St. Martin's ကျွန်းကို မြန်မာအစိုးရ ဝက်ဘက်ဆိုက်ပေါ်က မြေပုံပေါ်မှာ မြန်မာပိုင်အဖြစ် တင်ပြထားတာကို ဘင်္ဂလားဒေ့ရှ်ဘက်က ကန့်ကွက်မှုတွေလုပ်ခဲ့တဲ့ နောက်ပိုင်း ပြန်ဖယ်ရှား ပေးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်ကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ်မြေပုံကို မှားယွင်းစွာဖော်ပြထားတာနဲ့ ပတ်သက်ပြီး စနေနေ့က ဘင်္ဂလားဒေ့ရှ် အစိုးရက မြန်မာသံအမတ်ကြီး ဦးလွင်ဦးကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာအစိုးရ လူဦးရေဌာနရဲ့ dop.gov.mm (Department of Population) နဲ့ နောက် ဝက်ဘ်ဆိုက်တခု ဖြစ်တဲ့ မြန်မာ သတင်းအချက်အလက် စီမံခန့်ခွဲရေးယူနစ် themimu.info (The Myanmar Information Management Unit) တို့မှာ အချက်အလက်သစ်တွေ update လုပ် ထည့်သွင်းရာမှာ စိန့်မာတင်ကျွန်းကို မြန်မာပိုင်ဒေသတခု အဖြစ်ပြသထားတဲ့ အရောင်နဲ့ တွေ့ရှိရတာ ဖြစ်ပါတယ်။
ဒါ့ကြောင့် စိန့်မာတင် ကျွန်းကို ကွန်ပြူတာမှာ နှိပ်ပြီး အသေးစိတ် အချက်အလက်တွေကို ရှာမယ် ဆိုရင် လူဦးရေကအစ မြန်မာနဲ့ တူသွားတာ ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် မြေပုံမှာတော့ ဘာမှ မပြတော့ဘဲ ဖြစ်သွားတာပါ။
ဒီကိစ္စကို ဘင်္ဂလားဒေ့ရှ် ဘက်က ကန့်ကွက်ခဲ့တဲ့နောက်မှာ မြန်မာဘက်က ပြန်ပြင်ပေးခဲ့တာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် လွှတ်တော်ကော်မတီအဖွဲ့ဝင် အမတ် Muhammad Faruk Khan က ဘင်္ဂလားဒေ့ရှ် မှာ တနင်္ဂနွေနေ့က သတင်းထောက်တွေကို ပြောပါတယ်။
စိန့်မာတင်ကျွန်းဟာ တချိန်က ဗြိတိသျှပိုင် အိန္ဒိယရဲ့ အစိတ်အပိုင်းတခုဖြစ်ပြီး အိန္ဒိယနဲ့ ပါကစ္စတန်တို့ ခွဲထွက်ခဲ့ပြီးတဲ့နောက် အခု ဘင်္ဂလားဒေ့ရှ် နိုင်ငံဖြစ်လာတဲ့ အရှေ့ပါကစ္စတန်ထဲက ပိုင်နက်တခု ဖြစ်ပါတယ်။