သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်္ဂါဂြိုဟ်ပေါ် ပျံသန်းမှု သမိုင်းမှတ်တိုင်သစ်


NASA’s Ingenuity Mars Helicopter captured this shot as it hovered over the Martian surface on Apr. 19, 2021, during the first instance of powered, controlled flight on another planet. (NASA/JPL-Caltech)
NASA’s Ingenuity Mars Helicopter captured this shot as it hovered over the Martian surface on Apr. 19, 2021, during the first instance of powered, controlled flight on another planet. (NASA/JPL-Caltech)

NASA က မြန်မာအင်ဂျင်နီယာ ဒေါ်မီမီအောင် ဦးဆောင်ပြီး တီထွင်ထားတဲ့ Ingenuity စူးစမ်းရေး ရဟတ်ယာဉ် သေးသေးလေးဟာ ၂၀၂၁ ခုနှစ် ဧပြီလ ၁၉ ရက် တနင်္လာနေ့ က အင်္ဂါဂြိုဟ်ပေါ်မှာ ပထမဆုံး အောင်အောင်မြင်မြင် ပျံသန်းပြပြီး သမိုင်းမှတ်ကျောက်တင်ခဲ့တယ် ဆိုတာကို ဒီတပတ်မှာ ပြောပြပါရစေ။

တိုက်ရိုက် လင့်ခ်


(ZAWGYI/ UNICODE)

Zawgyi

NASA က မြန်မာအင်ဂျင်နီယာ ဒေါ်မီမီအောင် ဦးဆောင်ပြီး တီထွင်ထားတဲ့ Ingenuity စူးစမ်းရေး ရဟတ်ယာဉ် သေးသေးလေးဟာ ၂၀၂၁ ခုနှစ် ဧပြီလ ၁၉ ရက် တနင်္လာနေ့ က အင်္ဂါဂြိုဟ်ပေါ်မှာ ပထမဆုံး အောင်အောင်မြင်မြင် ပျံသန်းပြပြီး သမိုင်းမှတ်ကျောက်တင်ခဲ့တယ် ဆိုတာကို ဒီတပတ်မှာ ပြောပြပါရစေ။

တခြားဂြိုဟ်တခု ဖြစ်တဲ့ အင်္ဂါဂြိုဟ် ပေါ်မှာ ပထမဆုံး ပျံသန်းတဲ့ ရဟတ်ယာဉ်ကလေးဟာ ပျံတက်တာ ပျံဆင်းတာ ချိုးကွေ့ပြတာတွေကို အောင်အောင်မြင်မြင် လုပ်ပြနိုင်တယ်လို့ အင်္ဂါဂြိုဟ်စူးစမ်းရေးအဖွဲ့က ကယ်လီဖိုးနီးယားပြည်နယ် Los Angeles နားမှာရှိတဲ့ နာဆာရဲ့ Jet Propulsion Laboratory (JPL) ထိန်းချုပ်ရေး စခန်း ကနေ ပြောနေတာပါ။

ဒေါ်မီမီအောင်။. ။“ တခြားဂြိုဟ် တခုပေါ်မှာ လူသားတွေရဲ့ ရဟတ်ယာဉ် ပျံသန်းနိုင်ပြီလို့ ကျမတို့ အခု ပြောနိုင်ပါပြီလို့ ဝမ်းပမ်းတသာ ကြေညာနေ သူက JPL စခန်းက ဒီရဟတ်ယာဉ် တည်ဆောက်ရေးစီမံကိန်း ကို ကြီးကြပ်သူ မြန်မာ အင်ဂျင်နီယာ ဒေါ်မီမီအောင်ပါ။

ဒီလိုပျံသန်းနိုင်ဖို့ သူတို့တတွေ နှစ်ပေါင်းများစွာကြိုးစားခဲ့ရတယ်လို့လည်း ပြောပါတယ်။

ဒေါ်မီမီအောင်။. ။“ အင်္ဂါဂြိုဟ်ပေါ်မှာ ပထမဆုံးပျံသန်းတဲ့ အတွေ့အကြုံရချင်တဲ့ အိပ်မက်အတိုင်း ကျမတို့ ကြိုးစားခဲ့တာ ၆ နှစ်ကျော်ပါပြီ။ တချို့ဆို ကြာလှပါပြီ။ ဒီမနက်တော့ ကျမတို့ရဲ့ အိပ်မက် အကောင်ထည် ပေါ်လာပါပြီ။”

ဟုတ်ပါတယ်။ အလေးချိန်အားဖြင့် ၄ ပေါင်လာက်ပဲရှိတဲ့ နေရောင်ခြည်စွမ်းအင်သုံး ရဟတ်ယာဉ်ကလေးဟာ စီစဉ်ထားတဲ့ အတိုင်း ပွဲဦးထွက်အဖြစ် ၃၉ စက္ကန့် ပျံသန်းမှု လုပ်နိုင်တယ်လို့ အင်္ဂါဂြိုဟ်က ရတဲ့အချက်လက်တွေ နဲ့ အတည်ပြုနိုင် ခဲ့တဲ့နောက် ၃ နာရီအကြာမှာ အခုလို ပျံတက် ပျံဆင်း လုပ်ခဲ့တာ ဖြစ်ပါတယ်။

ရဟတ်ယာဉ်မှာ တပ်ထားတဲ့ အမြင့်ပြ ကရိယာ က အချိန်ကို ကြည့်ရင် အမေရိကန် အရှေ့ပိုင်းစံတော်ချိန် ၃ နာရီ ၃၄ မိနစ်မှာ ရဟတ်ယာဉ်ဟာ အစီအစဉ်အတိုင်း ၁၀ ပေအမြင့်ကို ပံျတက်ပြီး မိနစ်ဝက်လောက် အင်္ဂါဂြိုဟ် မျက်နှာပြင်ပေါ်မှာ လှည့်ပတ်ပျံဝဲပြီးမှ ပြန်ဆင်းတဲ့အခါ သူ့ရဲ့ ခြေ ၄ ချောင်းပေါ်မှာ ကောင်းကောင်း ပြန်ရပ်ခဲ့တာလို့ နာဆာက ပြောပါတယ်။

အခုလို Ingenuity ရဟတ်ယာဉ်လေး ပျံသန်းနေတာကို နာဆာ JPL စခန်းကနေ တိုက်ရိုက် ထုတ်လွှင့် ပြသခဲ့တာ ဖြစ်ပါတယ်။ ဒီလို ပျံသန်းနိုင်အောင် ဘယ်လိုကြိုးစားခဲ့ရ တာပါလဲ။

ဒေါ်မီမီအောင်။. ။“ ကြည့်တော့ လွယ်သလိုလိုနဲ့ ဒီရဟတ်ယာဉ်ကို အင်္ဂါဂြိုဟ်ပေါ်မှာ ပထမဆုံးအဖြစ်ပျံဖို့ ကြိုးစားရတာ ဘယ်လောက်ခက်တယ်ဆိုတာကို အခွင့်ကြုံတုန်း ပြောပြချင်ပါ်တယ်။ ဘာကြောင့်လည်း ဆိုတော့ အင်္ဂါဂြိုဟ်ပေါ်က လေထုက သိပ်ကိုပါးလို့ပါ။ ကမ္ဘာနဲ့ ယှဉ်ကြည့်ရင် အပုံတရာပုံ တပုံလောက်ပဲ ရှိပါတယ်။ ကမ္ဘာပေါ်မှာဆို ဟိမဝန္တာတောင်ထက် ၃ ဆလောက် မြင့်တဲ့ နေရာကို ရောက်နေသလိုပါပဲ။ အဲဒီတော့ လေထုက သိပ်ပါးပါတယ်။ ဒါကြောင့် Ingenuity ကို တကယ်ပေါ့ပေါ့ သေးသေးလေး ဆောက်မှ အင်္ဂါဂြိဟ်လို နေရာမျိုးမှာ ပျံနိုင်မှာ ဖြစ်ပြီး သူ့ဟာသူ ရပ်တည်နိုင်မှာပါ။ သူ့အလေးချို့ိန်ကို ၄ ပေါင်တောင် မပြည့်အောင်လုပ်ထားပါတယ်။”

Ingenuity ရဟတ်ယာဉ်လေး အင်္ဂါဂြိုဟ်ပေါ် ပျံသန်းနိုင်တာဟာ နာဆာအတွက်တော့ သူတို့ရဲ့ ၂၁ ရာစု Wright ညီနောင် စူးစမ်းပျံသန်းမှု အဖြစ် သတ်မှတ်လိုက်ပါတယ်။ အမေရိကန်နိုင်ငံ မြောက်ကာရိုလိုင်းနား ပြည်နယ် Kitty Hawk နားမှာ ၁၉ ၀၃ ခုနှစ် ဒီဇင်ဘာလတုန်းက Wright ညီနောင်က ပထမဆုံး မော်တာတပ်လေယာဉ်နဲ့ ဝေဟင်မှာ ပျံသန်းပြခဲ့တာ ဖြစ်ပါတယ်။ သူတို့ဟာ ပေ ၁၂၀ အကွာအဝေးကို ၁၂ စက္ကန့်နဲ့ အရောက် ပျံတက် ပျံဆင်း လုပ်ပြခဲ့တာပါ။

ဒါဟာ ဒီကနေ့ ကမ္ဘာတလွှား ရိုးနေပြီဖြစ်တဲ့ လေယာဉ်တွေ ပေါ်လာစေတဲ့ - လူသားတွေ လေထဲပထမဆုံး စပျံနိုင်တဲ့ အောင်မြင်မှုမျိုးဖြစ်ပြီး အခု Ingenuity ကလည်း အင်္ဂါဂြိုဟ်နဲ့ သောကြာဂြိုဟ်တို့ စနေဂြိုဟ်ပေါ်က Titan လတို့ လိုမျိုး နေစကြာဝဌာထဲ စူးစမ်းလေ့လာမှုတွေ ကို လုပ်ဖို့ လမ်းပေါက်သွားတာ ဖြစ်ကြောင်း NASA ရဲ့ ယာယီအကြီးအကဲ Steve Jurczyk က ပြောပါတယ်။

Steve Jurczyk ။. ။“ ဒါဟာ Wright ညီနောင်ရဲ့ အောင်မြင်မှုရချိန်လိုမျိုးပါပဲ။ ကမ္ဘာမှာ စူးစမ်းမှု အသစ်တခု စလိုက်တာပါ။ Ingenuity ရဲ့ အောင်မြင်မှုကနေ လာမယ့် အင်္ဂါဂြိုဟ်ခရီးစဉ်တွေမှာ ဘာတွေ လုပ်နိုင်မယ်ဆိုတာကို သိလာစေပါတယ်။ နေစင်္ကြာဝဌာ ထဲက ဂြိုဟ်တွေကို လေ့လာတဲ့ အခါ ပထမ အနားကို. ပျံသွားကြည့်သလို၊ သူ့ဂြိုဟ်ပတ်လမ်းမှာ လေ့လာခဲ့ပြီး နောက်ပိုင်း ဂြိုဟ်ပေါ်သွားယဉ်နဲ့ပါ ဂြိုဟ်ပေါ်မှာ လေ့လာခဲ့တာပါ။ အခုတော့ နောက်ဂြိုဟ်တခုပေါ်ကို သွားပြီ ပျံသန်းနိုင်ပါပြီ။ ဒါကြောင့် ဒီ Ingenuity ကလေးဟာ နည်းပညာအရသာမက စူးစမ်းလေ့လာမှု မှာပါ ထူးခြးတဲ့ အောင်မြင်မှု တခု ဖြစ်ပြီး လုပ်နိုင်စွမ်းအသစ်ကို ရစေပါတယ်။”

ဒီညီအကိုရဲ့ ပထမဦးဆုံး လေထဲပျံသန်းနိုင်မှုကို ဂုဏ်ပြုတဲ့ အနေနဲ့ အခု အင်္ဂါဂြိုဟ်ပေါ်မှာ ပထမဆုံး သွားရောက် ပျံသန်းတဲ့ Ingenuity ယာဉ်ပေါ်မှာ Wright ညီနောင်ရဲ့ ပထမဆုံးလေယာဉ်တောင်ပံ အဖြစ်တည်ဆောက်ခဲ့တဲ့ ပိတ်စလေးကို Ingenuity ရဲ့ တောင်ပံ ဆိုလာပြားအောက်မှာ ထည့်ပေး လိုက်ပါတယ်။

ကမ္ဘာမြေပြင်ကနေ ထိန်းချုပ်ပံျသန်းတဲ့ ဒီရဟတ်ယာဉ် ပျံသန်းပုံကို သူနဲ့ ပေ ၂၀၀ လောက်အကွာမှာ ရပ်ထားတဲ့ နာဆာရဲ့ အင်္ဂါဂြိုဟ်ပေါ်သွားယာဉ် Perseverance ကနေရိုက်ယူ မှတ်တမ်း တင်ခဲ့ တာ ဖြစ်ပါတယ်။ လိမ္မော်ရောင် အဆင်းနဲ့ ညီညီညာညာ မရှိလှတဲ့ အင်္ဂါဂြိုဟ်မျက်နှာပြင်ကို နောက်ခံထားပြီး ပျံသန်းနေတဲ့ ဒီယာဉ်ပျံကို တချို့ စက်တပ်ယာဉ်လို့ ခေါ်ကြသလို တချို့က ရဟတ်ယာဉ် တချို့ က ဒရုန်းလို့ အမျိုးမျိုး ခေါ်နေကြတယ်လို့ Ingenuity ရဟတ်ယာဉ် တည်ဆောက်ရေး အဖွဲ့က အင်ဂျင်နီယာချုပ် Bob Balaram ကပြောပါတယ်။

Bob Balaram။. ။ “စက်တပ်ယဉ်ပဲခေါ်ခေါ်၊ ရဟတ်ယာဉ်ပဲ ခေါ်ခေါ် ဒရုန်းပဲ ခေါ်ခေါ်၊ ကြိုက်သလို ခေါ်နိုင်ပါတယ်။ ဒါပေမယ့် ဒီဒရုန်းမျိူးကတော့ သမရိုးကျ ဒရုန်းတွေနဲ့ မတူပါဘူး။ ဆိုင်မှာ ခုဝယ်ပြီး ခုချက်ချင်း. ပျံခိုင်းလို့ရတဲ့ ဒရုန်းမျိုး မဟုတ်ပါဘူး။ Ingenuity က ပုံစံတမျိုးပါ။

ကမ္ဘာနဲ့မတူတဲ့ သိပ် ကြမ်းတမ်းတဲ့ ဝန်းကျင်အတွက် ဒီ ကမ္ဘာက နေ ပုံစံထုတ်ရတာပါ။ ညဘက်မှာ ဖာရင်ဟိုက် အနှုတ် ၁၃၀ လောက်အေးတဲ့ နေရာမျိုးမှာ လှုပ်ရှားနိုင်မယ့် ဒရုန်းမျိုး မရှိသေးသလို ကမ္ဘာ့လေထုထက် အပုံတရာပုံရင် တပုံလောက်ပဲရှိတဲ့ လေထုထဲမှာ ပျံနိုင်တဲ့ ဒရုန်းမျိုးလည်း မရှိသေးပါဘူး။

ဒါ့ကြောင့် ဒရုန်းလို့ ပြောမယ်ဆိုရင် တကယ့်ကို အထူးတီထွင်ထားတဲ့ ဒရုန်းဆိုတာကို မေ့ မ ထားသင့်သလို ဒါဟာ ပျံသန်းဖို့ တကယ့်ကို အထူးတီထွင်ထားတဲ့ ယာဉ် ဆိုတာကိုလည်း သိစေချင်ပါတယ်။ ဒါကြောင့် ဒရုန်းလို့ပဲ ခေါ်ခေါ်၊ ရဟတ်ယာဉ်ပဲ ခေါ်ခေါ် ကိုယ့်ပရိတ်သတ်နဲ့ ကိုယ် ကြိုက်သလို ခေါ်လို့ ရပါတယ်။”

ဒီ ရဟတ်ယာဉ်လေးကို အင်္ဂါဂြိုဟ်ပေါ်သွား Perseverance ယာဉ်ရဲ့ ဝမ်းပိုက်ထဲမှာ ချည်ပြီး ထည့်ပေးလိုက်တာပါ။

နက္ခတဗေဒနဲ့ ဇီဝဗေဒဆိုင်ရာ ဓါတ်ခွဲခန်းတခုလည်း ဖြစ်တဲ့ ဘီး ၆ ဘီးပါ Perseverance စက်ရုပ်ယာဉ်ကလေးဟာ ကမ္ဘာကနေ ၇ လလောက် အာကာသခရီးနှင်ခဲ့ပြီးမှ ဖေဖေါ်ဝါရီလ ၁၈ ရက်မှာ အင်္ဂါဂြိုဟ်ရဲ့ Jezero မီးတောင်ချိုင့်ဝှမ်း မှာ ဆင်းသက်ခဲ့တာ ဖြစ်ပါတယ်။

အင်္ဂါဂြိုဟ်ပေါ်ကို လွှတ်တင်ခဲ့တဲ့ ဒီယာဉ် ၂ မျိုးမှာ Ingenuity ရဟတ်ယာဉ်ကို နည်းပညာဆိုင်ရာ ပြသမှု တခု အနေနဲ့ တည်ဆောက်ခဲ့တာဖြစ်ပြီး Perseverance စက်ရုပ်ယာဉ်ကတော့ အင်္ဂါဂြိုဟ်ပေါ်မှာ ရှေးခေတ်က သက်ရှိတွေ များ နေထိုင်ခဲ့ရင် သူတို့ရဲ့ ခြေရာကို ကောက်ဖို့နဲ့ အင်္ဂါဂြိုဟ်ပေါ်က ကျောက်နမူနာတွေ ကောက်ယူဖို့ ဖြစ်ပါတယ်။ ဒီအင်္ဂါဂြိုဟ်ပေါ်က ကျောက် နမူနာ တွေကို နောင်မှာ ကမ္ဘာကို ပြန်သယ်ပြီး လေ့လာ ဆန်းစစ်မှာ ဖြစ်ပါတယ်။

ဒီ ရဟတ်ယာဉ် ကလေးက ပျံဝဲတာနဲ အတက်အဆင်းတွေ ကောင်းကောင်း လုပ်နိုင်တယ် ဆိုတာ တွေရတဲ့အတွက် လာမယ့် သီတင်းပတ်တွေထဲမှာ နောက်ထပ် ပျံသန်းမှု အများအပြားလုပ်ဖို့ နာဆာကစီစဉ်နေတယ် ဆိုတာကို တင်ပြရင်း ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့ နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နာားလိုက်ပါရစေ။

Unicode


















XS
SM
MD
LG