သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump နိုင်ငံတော် အခြေပြမိန့်ခွန်း ဦးစားပေးမည့် အချက်များ


မြန်မာစံတော်ချိန် မနက်အစောပိုင်းဖြစ်တဲ့ ဝါရှင်တန်စံတော်ချိန် အင်္ဂါနေ့ည ၉ နာရီမှာ သမ္မတ Donald Trump ဟာ လွှတ်တော် ၂ ရပ်ရှေ့မှောက် နိုင်ငံတော်အခြေပြမိန့်ခွန်းကို ပြောကြားမှာ ဖြစ်ပါတယ်။

မိန့်ခွန်းမှာ သမ္မတက လူဝင်မှု ကြီးကြပ်ရေးမူဝါဒနဲ့ ပတ်သက်ပြီးပါတီကြီး နှစ်ရပ်လုံးက အရေးယူဆောင်ရွက်ဖို့ တိုက်တွန်းမယ်လို့ ခန့်မှန်းထားကြပါတယ်။ အစိုးရလုပ်ငန်းတွေ တစိတ်တပိုင်း ရပ်ဆိုင်းခဲ့ရတဲ့ အထိ ဖြစ်စေခဲ့တဲ့ အမေရိကန် ပြည်ထောင်စုကို ကလေးဘဝမှာ တရားမဝင် ရောက်ရှိလာကြသူတွေ အရေး မူဝါဒနဲ့ အစိုးရ အသုံးစာရိတ် အပေါ် အချေအတင်ဖြစ်ခဲ့ပြီး အစိုးရ ယန္တရားတွေ ၃ ရက်ကြာ ရပ်ဆိုင်းခဲ့ရပြီးတဲ့နောက် သတင်းတပတ်နီးပါး အကြာ၊ သမ္မတတာဝန်ယူခဲ့တာ တနှစ်ပြည့်ချိန်မှာ အခုလို နိုင်ငံတော်အခြေပြမိန့်ခွန်းကို ပြောကြားမှာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု သမ္မတသစ်တယောက်အနေနဲ့ သမိုင်းမှာ လူထုထောက်ခံမှုအနိမ့်ဆုံးနဲ့ ကြုံတွေ့ရပြီး ပြည်တွင်းနဲ့ ပြည်ပ မူဝါဒရေးရာတွေမှာလည်း ဝေဖန်မှုများစွာနဲ့ရင်ဆိုင်ရတဲ့ အမေရိကန် သမ္မတ Donald Trump ဟာ သူ့ရဲ့ ပထမဆုံး နိုင်ငံတော်အခြေပြ မိန့်ခွန်းကို ပြောကြားမှာ ဖြစ်ပြီး ကမ္ဘာတဝှမ်းက စောင့်ကြည့် နားထောင်ကြမှာ ဖြစ်ပါတယ်။

နိုင်ငံတော် အခြေပြမိန့်ခွန်း ပြောကြားရာမှာတော့ စီးပွားရေး ခိုင်မာ အားကောင်းမှုကို အလေးထား ပြောကြားပြီး၊ လူဝင်မှု ကြီးကြပ်ရေး အပေါ် ပါတီကြီး နှစ်ရပ်လုံးက အရေးယူဆောင်ရွက်ဖို့ တိုက်တွန်းမယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒါ့ပြင် အလုပ်အကိုင်၊ စီးပွားရေး၊အခွန်ကောက်ခံမှု ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်တွေကို ဆွေးနွေးမှာ ဖြစ်သလို ဒေါ်လာ ထရီလီယံ တန်ဖိုးရှိတဲ့ သူ့ရဲ့ အခြေခံ အဆောက်အဦ စီမံကိန်းကို လွှတ်တော်အမတ်တွေဘက်က အတည်ပြုပေးဖို့လည်း တိုက်တွန်းမယ်လို့ သမ္မတ အိမ်ဖြူတော်က ပြောဆိုထားပါတယ်။

ဒါ့အပြင် မျှတတဲ့ ကုန်သွယ်ရေး မူဝါဒ လိုအပ်ချက်တွေ၊ မြောက်ကိုရီးယားရဲ့ နျူးကလီးယားနဲ့ ဒုံးကျည် စမ်းသပ်မှုတွေ အပါအဝင် အမျိုးသား လုံခြုံရေး ကိစ္စရပ်တွေလည်း ပြောဆိုလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG