သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လေထုညစ်ညမ်းမှု လျှော့ချဖို့


Myanmar-Oil Explosion
Myanmar-Oil Explosion

လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာတလွှား သေဆုံးရသူ နှစ်စဉ် သန်းနဲ့ချီရှိနေချိန်မှာ မြန်မာနိုင်ငံအတွက် လေထုညစ်ညမ်းမှုတွေ လျှော့ချဖို့ ဘယ်လိုလုပ်နိုင်တယ် ဆိုတာကို ဒီတပတ်မှာ ပြောပြပါရစေ။

တိုက်ရိုက် လင့်ခ်

ကမ္ဘာတလွှားမှာ လေထုညစ်ညမ်းမှုကြောင့် သေဆုံးရသူ နှစ်စဉ် သန်းနဲ့ချီရှိနေတာကြောင့် လေထုညစ်ညမ်းမှု ပြဿနာကို အရေးတကြီး ဖြေရှင်းကြဖို့ ကုလသမဂ္ဂက ၂၀၁၉ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အတွက် ဆောင်ပုဒ်သတ်မှတ်ပြီး သတိပေးနေချိန်မှာ မြန်မာနိုင်ငံအတွက် လေထုညစ်ညမ်းမှု လျှော့ချဖို့ ဘယ်လိုလုပ်နိုင်တယ် ဆိုတာကို ဒီတပတ်မှာ ပြောပြပါရစေ။

ပူပြင်းခြောက်သွေ့တာ၊ ရေကြီးမြေပြိုတာနဲ့ မုန်တိုင်းတွေ မကြာခဏတိုက်ခတ်ပြီး ပြင်းထန်တဲ့ ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ဆိုးဆိုးဝါးဝါး ခံနေရတဲ့ နိုင်ငံတနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံ အတွက် ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုနဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာ မူဝါဒသစ် ၂ ခုကို ဇွန်လ ၅ ရက်နေ့မှာ ကျရောက်တဲ့ ၂၀၁၉ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိန်းအမှတ် အဖြစ် မြန်မာအစိုးရက မိတ်ဆက်ပေးခဲ့ပြီး ရေရှည်အတွက် ပတ်ဝန်းကျင်ကောင်းရဖို့ လေထုညစ်ညမ်းမှုကို တိုက်ဖျက်သွားမယ်လို့ ကတိပေးခဲ့ပါတယ်။

ဟုတ်ပါတယ်။ လေထုညစ်ညမ်းမှု လျော့ပါးအောင် လုပ်တာဟာ ကမ္ဘာကြီးပူနွေးမှုနဲ့ ရာသီဥတုပြောင်းလဲမှုကို ဖြစ်စေတဲ့ ဓါတ်ငွေ့တွေလျော့ပါးရေးမှာ အဓိက အထောက်အကူဖြစ်စေ ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံအတွက် လေထုညစ်ညမ်းမှုကို အရင်ဆုံး ဖြေရှင်းဖို့ လိုတယ်လို့ သဘာဝဝန်းကျင် အင်ဂျင်နီယာ ဒေါ်အေးအေးကြည်က ပြောပါတယ်။

ဒေါ်အေးအေးကြည်။ ။“ မြန်မာနိုင်ငံအတွက် လေထုညစ်ညမ်းမှု မဖြစ်အောင် ဆိုရင် ပထမဆုံးက သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ကားတွေ လမ်းမတွေပေါ်မှာ နဲနိုင်သမျှ နဲသွား အောင် ဘယ်လိုလုပ်မလဲ၊ လမ်းတွေပေါ်က ကားတွေ အရည်အသွေးကောင်းအောင် ဘယ်လို လုပ်မလဲ ဆိုတာ ကြည့်ရမယ်။ နောက် ကားတွေကို နှစ်တိုင်းနှစ်တိုင်း စစ်ဆေးတဲ့ အခါမှာ သူတို့က လေထုညစ်ညမ်းစေတဲ့ အခိုးတွေ မီးခိုးပိုက်ကနေ ဘယ်လောက်ထွက်နေတယ် ဆိုတာကို သေသေချာချာ စစ်သလား။ သေချာကြည့်ဖို့ လိုတယ်။ နောက် လူအများသုံးတဲ့ စံနစ် - ဘတ်စကား တို့၊ သင်္ဘောတို့၊ မီးရထားတို့၊ လေယာဉ်ပျံတို့၊ အဲဒါတွေကို ကောင်းမွန်တဲ့ စံနစ်ထူထောင် ပေးခြင်း အားဖြင့် ကားတကားချင်း သွားစရာ မလိုပဲနဲ့ လူအများ တကားထဲမှာ သွားနိုင်အောင် လုပ်ဖို့လိုပါတယ်။ ဒါ့အပြင် သွားတဲ့ အခေါက်ရေကို လျှော့ချဖို့ လုပ်ရမှာပါ။၊ စည်ပင်ဖြစ်စေ၊ မြို့တော်ဝန်ဖြစ်စေ၊ တိုင်းအင်ဂျင်နီယာ ကဖြစ်စေက လမ်းမတွေပေါ်မှာ ကာအစင်းရေ နဲသွားအောင်နဲ့ လူတွေ ချောချောမောမော သွားနိုင်အောင် အဲဒါမျိုးတွေ လုပ်ပေးသင့်ပါတယ်။”

သယ်ယူပို့ဆောင်ရေးဟာ ရုပ်ကြွင်းလောင်စာတွေကို သုံးရတဲ့အတွက် လေထုညစ်ညမ်းမှုကို အဓိကဖြစ်စေတာပါ။ ဒါ့အပြင် ရှိပြီးသား လောင်စာသုံးစွဲမှု ကြီးမားတဲ့ကဏ္ဍတွေကို ဆန်းစစ်ပြီး လျှော့ချဖို့ အသစ်လုပ်မယ့် စီမံကိန်းတွေကို စီစစ်ဖို့ လိုပါတယ်။

ဒေါ်အေးအေးကြည်။ ။“မြန်မာပြည်မှာ ရှိတဲ့ ကြီးမားသော လေထုညစ်ညမ်းမှု ဖြစ်စေသော၊ အရင်းအမြစ်များကို ပြန်ကြည့်သင့်တယ်။ ရှိရင်းစွဲတွေကိုပေါ့နော်။ သူတို့မှာ အညစ်အကြေးတွေကို လျှော့ချဖို့၊ ဘယ်လို ထိန်းချုပ်တဲ့ စံနစ်တွေ တပ်လို့ ရမလဲ၊ တပ်လို့ ရမယ် ဆိုရင် တပ်သင့်တယ်။ အထူးသဖြင့် အမှုန်အမွှားတွေ လျှော့ချဖို့၊ ဓါတ်ငွေ့တွေ လေထုထဲ ရောက်မယ့်ဟာကို လျှော့ချသင့်တယ်။ နောက်ပြီးတော့လဲ ရှေ့တိုးပြီး လုပ်မယ့် ပရောဂျက်တွေ စက်ရုံအလုပ်ရုံ ဆောက်တာတွေ ရှိမယ်။ အဲဒီလို ဆိုရင် သဘာဝ ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ဖို့၊ သက်ရောက်မှု ဘာတွေ ရှိသလဲ ဆိုတာ ဆန်းစစ်ဖို့ပါ။ အစီရင်ခံစာတွေ လုပ်တာတော့ ရှိတယ်။ သို့သော်လည်း ဘာတွေ လုပ်ရမယ် ဆိုတာက စာရွက်ပေါ်မှာတင် ရှိတာ မဟုတ်ပဲနဲ့ တကယ်ပဲ ထိထိရောက်ရောက် ဖြစ်စေတဲ့၊ စံနစ်တခု ရှိဖို့ လိုတယ်။ အဲဒါ အရေးကြီးတယ်။”

မီးလောင်ကျွမ်းမှုကနေ လေထုညစ်ညမ်းစေမှုကို လျှော့ချဖို့ ကလည်း အရေးကြီးပါတယ်။

ဒေါ်အေးအေးကြည်။ ။“မီးဘေးအန္တရာယ်ကို လျှော့ချရမယ်။ ဘာလို့လည်းဆိုတော့ မီးလောင်ပြီ ဆိုရင် လေထဲမှာ ညစ်ညမ်းစေတဲ့ အရာတွေ အများကြီးရောက်တယ်။ ဖုံက အစ။ အဲဒီတော့ လူလုပ်တဲ့ ဟာတွေကြောင့် ဖြစ်လာတာ မျိုးကို လျှော့နိုင်သမျှ လျှော့ပေးရမယ်။ ဥပမာ အမှိုက်ပစ်တာက အစ အမှိုက်သိမ်းတာ၊ လူနေအိမ်တွေမှာ သတိထားရမယ်။ ရပ်ကွက်တွေ မှာလည်း မီးမလောင်အောင် ဘယ်လိုလုပ်မလဲ ဆိုတာ တွေ ကြိုတင် လုပ်ထားရမယ်။ အဲဒီ မီးနဲ့ တဆက်ထဲမှာပဲ ဖန်လုံအိမ် ဓါတ်ငွေ့ တွေ လျှော့ချဖို့က အဓိကပဲ။ CO2 ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်တွေ လျှော့ချဖို့ ဆိုရင် သစ်ပင်တွေ များများ ရှိဖို့လိုတယ်။”

သစ်ပင်တွေဟာ သိပ်ကိုအရေးပါတဲ့အတွက် သစ်ပင်တွေတိုးလာအောင် ကြိုးစားနိုင်တဲ့ အချက် ၃ ချက်ရှိတယ်လို့ ပြောပါတယ်။

ဒေါ်အေးအေးကြည်။ ။“မြန်မာပြည်မှာ သစ်ပင်တွေ အရေအတွက် လျော့သွားတာက သစ်ခိုးထုတ် တာက အများကြီးပါတယ်။ အဲဒီတော့ သစ်ခိုးထုတ်တာတွေကို နိုင်နိုင်နင်းနင်း ပိတ်ပင်ရမယ်။ နောက်တခုက ရှိရင်းစွဲ သစ်ပင်တွေအတွက် ဒီသစ်ပင်တွေကို လမ်းဖေါက်တာဖြစ်ဖြစ်၊ တံတား ဆောက်တာဖြစ်ဖြစ်၊ အဆောက်အဦး ဆောက်တာပဲ ဖြစ်ဖြစ် မလိုအပ်ပဲနဲ့ ခုတ်ချပစ်တာမျိုး မလုပ်သင့် ဘူး။ နောက်တချက်က သစ်ပင်တွေကို လူတိုင်း ပိုပြီး စိုက်သင့်တယ်။ စိုက်တဲ့အခါမှာလည်း ဒီလို ရပ်ကွက်တခုချင်း အနေနဲ့ ကိုယ်စိုက်ချင်သလို စိုက်တာမျိုး မဟုတ်ပဲနဲ့ အစိုးရနဲ့ ပူးပေါင်းပြီး ဘယ်နေရာမျိုး ကတော့ စိုက်သင့်တယ်။ ဘယ်နေရာမျိုးက မစိုက်သင့်ဘူးလဲ ဆိုတာ၊ အမျိုးအစားက အစ၊ ဘယ်နှစ်ပင် ဆိုတာကအစ သတ်မှတ်ပြီး စံနစ်တကျ လုပ်သင့်တယ်။ ဒီလိုမလုပ်ရင် ပြန်ခုတ်နေရ မယ်။ စိုက်တာ မဟုတ်လို့ ရှိရင်။ ဒီလို ဘာကြောင့် လုပ်သင့်သလဲ ဆိုတော့ ကာဗွန်ဒိုင်အောက်ဆိုဒ် ကို သူက စုပ်ယူနိုင်တယ်။

သစ်ပင်တပင်က တနှစ်မှာ ဆိုရင် သူက ကာဗွန်ဒိုင်အောက်ဆိုဒ် ၄၈ ပေါင် စုပ်ယူတယ်။ အဲဒီတော့ အနှစ် ၄၀ ရှိတဲ့ အပင်ဆိုလို့ရှိရင် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို တတန်လောက် စုပ်ယူမယ်။ ဒါကြောင့် သစ်ပင်ရဲ့ကဏ္ဍက အင်မတန် အရေးပါပါတယ်။ နောက်ပြီး သစ်ပင်ရှိခြင်းအားဖြင့် မြေဆီလွှာ ပြုန်းတီး ခြင်းကို ကာကွယ်တယ်။ အဲဒီလို မြေဆီလွှာ ပြုန်းမယ် ဆိုရင် ဖုံတွေလည်း လွင့်တာပေါ့နော်။ နောက်ပြီး မြေဆီလွှာ မပြုန်းဘူးဆိုရင် မြေကြီးထဲမှာ နေတဲ့ ပိုးမွှားအကောင် အသေးလေးတွေ နေနိုင်ဖို့ သူတို့အတွက် နေရာလေး လုပ်ပေးသလို ဖြစ်တယ်။ အဲဒီတော့ ဒီသစ်ပင်တွေရဲ့ ကဏ္ဍက အရေးကြီးတယ်။”

နောက်အရေးပါတဲ့ အချက်တခုက ညစ်ညမ်းပစ္စည်းတွေ စွန့်ထုတ်နိုင်တဲ့ စက်ရုံ အလုပ်ရုံတွေ လုပ်ကိုင်ခွင့် ပါမစ်ကို စံနစ်တကျ သတ်မှတ်ပေးဖို့ဖြစ်ပါတယ်။

ဒေါ်အေးအေးကြည်။ ။“ရှိရင်းစွဲ စက်ရုံ အလုပ်ရုံတွေက တခါ ဆောက်လုပ်ခွင့် ရပြီး လည်ပတ်နေပြီ ဆိုရင် သူတို့ကို ရပ်အောင် လုပ်ဖို့၊ ဥပဒေ လိုက်နာအောင် လုပ်ဖို့က အင်မတန် ခက်နေတယ်။ ဒါကြောင့် သူတို့အတွက် လေထုညစ်ညမ်းမှုနဲ့ ပတ်သက်ပြီးတော့ ပါမစ်စံနစ် တခုကို ခိုင်ခိုင်မာမာ တည်ဆောက်ဖို့ အတွက် အဲဒီစံနစ်အောက်မှာ လေထုညစ်ညမ်းမှုနဲ့ ဆိုင်တဲ့ သတ်သတ် ပါမစ်တခု ပေးသင့်တယ်။ အဲဒီပါမစ်မှာ ဖေါ်ပြထားတဲ့ အခြေနေတွေ အတိုင်း သူတို့ မလည်ပတ်ဖူး ဆိုရင် သူတို့ကို ရပ်ပစ်နိုင်ဖို့၊ သူတို့ကို သတိပေးနိုင်ဖို့။ နောက်ပြီး ပါမစ်သက်တမ်းကိုလည်း ကန့်သတ်ပေးဖို့။ ဥပမာ ၅ နှစ်သက်တမ်း လို့ ထားလို့ရှိရင် ဒီသက်တမ်းအတွင်းမှာ သူတို့ မလိုက်နာဘူး ဆိုရင် သူတို့ ဆက်ပြီးလည်ပတ်လို့ မရဘူးဆိုတဲ့ ပြန်လည်ပြီးထိန်းချုပ်နိုင်တဲ့ ပါမစ် စံနစ်တခုကို ထားသင့်တယ်။ ဒါမှပဲ သူတို့က လိုက်နာမယ်။

နောက် လေထု အခြေနေ ဘယ်လောက်ဆိုးတယ် ဆိုတာ သိဖို့အတွက် တိုင်းတာဖို့ လိုတယ်။ အဲဒီလို တိုင်းတာဖို့ လိုအပ်တဲ့ ပံ့ပိုးမှုကို ပေးသင့်တယ်။ ဒီလို လုပ်တဲ့အခါ စေတနာနဲ့ လုပ်အားပေးမယ့်သူ အများကြီး သုံးဖို့ လိုသလို ပညာပေးတွေလည်း အများကြီး လုပ်ဖို့ လိုပါတယ်။”

သဘာဝဝန်းကျင် အင်ဂျင်နီယာ ဒေါ်အေးအေးကြည်ပါ။

XS
SM
MD
LG