သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အနုမြူဗုံးနဲ့ ဟိုက်ဒရိုဂျင်ဗုံး


Nuclear bomb
Nuclear bomb

မြောက်ကိုရီးယားက ဟိုက်ဒရိုဂျင်ဗုံးကို အောင်အောင်မြင်မြင် စမ်းသပ် ဖေါက်ခွဲနိုင်ပြီလို့ ကျေညာလိုက်တာဟာ တကမ္ဘာလုံးကို ကိုင်လှုပ်လိုက်သလို ဖြစ်သွားပါတယ်။ ဘာ့ကြောင့်ပါလဲ သူ့နိုင်ငံတွင်း ပြည်သူတွေ ငတ်မွတ်နေချိန် စစ်ရေးကို ထိပ်တန်းတင်နေတဲ့ ကမ္ဘာပေါ်က အထီးအကျန်ဆုံး နိုင်ငံ တနိုင်ငံ ရဲ့ လက်ထဲမှာ ဒီလက်နက်တွေ ရှိနေပြီဆိုရင် ဘာတွေ ဖြစ်လာနိုင်ပါသလဲ။

အနုမြူဗုံး ရိုးရိုးထက် ဟိုက်ဒရိုဂျင်ဗုံးကို ဘာ့ကြောင့် ပိုထိတ်လန့် ကြတာ ပါလဲ။

ပထမဆုံး အနုမြူဗုံး ရိုးရိုးရဲ့ သဘော သဘာဝကို ကြည့်ရအောင်ပါ။

သမရိုးကျ အနုမြူဗုံးဟာ ရေဒီယို သတ္တိကြွ ယူရေနီယံ uranium 235 ပြိုကွဲမှုကြောင့် ရလာတဲ့ စွမ်းအင်ပါ။ နျူကလီယာ ပြိုကွဲမှု စွမ်းအင် Fission process မှာ U 235 ဟာ နျူထရွန် (Neutron) လို့ခေါ်တဲ့ လျှပ်စစ် အဖိုဓါတ် အမဓါတ်မရှိတဲ့ ပရမာ အနုမြူနဲ့ ပေါင်းပြီး မတည်ငြိမ်တဲ့ အနုမြူ ယူရေနီယံ U 236 ဖြစ်သွားတဲ့အခါ ဖြစ်ဖြစ်ချင်းပဲ သူ့ထက်ပိုငယ်တဲ့ အနုမြူတွေ ဖြစ်တဲ့ Barium နဲ့ Krypton အဖြစ် ကွဲထွက်သွားတာပါ။ ဒီလိုကွဲထွက်ချိန်မှာ အီလက်ထရွန် ဗို့အား သန်း ၁၇၀- ၁၈၀ လောက် ရှိတဲ့ စွမ်းအင်တွေ ထွက်လာပါတယ်။ အဲဒီစွမ်းအင်ကနေ အလင်းရောင်၊ ရေဒီယိုသတ္တကြွ ရောင်ခြည်တွေအပြင် အပူလည်း အတော်များများ ထွက်လာတာပါ။

ဒါဟာ ပထမ ဓါတ်ပြုမှု ဖြစ်ပြီး ဒီလောက်ပြင်းထန်တဲ့ စွမ်းအင်တွေ ထွက်နေချိန်မှာ ဒီဓါတ်ပြုမှုက ဒီနေရာမှာတင် ရပ်မနေပါဘူး။

လျှပ်စစ်ဓါတ်မဲ့တဲ့ နျူထရွန်ဝင်တိုက်ပြီးပြီးချင်းမှာပဲ U235 က နျူထရွန် ၃ - ၄ ခု ကွဲထွက်ပြီး အဲဒီ နျူထရွန်တွေက U 235 ကို ဆင့်ကဲ ဆင့်ကဲ ဝင်တိုက်တဲ့အခါ ဒါကို Chain reaction လို့ ခေါ်ပါတယ်။ ဒီနျူကလီယား ပေါင်းစပ်မှု chain reaction ဖြစ်ပွါးမှုနှုံး ကို တဖြေးဖြေး ချင်း ထိမ်းချုပ်ထားမယ် ဆိုရင် control reaction ထိမ်းချုပ်တဲ့ ဖြစ်စဉ် တခု ရပါတယ်။ ဒီဖြစ်စဉ်မှာ ထွက်လာတဲ့ အပူစွမ်းအင်ဟာ အင်မတန် မြင့်မားတဲ့အတွက် ဒီအပူစွမ်းအင်နဲ့ ရေကို ဆူအောင်လုပ်ပြီး တာဘိုင်တွေကို လှည့်ပေးရင် လျှပ်စစ်ဓါတ်ထုတ်ယူနိုင်တာပါ။

ဒါကို သုတေသနလုပ်ပြီး စိုက်ပျိုးရေးပညာ၊ ဆေးပညာလိုမျိုး ငြိမ်းချမ်းတဲ့ လုပ်ငန်းတွေမှာ သုံးနေကြတာ ဖြစ်ပါတယ်။

အခုလို အကျိုးရှိအောင် အသုံးချနိုင်တဲ့ ထိမ်းချုပ်တဲ့ စွမ်းအင်ကို မထိမ်းချုပ်ပဲ လွှတ်ပေးလိုက်ပြီး ဆင့်ကဲဖြစ်စဉ်ကို သူ့သဘာဝအတိုင်း တအားမြန်အောင် လုပ်လိုက်မယ် ဆိုရင်ကော့ အနုမြူဗုံး ဖြစ်သွားတာပါ။

ရိုးရိုး အနုမြူဗုံးနဲ့ သာမိုနျူကလီယာဗုံးလို့ခေါ်တဲ့ ဟိုက်ဒရိုဂျင်ဗုံး ကွာခြားချက်ကို ကြည့်ရအောင်ပါ။ သူတို့ ရဲ့ ဖြစ်စဉ်တွေဟာ ပြောင်းပြန်သဘော ရှိနေတယ်လို့ ဒေါက်တာ ပဒေသာတင်က ပြောပါတယ်။ ဟိုက်ဒရိုဂျင်ဗုံး က နျူကလီယား ပေါင်းစပ်မှု fussion process ဖြစ်ပါတယ်။

အပေါ့ဆုံးဖြစ်တဲ့ အနုမြူ ဟိုက်ဒရိုဂျင် နဲ့ အမျိုးတူပေမယ့် Hydrogen- 2 ၂ လုံးပါရင် Deuterium ဖြစ်ပြီး ဟိုက်ဒရိုဂျင် ၃ လုံးပါရင် Tritium ရပါတယ်။ သူ့ကို heavy water ရေလေးလို့လည်း ခေါ်ပါတယ်။ သူတို့ ၂ မျိုးဟာ အပူချိန် သန်းနဲ့ချီမြင့်ပြီး ဖိအားများတဲ့အခါ ပေါင်းသွားပြီး ဟီလီယံ အနုမြူအဖြစ် ပြောင်းသွားနိုင်ပါတယ်။ ဒီလို ပြောင်းသွားရင် စွမ်းအင်တွေ အဆမတန် ထွက်လာတာပါ။ ဒီလိုပေါင်းနိုင်ဖို့ လိုအပ်တဲ့ အပူရှိန်နဲ့ ဖိအားကို အနုမြူဗုံး ဖေါက်ခွဲရာက ရနိုင်ပါတယ်။ ဒါ့ကြောင့် ဟိုက်ဒရိုဂျင်ဗုံးရဲ့ စနက်တံဟာ အနုမြူဗုံးလို့ ဆိုပါတယ်။

အခုလို စွမ်းအင်သိပ်ကြီးမားတဲ့ ပစ္စည်းဟာ လူသားတွေအတွက် အကျိုးမပြုတဲ့ လုပ်ရပ်တွေ လုပ်နိုင်သူတွေ လက်ထဲရောက်သွားရင် အန္တရာယ်က သိပ်ကို ကြီးမားနိုင်တာမို့ အများက စိုးရိမ်ကြတာပါ။

အခုလို ဟိုက်ဒရိုဂျင်ဗုံး လုပ်ရာမှာ တွေ့ရတဲ့ Deuterium နဲ့ Tritium ပေါင်းစပ်မှုကို သဘာဝမှာ တွေ့နိုင်ပါတယ်။ နေစကြာဝဌာထဲက နေပေါ်မှာ ဖြစ်နေတဲ့ ဖြစ်စဉ်မှာ ဟိုက်ဒရိုဂျင် လောင်စာတွေ အမြဲမပြတ်ပေါင်းရာကနေ အလင်းရောင်တို့ အပူရှိန်တို့ကို ရလာတာပါ။ ကြယ်တွေမှာလည်း ဒီဖြစ်စဉ်ကို တွေ့ရပါတယ်။

ဒီဖြစ်စဉ်ကို ထိမ်းချုပ်ဖို့ သိပ္ပံ ပညာရှင်တွေ ကျိုးစားနေတာ ကြာပါပြီ။ တကယ်လို့သာ ဒီဖြစ်စဉ်ကို ထိမ်းချုပ်နိုင်ရင်တော့ အခု လူသားတွေ လိုအပ်နေတဲ့ စွမ်းအင်ကို သုံးမကုန်နိုင်အောင် ရနိုင်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG