ကျောက်မီးသွေးရဲ့ အရည်အသွေးကို ကာဗွန်ဓါတ် ပါဝင်မှုနဲ့ ပိုင်းခြားသတ်မှတ်ပါတယ်။ ကာဗွန်အပြင် ကျောက်မီးသွေးမှာ တခြားဓါတုပစ္စည်းတွေ ပါဝင်နေပြီး သဘာဝက ရတဲ့ ဒီကျောက်မီးသွေးကို လောင်စာအဖြစ် သုံးတဲ့အခါ တွေ့နိုင်တဲ့ ဆိုးကျိုးတွေက များလှတယ်လို့ ဓါတုပညာရှင် ဒေါက်တာခင်မောင်ညိုက ပြောပါတယ်။
အထူးသဖြင့် ကျောက်မီးသွေးမီးရှို့ရင် သူ့မှာပါဝင်တဲ့ ကာဗွန်တို့၊ ဆာလ်ဖာတို့ နိုက်ထရိုဂျင်တို့လို ဓါတုပစ္စည်းတွေဟာ မီးလောင်ပြီး အခိုးအငွေ့အဖြစ်နဲ့ ကာဗွန်ဒိုင်အောက်ဆိုက်အပြင်၊ နိုက်ထရိုဂျင်အောက်ဆိုက်တို့ ဆာလ်ဖာဒိုင်အောက်ဆိုက်တို့လို အောက်ဆိုက်တွေအနေနဲ့ ထွက်လာပါတယ်။ ဒါဟာ ဆိုးဝါးတဲ့ အနံ့အသက်ကို ပေးတဲ့အပြင် အန္တရာယ်လည်း ရှိပါတယ်။ တကယ်လို့ မိုးရေနဲ့ တွေ့ရင်လည်း အက်ဆစ်ဓါတ်တွေ ဖြစ်ပေါ်စေတာပါ။
ကျောက်မီးသွေးမှာ ကာဗွန်ဓါတ်အဓိကပါတာမို့ အန္တရာယ်ကြီးတဲ့ ဖန်လုံအိမ်ဓါတ်ငွေ့ကို ရစေသလို နောက်ဆိုးဝါးတာတခုကတော့ သူ့ရဲ့ ပြာထဲက ယူရေနီယံရဲ့ အန္တရာယ်ပါ။ ကျောက်မီးသွေးကရတဲ့ ယူရေနီယံဟာ ပမာဏ နဲပါးပေမယ့် အနုမြူ ဓါတ်ပေါင်းဖိုက ရတဲ့ ယူရေနီယံ ဓါတ်ရောင်ခြည်ထက် ပြင်းအား အဆ တရာလောက် ပိုများတယ် လို့လည်း ပြောပါတယ်။
ဒီလို အန္တရာယ်များပေမယ့် ကျောက်မီးသွေးကို အဆင့်မြင့် သန့်စင်တဲ့ နည်းပညာ သုံးပြီး ထုတ်မယ်ဆိုရင် အခုကမ္ဘာ့နိုင်ငံကြီးတွေမှာ ထုတ်လုပ်ခွင့်ပေးထားပါတယ်။ ဒီနည်းပညာကို clean coal technology လို့ခေါ်ပြီး အန္တရာယ်ကြီးတဲ့ ဓါတ်တွေ အထွက်နဲနိုင်သမျှ နဲအောင်လုပ်ပေးတဲ့ နည်းတွေကို သုံးရတာပါ။ ကျောက်မီးသွေးကို မီးရှို့ရင်ထွက်လာတဲ့ ပြာတွေ ဓါတ်ငွေ့တွေကို တတ်နိုင်သလောက် ဓါတ်ပြယ်အောင် - ဥပမာ ကယ်လ်ဆီယံအောက်ဆိုက် ခင်းထားတဲ့ အလွှာမှာ ကာဗွန်ဒိုင်အောက်ဆိုက်လို ဓါတ်ငွေ့ကို ဖြတ်ကျော်စေရင် သူကဓါတ်ပြု ပြီး ကယ်လ်ဆီယံ ကာဗွန်နိတ် အဖြစ်ပြောင်းသွား စေတာမျိုးပါ။
ဒါပေမယ့် ဒီနည်းကို သုံးမယ်ဆိုရင် အကောင်းဆုံးအမျိုးအစား ဖြစ်တဲ့ Anthrasite ကို သုံးဖို့ လိုပါတယ်။ ဒါ့ကြောင့် တတိယတန်းစား ကျောက်မီးသွေးထွက်တဲ့ မြန်မာနိုင်ငံအတွက် ဒီအဆင့်မြင့်နည်းပညာကို သုံးပြီး ကျောက်မီးသွေးနဲ့ စွမ်းအင်ထုတ်ဖို့ စဉ်းစားမယ် ဆိုရင် ပြည်ပက တင်သွင်းရမယ့် အနေထားမို့ အဆင်မပြေနိုင်ဘူးလို့ ဒေါက်တာ ခင်မောင်ညိုက ပြောပါတယ်။
အဆင့်မြင့်နည်းပညာသုံးပြီး ဧရာဝတီတိုင်းက ငရုတ်ကောင်းမှာ ကျောက်မီးသွေး လျှပ်စစ်ဓါတ်အားပေး စက်ရုံတည်ဆောက်ရေးစီမံကိန်း လုပ်မယ်ဆိုတဲ့ အစီအစဉ်နဲ့ ပါတ်သက်ပြီး မလုပ်သင့်ဘူးလို့လည်း အကြံပေးပါတယ်။ လျှပ်စစ် မီဂါဝပ် ၅၀၀ ထုတ်စက်ရုံတရုံကနေ အန္တရာယ်ရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုက် တန်ချိန် ၃.၇ သန်း ထွက်တာ အပါအဝင် တခြားအဆိပ်သင့် ဓါတ်ငွေ့တွေက အများကြီး ထွက်ပါတယ်။ အဆိပ်သင့် ယူရေနီယံအပါအဝင် တခြား အန္တရာယ်ရှိတဲ့ အမှုန်အမွှားတွေ ပါဝင်တဲ့ ဓါတ်ပြာကလည်း တန်ချိန်ပေါင်းများစွာ ထွက်တာပါ။ ဒီပြာတွေဟာ မိုင်နဲ့ ချီပျံ့လွင့်နိုင်သလို ထွက်လာတဲ့ ဓါတ်ငွေ့တွေကနေ အက်ဆစ်မိုး ဖန်တီးနိုင်ပါတယ်။ ဒါ့ကြောင့် ဧရာဝတီတိုင်းလို့ လူဦးရေထူထပ်ပြီး စိုက်ပျိုးရေး နဲ့ မွေးမြူရေး အဓိက အားထားရတဲ့ နေရာအတွက် အန္တရာယ် ကြီလှပါတယ်။ ပင်လယ်ရေ အဝင်အထွက် ရှိပြီး မြစ်ချောင်းတွေတွေပေါများတဲ့ ဒေသမို့လည်း ရေရဲ့ pH လို့ ခေါ်တဲ့ အက်စစ်ဓါတ်၊ အယ်လ်ကာလီဓါတ် ပါဝင်နှုံးတွေကိုပါ အပြောင်းအလဲတွေ ဖြစ်စေနိုင်တယ်လို့လည်း ထောက်ပြပါတယ်။