သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံနဲ့ ဆည်တည်ဆောက်မှု


Kalay- Dams- Credit to MOI- ကလေးမြို့ မီဒီယာ

ဒီတပတ်တော့ မြန်မာနိုင်ငံမှာ တည်ဆောက်ထားတဲ့ ဆည်တွေအကြောင်း ပြောပြပေးမှာပါ။ မြန်မာနိုင်ငံမှာ ဆည်တက္ကသိုလ် လို့ တင်စားကြတဲ့ ဆည်တော်ကြီးနဲ့ ကင်းတားလို အကျိုးပြုတဲ့ ဆည်တွေ ရှိသလို မလိုအပ်ပဲ တည်ဆောက်တာတွေပါ ရှိနေတာပါ။

မြန်မာနိုင်ငံနဲ့ ဆည်တည်ဆောက်မှု
please wait

No media source currently available

0:00 0:07:15 0:00
တိုက်ရိုက် လင့်ခ်

ဆည်တည်ဆောက်တာနဲ့ ပတ်သက်ပြီး ခေတ်မီနည်းစံနစ်တွေ၊ အဆင့်မြင့်နည်းပညာတွေ မပေါ်ခင်ကတည်းက မြန်မာဘုရင်တွေက စိုက်ပျိုးရေးအတွက် ဆည်မြောင်းတာတမံ တွေ တည်ဆောက်ခဲ့ကြတာဖြစ်ပြီး အခုဆိုရင် ဆည်ပေါင်း ၃၀၀ ကျော်နေပြီလို့ ဆည်မြောင်းအထူးပြု အင်ဂျင်နီယာ ဘူမိဗေဒပညာရှင် ဦးသိန်းပိုင်က ပြောပါတယ်။

“ဆည်မြောင်းတာတမံတွေကို အနော်ရထာမင်းလက်ထက် ကတည်းက စပြီးတည်ဆောက်ခဲ့သလို ဒီကနေ့ လက်ထက် အထိအောင်လည်း ဆက်ပြီး ဆောက်နေတာတွေ ရှိပါတယ်။ အကြမ်းဖျင်း မြန်မာဘုရင် လက်ထက်ကနေပြီးတော့ ၁၉၆၂ ခုနှစ် အထိကို မြန်မာပြည်မှာ ဆောက်ထားတဲ့ ဆည်ပေါင်းက စာရင်းအရ ၆၉ ခု ရှိတယ်။ ၁၉၆၂ ကနေ ၁၉၈၈- ၈၉ နဝတ အစိုးရ မတက်ခင်အထိ ဆောက်ခဲ့တဲ့ ဆည်အရေအတွက်ကလည်း ၆၉ ခုပဲ။ ၁၉၈၈- ၈၉ ခုနှစ် ကနေ ၂၀၀၉- ၂၀၁၀ အထိ ဒီ နှစ်ပေါင်း ၂၀ လောက် အတွင်းမှာ ဆောက်ခဲ့တဲ့ ဆည်ကျတော့ ၂၁၇ ခုရှိတယ်။ စာရင်းအရပေါ့လေ။ ၂၀၁၀ နောက်ပိုင်း ဆောက်တဲ့ ဆည်ရှိရင် ဒီ့ထက်ပိုများမှာ။”

မြန်မာနိုင်ငံမှာဆောက်ခဲ့တဲ့ ဆည်တွေ တကယ်အကျိုးရှိမရှိ ပြန်သုံးသပ်ဖို့ လိုတယ်လို့လည်း ထောက်ပြပါတယ်။

“၁၉၆၂ ကနေ ၈၈ အထိမှာ ဆောက်တဲ့ဆည်က ၆၉ ခု ပဲရှိတယ်၊ ဒီ့နောက်ပိုင်းမှာ ဆောက်တာက ၂၀၀ ကျော်တောင် ရှိတယ်ဆိုတော့ ၃ ဆ လောက်တောင် များလာတယ်လို့ ပြောလို့ရတယ်။ ဒီဆည်တွေကို ဆောက်တာ။ အဲ့ဒါဆိုရင် စဉ်းစားရမယ့် အချက်က ဒီလောက် နှစ်ပေါင်း ၂၀ အတွင်းမှာ အရင်ကထက် ၃ ဆကျော်လောက် ဆည်အကြီး၊ အသေး၊ အလတ် ၂၀၀ ကျော်လောက် ဆောက်ခဲ့တာ၊ တကယ်ရော လိုအပ်လို့လား။ တိုင်းပြည်အတွက် တကယ်ရော အသုံးကျခဲ့ရဲ့လား၊ အဲဒီအတွက် ကုန်ကျခဲ့တဲ့ ငွေတွေကရော တိုင်းပြည်အတွက် တကယ်အကျိုးရှိပြီး ပြန်ရနိုင်တဲ့ အနေထား ရှိသလား။ ဒါမျိုးတွေ ပြန်ပြီးတော့ စဉ်းစားရမယ်ပေါ့လေ။”

တချို့နေရာတွေမှာ မလိုအပ်ပဲ ဆည်ဆောက်တာမျိုးတွေ ရှိနေပါတယ်။ ဘာကြောင့်ပါလဲ။

“အရင်တုန်းက ကျွန်တော်တို့က စစ်အစိုးရ လက်အောက်မှာ ရှိခဲ့တဲ့ အခါကျတော့ သူတို့ရဲ့ ပေါ်လစီတွေ၊ သူတို့ သတ်မှတ်ထားတဲ့ အတိုင်း - အရင်တုန်းကဆို တလကို ဆည်တဆည် ပြီးအောင် ဖွင့်ပွဲ လုပ်ရမယ်ဘာညာ ပေါ့လေ။ အဲဒီအခါ အမိန့်နဲ့ အာဏာနဲ့ ဆောက်ခိုင်းတဲ့ ဟာတွေ ဖြစ်နေတဲ့ အတွက် ကြောင့် တချို့ဟာတွေက မလိုအပ်ပဲနဲ့ ဆောက်သလိုဟာမျိုးတွေ ရှိနေတယ်။ ဒီအထဲမှာ မသမာမှုတွေလည်း အနဲအများ ပါနိုင်တယ်။ လဒ်ပေး လဒ်ယူမှုတွေ ရှိနိုင်တယ်။ အကြောင်းကြောင်း တွေ ပေါ့လေ။

အထူးသဖြင့် မကွေးတိုင်း မှာဆိုရင် ပေတရာအောက် နိမ့်တဲ့ ဆည်တွေ၊ ဆည်အငယ်တွေပေါ့။ ပေ ၅၀ - ၆၀ - ၇၉ အဲဒီလို အမြင့်ရှိတဲ့ ဆည်တွေမှာဆို တချို့နေရာတွေမှာ သတ်မှတ်တဲ့ ရေလှောင်ပမာဏ မရောက်ရှိတာ၊ မဝင်တာ၊ ရေမရှိပဲနဲ့ ဆည်ကြီးက ခန်းခြောက်နေတဲ့ ပုံစံမျိုး၊ အဲဒီလိုမျိုး ဖြစ်နေတာက ဆည်ပေါင်း ၂၀ - ၃၀ လောက်တောင် ရှိနေတယ်။ အဲဒီလိုမျိုးတွေ ဖြစ်တဲ့အခါကျတော့ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေ တွေသာကုန်သွားတယ်၊ ဆည်တွေဟာ အမည်ခံဆည်တွေပဲ ဖြစ်ပြီးတော့ လက်တွေ့ ဘဝမှာ တကယ်အသုံးဝင်မယ့်၊ ဥပမာ စိုက်ပျိုးမြေအတွက် သော်လည်းကောင်း၊ ကျေးရွာ သောက်သုံးရေ အတွက် သော်လည်းကောင်း၊ တခြားသော အကြောင်းတွေ ကြောင့် သော်လည်းကောင်း အသုံးမတဲ့ပဲနဲ့ တိုင်းပြည်အတွက် ငွေကုန်ပြီးတော့ အကျိုးမရှိတာပဲ အဖတ် တင်တယ်။”

ဆည်တည်ဆောက်လိုက်တဲ့အတွက် သဘာဝ ဝန်းကျင်ထိခိုက်မှုတွေ ရှိသလို ဘယ်လို ကောင်းကျိုးတွေ ရှိတယ်ဆိုတာကို ကြည့်ရအောင်ပါ။

“ဆောက်ထားတဲ့ ဆည်တိုင်းကို အသုံးမတဲ့ဘူးလို့ ပြောတာတော့မဟုတ်ဖူး။ အသုံးတဲ့တဲ့ ဆည်တွေလည်း အများကြီး ရှိတယ်။ ဆည်မြောင်းတာတမံတွေ ဆောက်လိုက်တဲ့ အတွက်ကြောင့် စိုက်ပျိုးမြေတွေ အထူးသဖြင့် အထက်အညာဒေသမှာ ပေါ့လေ၊ စိုက်ပျိုးမြေဧကတွေ အများကြီး တိုးတက်လာတယ်။ စိုက်ပျိုးရေး လုပ်ငန်းလည်း အထိုက်အလျှောက် တိုးတက်လာတယ်။”

“နောက် အရင်တုန်းက ဆိုလို့ရှိရင် အညာဒေသက ပူပြင်းခြောက်သွေ့တဲ့ ဒေသ။ ဆည်တွေ ဆောက်လိုက်တဲ့ အတွက် အနဲနဲ့ အများ စိမ်းလန်းစိုပြေလာတာတွေ ရှိတယ်။ ဆည်ဆောက်လိုက်တဲ့ အခါကျတော့ ရေပြင်ကြီးဖြစ်သွားတဲ့ အခါကျတော့၊ တချို့နေရာတွေမှာ ဆည်ထဲမှာ ငါးတွေ ထည့်မွေးလိုက်တဲ့ အတွက် အရင်တုန်းက အညာဒေသဟာ ငါးတွေလည်း ရှားပါးတဲ့ သဘောရှိတယ်။ အရင်တုန်းက ဆိုလို့ရှိရင်။ အခု မွေးမြူရေးပါ ထည့်လုပ်တာကြောင့် သားငါး ဘာညာ ပိုပြီးတော့ ပေါများလာတဲ့ သဘောရှိတယ်။”

“နောက် ရာသီဥတုက အရင်တုန်းက ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုကနေပြီးတော့ ဆည်ရေမျက်နှာပြင် အကြီးကြီးကနေ ရေငွေ့ပျံတာတွေကြောင့် ပတ်ဝန်းကျင်ကလည်း စိုထိုင်းဆတွေ မြင့်တက်လာတယ်။ ဒီလို ကောင်းတဲ့ အချက်တွေလည်း အများကြီး ရှိပါတယ်။ ဆည်ဆောက်တိုင်း မကောင်းတာ မဟုတ်ဖူး၊ ဆည်တွေဆောက်တိုင်းလည်း လုံးဝအကောင်းကြီးဖြစ်သွားတာ မဟုတ်ဖူး။ အကောင်းနဲ့ အဆိုးကတော့ ဆောက်တဲ့နေရာ၊ ဆည်ရဲ့ပမာဏ၊ ပြန်ပြီး ရရှိနိုင်တဲ့ အကျိုးအမြတ် အဲဒါတွေ အပေါ် မူတည်ပြီးမှပဲ သုံးသပ်ရမှာပါပဲ။”

ဆောက်ပြီးသား ဆည်တွေထဲမှာ ဆည်တက္ကသိုလ်လို့ ခေါ်လို့ရတဲ့ ဆည်တော်ကြီးနဲ့ ကင်းတားဆည်တွေက တကယ်အကျိုးပြုတဲ့ ဆည်တွေပါ။

“ဆည်တော်ကြီး ဆည်တွေက မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲမှာရှိပါတယ်။ အတတ်ပညာပိုင်းအရ ပြောမယ်ဆိုရင် အရင်တုန်းက Dam of University လို့တောင် တင်စားပြီးပြောထားတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့က ဆည်ဆောက်တယ် ဆိုတာ မြစ်ချောင်းတွေကို ပိတ်လိုက်တာ၊ အဲဒီလို ပိတ်တဲ့အခါမှာ မြေသားနဲ့ဖို့ရင် မြေသားတမံပေါ့။ ဒါမှမဟုတ် ကွန်ကရစ်နဲ့ ဆောက်မယ်ဆိုရင် ကွန်ကရစ်တမံပေါ့။ အဲဒီလို မဟုတ်ပဲနဲ့ ကျောက်တုံးတွေကို စီပြီး ကွန်ကရစ်မံပြီး ဆောက်တဲ့ ကျောက်သားတမံပေါ့။ အဲဒါမျိုး အကြမ်းဖျင်းခွဲခြားလို့ ရတယ်။ ဒါက ဆည်ဆောက်တဲ့ အခါမှာ လိုအပ်တဲ့ တည်ဆောက်ရေးပစ္စည်း၊ နောက်ဆည်တွေရဲ့ ဒီဇိုင်းအပေါ်မူတည်ပြီးတော့ ပြုလုပ်ကြရတာ။”

“ဆည်တော်ကြီးကျတော့ သူက ခုနပြောခဲ့တဲ့ ဆည်အမျိုးအစားပေါ့ dam site အဲဒီ အမျိုးအစား ၃ မျိုးစလုံးကို ပေါင်းစည်းပြီးတော့ ဆောက်ထားတဲ့ ဆည်ဖြစ်တယ်ပေါ့။ မန္တလေးတိုင်းအတွင်း စိုက်ပျိုးမြေတွေအတွက် ရေပေးသွင်းတာတွေလည်း လုပ်နိုင်တယ်။ နောက် တချို့ လျှပ်စစ်ဓါတ်အား ထုတ်လို့ရတဲ့ လျှပ်စစ် တာဘိုင်တွေ လည်းရှိတယ်။ ဒါ့အပြင် မန္တလေးမြို့အထိအောင် တူးမြောင်း channel တွေနဲ့ ဆက်ပြီးတော့ တဆင့်တဆင့် အဲဒီလို ပေးသွားတာပေါ့။ မန္တလေးအထိ ရေရအောင် လုပ်ပေးတာလည်း ရှိပါတယ်။ ဆည်တော်ကြီးက ကောင်းတယ်လို့ ပြောရမှာပါ။ ဆောက်ခဲ့တဲ့ နှစ်ကလည်း ကြာသွားပါပြီ။ သုံးခဲ့တဲ့ နှစ်က အများကြီး ကြာပါပြီ။”

“ကင်းတားဆည်ကတော့ လျှပ်စစ် ဓါတ်အား ထုတ်ဖို့ အတွက် အရင်တုန်းကတော့ အရမ်း အကျိုး ဖြစ်ခဲ့တယ်။ နောက်ပြီးတော့ ကင်းတားဆည်ရဲ့ အမြင့်က ဆည်တော်ကြီးထက် အများကြီး မြင့်တယ်။ ရေအား လျှပ်စစ်နဲ့ တွဲဆောက်ထားတဲ့ အတွက်ကြောင့် ရေအားလျှပ်စစ်လည်း ထုတ်ယူနိုင်တယ်၊ စိုက်ပျိုးရေးအတွက်လည်း ရေပေးနိုင်တယ်။ အဲဒီကနေ လာတဲ့ ရေသွယ်မြောင်းတွေကမှ တခါ လူတွေ အသုံးပြုဖို့ ရတာတွေလည်း ရှိပါတယ်။”

မြန်မာပြည်မှာ အကျိုးပြုတဲ့ ဆည်က ဒီ ၂ ခုလောက်ပဲ ထုတ်ပြလို့ ရလား။ အညာအရပ် အလယ်ပိုင်းမှာပေါ့လေ။

“အဲဒီထက်တော့ မကပါဘူး။ ဘာလို့လဲ ဆိုတော့ ဆည်တွေက မြန်မာတပြည်လုံး ဆိုရင် ၂၀၁၀ ခုနှစ်လောက်ဆို ဆည်ပေါင်း ၃၅၅ ခုတောင် ဆောက်ပြီးသွားပြီလေ။”

ဆည် ၃၅၅ ခုထဲက အကျိုးပြုတာက ထက်ဝက်လောက် ရှိသလား။

“ထက်ဝက်တောင် ကျော်နိုင်ပါတယ်။”

အင်ဂျင်နီယာဘူမိဗေဒ ပညာရှင် ဦးသိန်းပိုင်ပါ။

XS
SM
MD
LG