သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုင်စတိုင်းရဲ့ ဒြပ်ဆွဲအားလှိုင်းကို တွေ့ပြီ


အိုင်စတိုင်းရဲ့ ဒြပ်ဆွဲအားလှိုင်း ကို တွေ့ပြီ
အိုင်စတိုင်းရဲ့ ဒြပ်ဆွဲအားလှိုင်း ကို တွေ့ပြီ

လွန်ခဲ့တဲ့ နှစ်ပေါင်း တရာလောက်က ကမ္ဘာကျော် ရူပဗေဒပညာရှင် Albert Einstein တွက်ဆပြောဆိုခဲ့တဲ့ Gravitational Waves လို့ခေါ်တဲ့ ဒြပ်ဆွဲအားလှိုင်း ရှိမရှိ သိပ္ပံပညာရှင်တွေ လက်တွေ့ပြနိုင်ဖို့ ကြိုးစားခဲ့ကြတာ ကြာပါပြီ။ ဒါကို ဒေါ်လာသန်း ၁,၁၀၀ ကျော် အကုန်ကျခံပြီး Washington ပြည်နယ် Hartford နဲ့ Louisiana ပြည်နယ် Livingston မြို့တွေမှာ တည်ဆောက်ထားတဲ့ LIGO - Laser Interferometer Gravitational - Waves Observatory လို့ခေါ်တဲ့ ၂ မိုင်ခွဲလောက်ရှည်တဲ့ လေဆာရောင်ခြည်သုံး ဒြပ်ဆွဲအားလှိုင်း စောင့်ကြည့်ရေး ကိရိယာ ၂ ခုကနေ ၂၀၁၅ စက်တင်ဘာလ ၁၄ ရက်နေ့မှာ တပြိုင်ထဲလိုလို တိုင်းတာနိုင်ခဲ့တာမို့ အခု လက်တွေ့ ပြနိုင်ပါပြီ။

သိပ္ပံပညာရှင်ပေါင်း တထောင်ကျော်နဲ့ စောင့်ကြည့် လေ့လာခဲ့တဲ့ စီမံကိန်း ရလဒ် ဖြစ်တဲ့ ဒြပ်ဆွဲအားလှိုင်းတွေကို အသံအဖြစ် ပြောင်းလဲ နားထောင်လို့ ရအောင်လည်း ဖန်တီးခဲ့ပြီး ဝါရှင်တန် ဒီစီ မြို့တော်က ဖေဖေါ်ဝါရီလ အခမ်းအနားမှာ LIGO ပညာရှင်တွေက ပရိသတ်တွေ နားထောင်နိုင်အောင်ပါ ဖွင့်ပြခဲ့တာပါ။

စကြဝဠာကြီးအကြောင်း လူသားတွေ မသိသေးတာ အများကြီးရှိပါတယ်။ အခု ဒီဒြပ်ဆွဲအားလှိုင်းဟာ လူသားတွေဆီကို အသိပ်သည်းဆုံး အရာဝတ္တုတွေ ကိုပါ ဖြတ်သန်း ရောက်လာနိုင်တာမို့ X-ray ကနေ လူ့ခန္ဓာကိုယ် အတွင်းပိုင်း အကြောင်း သိလာရသလို ဒြပ်ဆွဲအားလှိုင်းကနေ စကြဝဠာကြီးထဲက မသိသေးတာတွေကို သိလာနိုင်တာဖြစ်ပါတယ်။

ဒါ့ကြောင့် အခုတွေ့ရှိချက်ဟာ နက္ခတ္တဗေဒ ပညာရပ်အတွက် သာမက ကျန် သိပ္ပံပညာရပ်တွေအတွက်ပါ အဖိုးမဖြတ်နိုင်ဘူးလို့ Illinois တက္ကသိုလ်က နက္ခတ္တဗေဒ ပညာရှင် ဒေါက်တာဝင်းသာထွေးက ပြောပါတယ်။

၁၉၁၅- ၁၆ မှာ အိုင်စတိုင်းက General Relativity ယေဘုယျ နှိုင်းရနိယာမ ကိုတင်ပြခဲ့ပါတယ်။ အဲဒီမှာ ဒြပ်ထုနဲ့ စွမ်းအင်တို့ရဲ့ ဆက်စပ်ပုံ၊ ဆွဲငင်အားတွေ ရဲ့ ဒြပ်ထုပေါ် မူတည်နေမှုကို တင်ပြခဲ့တာပါ။ ဒါ့အပြင် သူက ကောင်းကင်ပြင်ကို ရွက်ထည်တခု ပမာ တွက်ဆခဲ့ပြီး ဒြပ်ထုများလာလေ သူ့ရဲ့ ဒြပ်ထုဆွဲငင်အားလှိုင်းက များလာလေ လို့ ဆိုပါတယ်။ ဒါတွေဟာ အတိုင်းအဆ မရှိတဲ့အဖြစ်အပျက်တွေ ဥပမာ blackholes လို အနက်ထည် တွင်းတွေ၊ bigbang လို space and time inflation - ဖေါင်းပွမှု ဒါမှမဟုတ် ပေါက်ကွဲမှုကြီးတွေပေါ် မူတည်နေတယ် လို့လည်း ပြောပါတယ်။ ဒီလိုမျိုး ပေါက်ကွဲမှုတွေ ဖြစ်လာမယ်ဆိုရင် ဒြပ်ဆွဲအားလှိုင်းတွေဟာ စကြဝဠာ တခုလုံးကို ပြန့်သွားနိုင်တယ်လို့ ဟောကိန်းထုတ်ခဲ့တာပါ။

ရူပဗေဒပညာရှင်တွေဟာ theory ဟောကိန်းတခုရရင် အပြစ်အနာအဆာ ကို လိုက်လံရှာဖွေလေ့ရှိပါတယ်။ အပြစ်အနာဆာကို တွေ့ဖို့ စမ်းသပ်မှုတွေ အကြိမ်ကြိမ် လုပ်ကြတာပါ။ အခုထိတော့ အိုင်စတိုင်းရဲ့ သီအိုရီမှာ အပစ်မတွေ့သေးဘူးလို့ ပညာရှင်တွေက ပြောပါတယ်။

ဒီ gravitational waves ဟာ သိပ်သေးပြီး တွေ့ဖို့ မလွယ်ဘူးလို့လည်း အိုင်းစတိုင်းက ပြောခဲ့ပါတယ်။ အခုတော့ တိုင်းတာစောင့်ကြည့်မှုမှာ ပိုမိုကောင်းမွန် တဲ့ LIGO လို စက်ကရိယာတွေ သုံးလာနိုင်တာမို့ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အခုလေ့လာမှုဟာ အလင်းနှစ်ပေါင်းသန်းပေါင်း ၁,၃၀၀ လောက်မှာ ရှိတဲ့ နေရာကနေ အနည်ထည်တွင်းကြီး ၂ ခု တခုနဲ့ တခု ပတ်ရင်းနဲ့ ပူးပေါင်း သွားရာက ပေါ်လာတဲ့ ဒြပ်ဆွဲအားလှိုင်းတွေ ကို လေ့လာတာ ဖြစ်ပါတယ်။ ကြီးမားတဲ့ blackholes ကြီး ၂ ခု ဝင်တိုက်တဲ့အခါမှာ အလင်းအလျှင်ရဲ့ တဝက်လောက် ထွက်လာတာမို့ ဒါကိုဖမ်းဖို့ လုပ်ကြတာပါ။ ဖမ်းတဲ့အခါမှာ ၂ မိုင်ခွဲလောက်ရှည်တဲ့ လေဆာရောင်ခြည်သုံး ဒြပ်ဆွဲအားလှိုင်း စောင့်ကြည့်ရေး ကရိယာ (လိုင်ဂို) နဲ့ ဒြပ်ဆွဲအားလှိုင်းကြောင့် ပြောင်းလဲမှု distortion ကို တိုင်းတာတာဖြစ်ပြီး ဒါကို ၂ နေရာစလုံးမှာ ထောက်လှမ်း တွေ့ရှိခဲ့တာပါ။

ဒီ distortion ဟာ ပရိုတွန်တခုရဲ့ တသောင်းပုံ တပုံလောက်ပဲ ရှိတာမို့ တွေ့ဖို့ရာ သိပ်မလွယ်ကူတာမို့ အခုတွေ့ရှိချက်ဟာ ထူးခြားတဲ့ တွေ့ရှိချက် ဖြစ်ပါတယ်။ ဒီတွေ့ရှိချက်ဟာ အစပဲ ရှိသေးတာမို့ ရှေ့ကို အများကြီးလေ့လာဖို့ တံခါးဖွင့်ပေးလိုက်သလိုပဲ အာကာသလေ့လာသူတွေနဲ့ သိပ္ပံပညာ နယ်ပယ်အတွက် လမ်းစတခုအဖြစ် လေ့လာစရာတွေ အများကြီး ပေါ်ထွက်လာတော့မှာ ဖြစ်ပါတယ်။

XS
SM
MD
LG