သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစုဖွဲ့ပိုင် သစ်တော


Home of Teak, Burma Forest (Photo credit U Maung Maung Soe)
Home of Teak, Burma Forest (Photo credit U Maung Maung Soe)

မြန်မာနိုင်ငံမှာ အခုထိ မအောင်မြင်သေးတဲ့ အစုဖွဲ့ပိုင် သစ်တောနဲ့ ပါတ်သက်ပြီး သစ်တောပညာရှင် ဦးဝင်းမော်ကို မေးမြန်းပြီး တင်ပြပေးမှာပါ။

အစုဖွဲ့ပိုင် သစ်တော

မြန်မာ့ သစ်တော
please wait

No media source currently available

0:00 0:07:04 0:00
တိုက်ရိုက် လင့်ခ်

မြန်မာနိုင်ငံမှာ အခုထိ မအောင်မြင်သေးတဲ့ အစုဖွဲ့ပိုင် သစ်တောနဲ့ ပါတ်သက်ပြီး သစ်တောပညာရှင် ဦးဝင်းမော်ကို မေးမြန်းပြီး တင်ပြပေးမှာပါ။

အစုဖွဲ့ပိုင် သစ်တောဆိုတာဟာ ရွာတွေရဲ့ အနီးနားဝန်းကျင်မှာ ရှိတဲ့သစ်တောတွေ ကို ရွာခံ ဒေသခံတွေက ပိုင်ဆိုင်ပြီး ဒေသခံတွေကပဲ ထိမ်းသိမ်းစောင့်ရှောက်ပြီး အဲဒီ သစ်တောထွက် ပစ္စည်းတွေ ဆီက သူတို့ အကျိုးခံစားခွင့်ရအောင် လုပ်ပေးတဲ့ အစီအစဉ် ဖြစ်ပါတယ်။

အစုအဖွဲ့ပိုင် သစ်တောအတွက် သစ်တောဦးစီးဌာနနဲ့ အစုအဖွဲ့တို့ စာချုပ် ချုပ်ပြီး ဆောင်ရွက်ရပါတယ်။ စာချုပ်အရ သစ်တောဦးစီးဌာနက သတ်မှတ်တဲ့ စည်းမျဉ်း စည်းကမ်းတွေအတိုင်း လိုက်နာပြီး အစုအဖွဲ့က လုပ်ဆောင်ပေးရပါတယ်။ သစ်တော ပြုစု ပျိုးထောင်တဲ့ လုပ်ငန်းတွေ၊ ဥပမာ သစ်တော ပေါင်းရှင်းတာ၊ ကိုင်းချိုင်တာလို ပြုစု စောင့်ရှောက်တဲ့ လုပ်ငန်းတွေ လုပ်ပေးရမှာပါ။ သစ်တောဦးစီး ဌာနက အဲဒီအစုအဖွဲ့ကို သတ်မှတ်နှစ် အတိုင်းအတာ တခုမှာ ထင်းခုတ်ခွင့် ချပေးတာ၊ သစ်ထုတ်ခွင့်ပြုတာနဲ့ အစုအဖွဲ့အတွက် ခံစားခွင့်ချပေးပါတယ်။

ဒီအစုအဖွဲ့မှာ ခေါင်းဆောင်တဲ့သူအပြင် လက်တွဲလုပ်ဆောင်မယ့် အဖွဲ့ခွဲတွေရှိရမှာ ဖြစ်ပြီး ဒီအဖွဲ့အစည်းကနေ သစ်တောဦးစီးရဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ရင်း အစုအဖွဲ့အတွက် ရရှိမယ့် ခံစားခွင့်တွေကို ခွဲဝေရယူနိုင်ပါတယ်။ ဒီအစုအဖွဲ့က ချမှတ်စည်းမျဉ်းတွေအတိုင်း လုပ်ဆောင်နိုင်မယ်ဆိုရင် သစ်တောထိမ်းသိမ်းရေး အတွက်ရော၊ ဒေသခံတွေအတွက်ပါ ၂ ဦး ၂ ဖက်အတော် အကျိုးရှိတဲ့ လုပ်ရပ်တခု ဖြစ်ပါတယ်။

အခုလို အကျိုးရှိတဲ့ လုပ်ငန်းဖြစ်ပေမယ့် လက်ရှိ မြန်မာနိုင်ငံမှာတော့ ဒီလုပ်ငန်းအတွက် အားနဲချက်တွေရှိနေတာပါ။ လူအစုအဖွဲ့နဲ့ လုပ်ဆောင်တဲ့ လုပ်ငန်းတခုအတွက် အဓိက အားနဲချက်က လူတွေ ပဲ ဖြစ်တယ်လို့ ဦးဝင်းမော်က ပြောပါတယ်။

ဒီအစုအဖွဲ့အတွက် ဒေသခံ ရွာနေလူထုကို တကယ် အကျိုးပြုမပြု သေသေချာချာ စီစစ်ဖို့ လိုနေပါတယ်။ ကိုယ်လိုချင်တာပဲ ရအောင် လုပ်မယ့် လူတွေ၊ သစ်တောကို တခြားပုံပြောင်းပြီး မြေပိုင်ဆိုင်မှု ရအောင်ပဲ လုပ်မယ့် လူတွေ မဖြစ်ဖို့ လိုပါတယ်။ လက်ရှိမှာ တချို့ အစုအဖွဲ့တွေဟာ လူတစု နံမယ်ခံပြီး အစုဖွဲ့ပိုင်သစ်တော ခေါင်းစဉ်အောက်မှာ လုပ်ပိုင်ခွင့်ရှိအောင် လေ ျှာက်ထားပြီး သူတို့ ကောင်းကျိုး သူတို့ရဲ့ ရပိုင်ခွင့် သူတို့ရဲ့ အကျိုးအမြတ်အတွက်ပဲ ကွက်ပြီး လုပ်နေတာ တွေ့ရပါတယ်။ ဒီအခါမှာ သစ်တောဦးစီး ဌာနက မေ ျှာ်မှန်းထားတဲ့ သဘာဝ ပါတ်ဝန်းကျင် ထိမ်းသိမ်းရေး နဲ့ ဒေသတခုလုံးရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးရေးတွေ အတွက် ဖြစ်မလာတော့ပါဘူး။

ဥပမာ အစုဖွဲ့ပိုင် သစ်တောဆို ယူလိုက်ပြီးတဲ့နောက် အဲဒီထဲမှာ အဆောက်အဦးတွေ ခိုင်ခိုင်ခန့်ခန့် ဆောက်၊ တချို့ဆို ဟော်တယ်တွေပါ ဆောက်လာကြပြီး၊ နောက်ပိုင်းမှာ ကြိုးဝိုင်းမြေကနေ ရအောင် ပယ်ဖျက်တာမျိုးတွေ အပြင် ဂရံပေါက်အောင် လုပ်တာ ရောင်းစားတာ တွေပါ ရှိနေတာပါ။ တကယ်ဆို ဥပဒေနဲ့ ပြုထားတဲ့ ကြိုးဝိုင်းဟာ ကြိုးဝိုင်း အဖြစ်ပဲဆက်ရှိနေဖို့ လိုပါတယ်။

ဒီလို အကျိုးရှိတဲ့ အစုဖွဲ့ပိုင်သစ်တောနဲ့ ပါတ်သက်ပြီး အစိုးရပိုင်းတာဝန်က ဘာပါလဲ။ဘာတွေ လုပ်ပေးသင့်ပါသလဲ။

အစုအဖွဲ့ လုပ်ဆောင်တဲ့ အခါမှာ ဒီအစုအဖွဲ့ဟာ ဒေသခံတွေအတွက် အကျိုးရှိဖို့ တကယ်ဖြစ်မဖြစ်၊ သစ်တောဦးစီးဌာနက ချမှတ်တဲ့ စည်းမျဉ်း စည်းကမ်းတွေ အတိုင်း လိုက်နာမနာ၊ သစ်တောပြုစု ပျိုးထောင်ရေး နည်းစံနစ်တွေ အတိုင်းလုပ်မလုပ် ဒါတွေကို ကြပ်မတ်ပေးဖို့ လိုပါတယ်။ ဒါဟာ အရေးအကြီးဆုံး ဖြစ်ပါတယ်။

community forestry လို့ခေါ်တဲ့ အစုဖွဲ့ပိုင် သစ်တော လုပ်ဆောင်မှုမှာ ကမ္ဘာပေါ်က အောင်မြင်မှု အရဆုံး နိုင်ငံက နိပေါနိုင်ငံ ဖြစ်ပါတယ်။ ဒီအစုဖွဲ့ပိုင် သစ်တော်နဲ့ပဲ နိပေါက သစ်တောတွေ အားလုံးကို ပြန်ပြီး ထိမ်းသိမ်းနိုင်ခဲ့သလို ဒေသခံလူထုရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ခဲ့သလို သဘာဝ ဝန်းကျင်ကိုပါ ထိမ်းသိမ်းပေး နိုင်တာမို့ သိပ်ကို နံမယ်ကြီးတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ သိပ်မအောင်မြင်သေးပါဘူး။ ဒါပေမယ့် အစပျိုးနေပြီလို့ ပြောပါတယ်။ အခု လိုက်နာရမယ့် အချက်တွေ၊ ဥပဒေတွေ၊ နည်းဥပဒေတွေအတွက် ညွှန်ကြားချက်တွေ ထုတ်ပြန်ပြီး လုပ်ဆောင်နေပေမယ့် တကယ်တမ်းမှာ ထိထိရောက်ရောက် မကိုင်တွယ်နိုင်သေးတဲ့အတွက် တကယ်တမ်းမှာ အောင်မြင်မှု သိပ်မရသေး ပါဘူး။

ဒါ့အပြင် တောနေလူထုဟာ ထင်းနဲ့ မီးသွေးကို အားထားနေရဆဲ ဖြစ်ပါတယ်။ အစုဖွဲ့ပိုင် သစ်တောဆိုတာ ဒေသခံလူထုလက်ထဲ အပ်လိုက်တာမို့ ထင်းကိုပဲ မဖြစ်မနေ သုံးနေရတဲ့ ချို့တဲ့တဲ့ ဒေသခံတွေဟာ ထင်းခုတ်ခွင့်အတွက် သတ်မှတ်ပေးတဲ့ အချိန် မတိုင်ခင်မှာပဲ သူတို့ပိုင်တဲ့ သစ်တောဆိုပြီး ထင်သလို ထင်းခုတ်တာတွေ လုပ်လာနိုင်ပါတယ်။ ဆွဲထားတဲ့ စည်းမျဉ်းတွေကိုလည်း မလိုက်နာပဲ ဖြစ်လာတာပါ။

တကယ်ကြုံနေရတဲ့ ပြဿနာက တချို့နေရာတွေမှာဆို အစုအဖွဲ့ မဟုတ်ပဲ လူတဦးထဲ တယောက်ထဲက ပိုင်ဆိုင်တာမျိုး ဖြစ်နေပြီး အဲဒီပိုင်နက်ထဲမှာ ဟော်တယ်တွေ အိမ်တွေ တည်ဆောက်တာရှိနေတယ်လို့ ထောက်ပြပါတယ်။ အထူးသဖြင့် မြို့နဲ့နီးတဲ့ နေရာတွေမှာ ဆိုရင် ဆိုင်ရာပိုင်ရာတွေနဲ့ ပေါင်းပြီး ကြိုးဝိုင်းမြေကနေ ရိုးရိုးမြေဖြစ်အောင်လုပ် ဂရံရအောင်ယူပြီး ရောင်းစားတာတွေ ဖြစ်လာတယ်လို့လည်းပြောပါတယ်။

ဒါ့ကြောင့် အစုအဖွဲ့ပိုင် သစ်တောလုပ်မယ်ဆိုရင် တကယ့်အစုအဖွဲ့က ပိုင်တာပဲ ဖြစ်စေချင်ပါတယ်။ လူတစုနံမယ်ပြပြီး အစုဖွဲ့အဖြစ်ယူ သစ်တောကို မစောင့်ရှောက်ပဲ ကိုယ်ကျိုးရှာပြီး မြေယာပိုင်ဆိုင်မှုတွေ ရအောင် လုပ်တာမျိုး မဖြစ်စေချင်ဘူးလို့ လည်း ဦးဝင်းမော်က ပြောပါတယ်။

XS
SM
MD
LG