စတဲ့ အစီအစဉ်ပါ။ ဖူဒန် တက္ကသိုလ်ကနေ ဦးဆောင်ပြီးတော့မှ ၆ နိုင်ငံမှာ ရှိတဲ့ တက်လက်စ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေကို startup (လုပ်ငန်းသစ်ကလေးတွေ အတွက် စတင်ဖို့) ပရော်ဂျက်လေးတွေပေါ့ လုပ်ခိုင်းတာ၊ startup ပရော်ဂျက်ဆိုတော့ သူက တကယ် လုပ်ရတာ မဟုတ်သေးဘူးပေါ့။ ဘယ်လို စလို့ ရမလဲ၊ ဆိုတာ မျိုးပါ။ သူတို့ သွားပြိုင်တဲ့ အခါမှာ သူတို့ဟာ သူတို့တော့ experiment စမ်းသပ်မှုလေးတွေ လုပ်ထားတာပေါ့။ ဒါပေမယ့် ဟို အတိအကျ လုပ်ထားပြီးသားမျိုး မဟုတ်ဖူးရှင့်။ အဲတော့ အခု ၄ နှစ်ရှိသွားပြီ။ ၄ နှစ်ပြည့်သွားတဲ့ အခါမှာ မနှစ်ကနေ စပြီးတော့၊ အခုမှ စမှာပေါ့နော်။ သူက အဲဒီ ပရောဂျက်ကို တကယ် အကောင်အထည် ဖေါ်ဖို့အတွက် ယွမ် တသိန်းကို သူတို့က ဒီ ဆုရ အဖွဲ့တွေကို ထောက်ပံ့ပေးမယ်။ ဒီလို ထောက်ပံ့ပေးတဲ့ အခါကျရင် သူတို့ ဆုရထားတဲ့ ပရောဂျက် ကလေးတွေကို ပြန်ပြီး အကောင်ထည် ဖေါ်ဖို့ ပေါ့နော်။ အဲဒီလိုမျိုး လေးတွေ ထောက်ပံ့ဖို့ အစီအစဉ် ရှိတယ်။”
ဒီနှစ်ကမှ စပြီး ယွမ်ငွေ တသိန်းပေးမယ့် အစီအစဉ် စတာပေါ့နော်။
ဟုတ်ကဲ့ ဒီနှစ်မှ စတာ။
ဒီပွဲလုပ်လာတာက ၄ ကြိမ်မြောက် ရှိပြီဆိုတော့၊ မြန်မာနိုင်ငံက ပြီးခဲ့တဲ့ ၃ ကြိမ် တုန်းကရော ဆုရခဲ့တာ ရှိလား။
ဒေါက်တာ စိမ်းလဲ့အေး။ ။“ရတာ ရှိတယ်ရှင့်။ မြန်မာပြည်ကလည်း ၄ နှစ်မှာ ၄ သင်း ဆုရခဲ့ ဘူးပါတယ်ရှင့်။ ဦးဆုံးနှစ်တုန်းကတော့ သူတို့က ရတဲ့အသင်းကိုပဲ ဆုပေးလိုက်တာပေါ့နော်။ နောက်ပိုင်းနှစ်တွေကျတော့ ဆုက အားလုံးပေါင်း ၄ ဆုပေးတယ်။ ဆုကို တနိုင်ငံ တသင်းစီပေးလိုက်တယ်။ မြန်မာပြည်ကလည်း ရတာ ၄ နှစ်မှာ ၄ သင်းရှိပါတယ်။”
ဆုရတဲ့ အသင်းတွေ အနေနဲ့ ဒိုင်သူကြီးတွေဆီကို ဘယ်လိုတင်သွင်းရသလဲ သိချင်ပါတယ်။ သူတို့ တင်သွင်းခဲ့တာက ကနဦး ပရောဂျက်ဆိုတော့ ဘယ်လိုပုံစံမျိုး တင်ရတာပါလဲ။ လက်တွေ့ရော စက်တွေကို လုပ်ပြရတာပါလား။ အနေထားလေး နဲနဲ ပြောပြပေးပါ။
ဒေါက်တာ စိမ်းလဲ့အေး။ ။“အဲဒါက တင်ရမယ့် ပရောဂျက်ကလေးကို ဖူတန် တက္ကသိုလ်ကနေ ပြီးတော့ ၆ နိုင်ငံစလုံးကို ဖြန့်ဝေလိုက်တယ်ပေါ့။ အဲဒီဖြန့်ဝေတဲ့ထဲမှာ ပုံစံ format က အချက်လက် ဖြည့်ရတဲ့ template ပါတာပေါ့နော်။ အဲဒီ ထဲမှာ သူတို့က ဖြည့်ရတယ်။ ဒါပေမယ့် ဒီ ပရောဂျက်ကတော့ တကယ့်အစအဆုံး လုပ်ထားတာမျိုး၊ အကောင်ထည်ဖေါ်တာ မဟုတ်သေးဘူး။ ဒီဖြစ်နိုင်ချေရှိမယ့် ဟာလေးကို သူတို့က စိတ်ကူးနဲ့ပဲ စပြီးတော့မှ ပရောဂျက်ကို တင်လိုက်ရတာ ပေါ့နော်။ အဲဒီထဲမှာ အကုန်လုံးပေါ့နော်။ ကုန်ကျမယ့်ငွေ ကစပြီးတော့ feasibility studies တွေပါ ပါတာပေါ့နော်။ ပြီးတဲ့အခါ ဒီစက်ကလေးကို သူတို့ လုပ်လိုက်ပြီ ဆိုလို့ရှိရင် ငွေရင်းက ဘယ်လောက်ကြာရင် ကြေသွားမယ်၊ လူတွေကို ဘယ်လို အကျိုးပြုမယ် ဆိုတဲ့ ဟာမျိုး ပေါ့နော်။ ငွေကြေးဆိုင်ရာ ဆန်းစစ်မှု - financial analysis ကော၊ စက်ရဲ့ နည်းပညာသက်ရောက်မှု - technical effect ကော၊ အကုန်လုံးကို သူတို့က ဆန်းစစ်ပြီးတော့၊ ဖြစ်နိုင်ချေရှိတဲ့ဟာကို ပေါ့နော်။ စမ်းသပ်မှု - experiment လေးတွေလည်း ကိုယ့်ဌာနမှာကိုယ် ကိုယ့်ဟာကိုယ် အသေးလေးတွေ လုပ်တာပေါ့နော်။ ဒါပေမယ့် တကယ့် ပရောဂျက်ကြီးတခုလုံးက လုပ်ပြီးသား မဟုတ်ဘူးရှင့်။ လုပ်ဖို့အတွက် သူတို့ရဲ့ အစီအစဉ်ပေါ့။ ဒါပေမယ့် သူက လုံးဝ တကယ်ဖြစ်နိုင်တဲ့ - realistic ပရောဂျက်ပေါ့နော်။ အဲဒါလေးကို စိတ်ကူးနဲ့ ရေးပြီးတင်ရတာရှင့်။”
ဒီလို တင်ထားတဲ့ ပရောဂျက်တွေ အတွက် ပြိုင်ပွဲ ဝင်တဲ့ နေရာကို ရောက်တဲ့ အခါမှာ ကိုယ့် ပရောဂျက်ကို ဘယ်လို အစစ်ဆေး ခံကြရ ပါသလဲ။
ဒေါက်တာ စိမ်းလဲ့အေး။ ။“ဟိုကျတဲ့အခါမှာ ရောက်ရောက်ချင်းပဲ သူတို့ရဲ့ ပရောဂျက်ကို တင်ပြရတယ်။ presentation လုပ်တယ်။ အဲဒီအခါမှာ ကျမတို့ expert ကျွမ်းကျင်ပညာရှင် ကော်မတီက တနိုင်ငံကို ၂ ယောက် ပါတယ်။ သူတို့က အဲဒါကို အကဲဖြတ်တယ်။ အကဲဖြတ် ပြီးတဲ့ အခါကျတော့ အမှတ် တခါ ပေးထားတယ်ပေါ့။ ဒီလို ပေးထားပြီး ဒုတိယနေ့ကျရင် ကျမတို့က မဲခေါင် ကဖေး ဆိုပြီးတော့၊ ကျမတို့ ၁၂ ယောက်က စားပွဲ ၁၂ လုံးမှာ ထိုင်နေတယ်။ လာပြိုင်တဲ့ ပရောဂျက် team - အဖွဲ့တွေက အဖွဲ့တခုချင်းစီက အဲဒီ ၁၂ ယောက်လုံးကို လိုက်တွေ့တယ်။ သူတို့ မနေ့က presentation လုပ် တင်ပြထားတဲ့ထဲမှာ တချို့ဟာတွေ ကျတော့ နဲနဲ လိုတာလေးတွေ ရှိတယ်။ ပိုကောင်း အောင် ဘယ်လိုဟာတွေ ထည့်လိုက်ရင် ကောင်းမယ် ဆိုတဲ့ အိုင်ဒီယာကို သိအောင် ကျမတို့ ၁၂ ယောက် စလုံးကို သူတို့က စားပွဲတခုချင်း စီမှာ ထိုင်ပြီးတော့ သူတို့ရဲ့ ပရောဂျက်ကို အဆင့်ပိုမြင့်လာအောင် ဘယ်လို upgrade လုပ်ရင် ကောင်းမလဲ ဆိုတာကို ဆွေးနွေးရတယ်ရှင့်။ အဲဒါ ဒုတိယနေ့ ပေါ့နော်။ တတိယနေ့ ရောက်တဲ့ အခါကျရင် ကျမတို့ ၁၂ ယောက်ရဲ့ အကြံဥာဏ်တွေ ကိုပါ သူတို့က ပေါင်းထည့်ပြီးတော့မှ သူတို့ရဲ့ပရောဂျက်အတွက် future plan - ပေါ့နော်။ နောက်ထပ် သူတို့ ဘယ်လို ဆက်လုပ်မယ် ဆိုတဲ့ပုံစံမျိုးနဲ့ နောက် ဒုတိယအကြိမ် တင်ပြရတယ် - presentation လုပ်တယ်။ နောက်တော့မှ အဲဒီ တင်ပြချက် - presentation ၂ ခုကို ပေါင်းပြီးမှ ဘယ်အဖွဲ့ကတော့ most innovation award တီထွင်မှု အကောင်းဆုံး ဆိုပြီး ဆုကိုပေးတယ်ပေါ့နော်။”
ဒေါက်တာ စိမ်းလဲ့အေးပါ။ နောက်တပတ်မှာတော့ မဲခေါင်ဒေသဖွံ့ဖြိုးရေးမှာ လူငယ်တွေ စိတ်ဝင်တစားနဲ့ ပါဝင်လာအောင် ဘာတွေ လုပ်နေတယ် ဆိုတာကို ဆက်ပြီး တင်ပြပေးအုံးမှာပါ။