သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက်ဒေသ စစ်ပူဆဲ၊ ဒုက္ခသည်တွေ ပြေးနေရဆဲ


ရှမ်း ဒုက္ခသည်များ (သြဂုတ်လ ၂၀၀၉)
ရှမ်း ဒုက္ခသည်များ (သြဂုတ်လ ၂၀၀၉)

ရှမ်းပြည်နယ်မြောက်ပိုင်း မုန်းကိုးနှင့် ဖောင်းဆိုင်ဒေသတွေမှာ မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားတပ်ပေါင်းစုတို့ကြား ဒီကနေ့မှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။ တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ ဖောင်းဆိုင်ဒေသခံတွေဟာ တရုတ်ပြည်ဖက်ခြမ်းမှာ စစ်ဘေးတိမ်းရှောင်နေကြရသလို နေရပ်ရင်းပြန်နိုင်ဖို့ အခြေအနေကလည်း မရေရာသေးပါဘူး။ အခြေအနေအပြည့်အစုံကို ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

စစ်ရေးပဋိပက္ခတင်းမာနေဆဲဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မုန်းကိုးနဲ့ ဖေါင်းဆိုင်ဒေသအတွင်း ဖြစ်ပွါးနေတဲ့တိုက်ပွဲအခြေ အနေနဲ့ပက်သက်လို့ ဖေါင်းဆိုင်သိက္ခာတော်ရဆရာတော် ဦးဇင်ဟန်လက အခုလိုပြောပါတယ်။

“အခုကျနော်တို့ ဖောင်းဆိုင်၊ မောင်ချိုင့်၊ မိုင်းယန် ဒီတဝိုက်မှာ အခုအထိ တိုက်နေတုန်းပဲ အခု သေနတ်သံတွေ ကျနော်တို့ ကြားနေရတယ်။ မုံးကိုးလည်း ဒီမနက်အထိ တော့ သေနတ်သံတွေကြားနေသေးတယ်။ ဖောင်းဆိုင်နဲ့ မျက်နှာချင်းပေါ့ တရုတ်ပြည်ရွာမှာ ကျနော်တို့ရှိတော့ ဖောင်းဆိုင်ကို လှမ်းမြင် နေရတယ်။ ဒါပေမယ့် မုန်းကိုးကိုတော့ ကျနော်တို့ မမြင်ရဘူးခင်ဗျ။ ဖောင်းဆိုင်ကျတော့ ကျနော်တို့ တပ်မတော်နဲ့ပေါ့နော် ၊ ဒီတပ်ပေါင်းစု တွေတိုက်နေတယ်၊ ဘေးကနေ မီးခိုးတွေတွေ့တယ် ဒီလောက်ပဲဗျ၊ အကျအဆုံး၊ အထိအခိုက်တွေကတော့ ကျနော်တို့လည်း မသိရသေးဘူးခင်ဗျ။ မနေ့ကတော့အဲဒီမှာ လေယာဉ်တွေလာပစ်တာ အဲဒီကြားထဲမှာ ၊ အဲဒါမထိဘူးလိုပြောတယ်။ ချောက်ထဲမှာ ကျသွားတယ်လို့ပြောတယ်၊ လေယာဉ်မိုင်း ချတဲ့ဟာ။”

ဒီလိုဖြစ်ပွါးနေတဲ့တိုက်ပွဲတွေကြောင့် ဖေါင်းဆိုင်ဒေသခံတွေဟာ စစ်ဘေးလွတ်ရာ တရုတ်နိုင်ငံပန်ဝါမြို့ဘက်ကို ထွက်ပြေးတိမ်း ရှောင်နေရတယ်လို့ သိက္ခာတော်ရဆရာတော် ဦးဇင်ဟန်လက အခုလိုဆက်ပြောပါတယ်။

“ကျနော်တို့ ဖောင်းဆိုင်က ပြည်သူတွေက အဓိကတော့ ပန်ဝါပေါ့နော် တရုတ်ပြည်၊ ပန်ဝါ။ ကျနော့်ဆီမှာ ရရှိတဲ့ စာရင်းအရ ၁၀၇၁ ယောက်ရှိပြီခင်ဗျ။ တချို့တော့ ရေပူပေါ့နော်၊ ရေပူကတော့ မြန်မာနိုင်ငံအခြမ်းပဲ ၊ အဲဒီမှာလည်း စိုးရိမ်ရတယ်၊ အမြှောက်တွေဘာတွေ ပစ်လိုက်ရင်ကျနိုင်တယ်ခင်ဗျာ၊ လောက်ကိုင်ဘက်ကနေ ပစ်ရင် ။ ငြိမ်းချမ်းချင်ပြီခင်ဗျ ၊ အခုက ကျနော်တို့ သူများတိုင်းပြည်မှာ၊ သူများနေရာမှာ လာနေရတော့ စိတ်အားငယ်ရတယ် ခင်ဗျ။”

ပန်ဝါဘက်ကိုတိမ်းရှောင်လာတဲ့စစ်ပြေးဒုက္ခသည်တွေကိုတော့ တရုတ်အာဏာပိုင်တွေနဲ့ တရုတ်နိုင်ငံရောက် ဖေါင်းဆိုင်လူငယ် အဖွဲ့ ကနေ စားနပ်ရိက္ခာထောက်ပံ့ထားပေမဲ့ ရေရှည်မှာဆိုအခက်တွေ့မယ်လို့လဲ ဦးဇင်ဟန်လကပြောပါတယ်။ စစ်ဘေးရှောင်တွေ အနေနဲ့မြန်မာဘက်ခြမ်းရေပူကျေးရွာဘက်ကို တိမ်းရှောင်သူ(၂၀၀)နီးပါးရှိနေတယ်လို့လဲ သူကဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့က စပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင့်တပ်မတော် (AA)၊ မြန်မာအမျိုးသားများဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)စတဲ့ မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုအဖွဲ့နဲ့ မြန်မာ့တပ်မတော်တို့အကြား တရုတ် – မြန်မာနယ်စပ်မူစယ် ကြူကုတ်-ပန်ဆိုင်း မုန်းကိုးဒေသအတွင်း တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွါးလာခဲ့တာပါ။

လက်ရှိ မုန်းကိုးဒေသဘက်မှာလဲ မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုအဖွဲ့တွေကနေ စစ်ရေးအရအချက်ချတဲ့ဗျူဟာကုန်းကို သိမ်း ပိုက်ထားဆဲဖြစ်သလို မြန်မာ့တပ်မတော်ဘက်ကလဲ ပြန်လည်သိမ်းပိုက်နိုင်ဖို့အပြင်းထန်ထိုးစစ်ဆင်နေဆဲလို့ တအာင်းပလောင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ တာပန်းလှကပြောပါတယ်။

“သူတို့ဘက်က အင်အားတော်တော်များများနဲ့ အင်အားအလုံးအရင်းနဲ့ ကျနော်တို့ တိုင်းရင်းသားရွာတွေအကုန်လုံးကိုရနိုင်ဖို့ အသားကုန်ကြိုးစားနေတယ်ခင်ဗျ။ မြန်မာစစ်တပ် ကလည်း ရွာသားတွေကို ပေါ်တာဆွဲပြီးတော့ မူဆယ်ကနေ လမ်းလျှောက်ပြီးတော့ သွားကြပြီ။ ကျနော်တို့ကတော့ သူတို့ Location ကို ဝင်ရောက်ပစ်ခတ်တာတို့ ရှိနေတယ်။”

တိုက်ပွဲကြောင့်ထိခိုက်ကျဆုံးမှုအခြေအနေကိုတော့အတည်မပြုနိုင်သေးဘူးလို့သူကဆိုပါတယ်။

မုန်းကိုးတိုက်ပွဲကြောင့် ဒေသခံ(၄၀၀၀)ကျော်ဟာ တရုတ်နိုင်ငံ ဝမ်တိန်မြို့မှာ စစ်ဘေးတိမ်းရှောင်နေရသလို ဒေသတွင်းတည်ငြိမ်မှု မရှိသေးတဲ့အတွက် နေရပ်ရင်းပြန်ဖို့ မရေရာသေးတဲ့အခြေအနေမှာရှိနေပါတယ်။

ပြီးခဲ့တဲ့နိူဝင်ဘာ(၂၀)ရက်နေ့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပေါင်းပြီး ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်နဲ့ အနီးပတ်ဝန်းကျင် ဒေသတွေက စစ်တပ်နဲ့ ရဲတပ်ဖွဲ့စခန်းတွေအပြင် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းကိုပါ ပစ်ခတ် တိုက်ခိုက်ခဲ့ရာမှာ ရဲတပ်ဖွဲ့ဝင် တွေအပါအဝင် လူ ၈ ဦးသေဆုံးပြီး ၂၉ ဦး ဒဏ်ရာရတယ်လို့အစိုးရဘက်က သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိမှာမူစယ်မြို့မှာတော့ အခြေအနေငြိမ်သက်သွားတာကြောင့် ကုန်သွယ်ရေးဇုံကိုပြန်လည်ဖွင့်လှစ်နိုင်ခဲ့သလို မူစယ်စစ်ဘေး ရှောင်တွေကလဲ နေရပ်ကိုပြန်စပြုပြီးဖြစ်ပေမဲ့ တရုတ်နိုင်ငံဘက်ကိုရောက်နေတဲ့ မုံးကိုးနဲ့ဖေါင်းဆိုင်ဒေသခံ စစ်ဘေးရှောင်တွေ အနေနဲ့ကတော့နေရပ်ကိုပြန်နိုင်ခြင်းမရှိသေးပါဘူး။

အခုလိုဖြစ်ပွါးနေတဲ့မြောက်ပိုင်းဒေသတိုက်ပွဲတွေနဲ့ပက်သက်ပြီးတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အနေ နဲ့ လက်နက်ကိုင်နည်းလမ်းနဲ့ပြဿနာကိုဖြေရှင်းခဲ့ကြလို့ပြည်တွင်းစစ်အဓွန့်ရှည်ကာ နိုင်ငံနှင့်ပြည်သူတွေဆိုးကျိုးခံစားခဲ့ရတာ ဖြစ်ပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် (NCA)အပစ်ရပ်စာချုပ်ကို လက်မှတ်ထိုးဖို့လိုအပ်တယ်လို့ နိုဝင်ဘာလ ၂၃ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက် တစ်စောင်ထုတ်ပြန်ထားပါတယ်။

တိုင်းရင်းသားမဟာမိတ်တွေအနေနဲ့ကတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအပါအဝင် NCAအပစ်ရပ်လက်မှတ်ရေးထိုးရေး ကိစ္စရပ်တွေမှာလဲ အစိုးရနဲ့တပ်မတော်ဘက်က ကန့်သတ်ထားသလို ထိုးစစ်ဆင်မှုတွေဆက်တိုက်ပြုလုပ်နေတာကြောင့် အခုလို တန်ပြန်တိုက်စစ်တွေပြုလုပ်နေရတယ်လို့ (TNLA)နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ တာပန်းလှကပြောပါတယ်။

“၂၁ ရာစု ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံလည်း ကျင်းပပြီးသွားပြီ။ ကျင်းပတဲ့အခါမှာလည်း အဖွဲ့အားလုံး ပါဝင်ခွင့်မရဘူး၊ ပါဝင်မှုကိုလည်း ကန့်သတ်ပိတ်ထားတယ်။ ကျနော်တို့လည်း ပါဝင်ဖို့အဆင်သင့်ဖြစ်တယ်။ သို့သော်လည်းအခုအချိန်အထိ မြန်မာ့တပ်မတော်ဘက်ကရော၊ မြန်မာအစိုးရဘက်ကရော ကန့်သတ်မှုတွေရှိနေဆဲဖြစ်တဲ့အတွက် အဲဒါကြောင့်မို့လို့ ဒီတိုက်ပွဲတွေက မဖြစ်သင့်ပဲနဲ့ ဆက်လက်ဖြစ်ပွားနေရစဲဖြစ်ပါတယ်။ မြန်မာ့တပ်မတော်နဲ့ မြန်မာအစိုးရကြား လမ်းစဉ်ပြုပြင်ပြောင်းလဲမှုရှိပြီးတော့ အားလုံးပါဝင်နိုင်အောင် Policy ချမှတ်ပြီးတော့ လုပ်မယ်ဆိုရင် ပစ်ခတ်သံတွေလည်း ငြိမ်သက်သွားမှာဖြစ်ပါတယ်။”

ဒါ့အပြင် မနေ့ကညနေပိုင်းမှာ တအာင်းပလောင်တပ်ဖွဲ့နဲ့မြန်မာ့တပ်မတော်တို့အကြား နမ့်ဆန်မြို့နယ်၊ စခန်းသာကျေးရွာ အနီးတိုက်ပွဲပြင်းထန်စွာဖြစ်ပွါးခဲ့ရာမှာ မြန်မာ့တပ်မတော်အရာရှိ ၁ ဦးအပါအဝင် ၂ ဦးကျဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရရှိ ခဲ့တယ်လို့ TNLAဘက်က ဒီကနေ့မှာထုတ်ပြန်ထားပေမယ့် သီးခြားအတည်မပြုနိုင်သေးပါဘူး။

မြန်မာတပ်မတော်အနေနဲ့ တိုင်းရင်းသားဒေသတွေမှာထိုးစစ်တွေရပ်မယ်ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်အဖွဲ့ က လည်း သူတို့ရဲ့တိုက်ခိုက်မှုတွေကို ရပ်တန့်မှာဖြစ်တယ်လို့နိုဝင်ဘာလ (၂၅)ရက်နေ့ရက်စွဲနဲ့ကြေညာချက်ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG