သုံးရလွယ်ကူစေသည့် Link များ

မြန်မာနိုင်ငံတွင်းကို နောက်လာမယ့်၂၄နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်နိုင်ခြေရှိတဲ့အတွက် ရေကြီးမြေပြိုကျ အန္တရာယ်ရှိတဲ့အတွက် ပြည်သူအများအထူးသတိထားကြဖို့ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက အရေးပေါ်သတိပေးချက် ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ လိမ္မော်ရောင်အဆင့်သတ်မှတ်ထားတဲ့ ဒီမုန်တိုင်းရဲ့အရှိန်နဲ့ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ နေပြည်တော်၊ စစ်ကိုင်းစတဲ့ပြည်နယ်တိုင်းတော်တော်များများမှာ မိုးကြီးပြီး လေပြင်းတိုက်ခတ်နိုင်တယ်လို့ မိုးဇလဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က သတိပေးပါတယ်။ အသေးစိတ် မဆုမွန် တင်ပြပေးပါမယ်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက မေလ ၂၈ရက်နေ့ တနင်္ဂနွေနေ့က ထုတ်ပြန်သည့် လိမ္မော်ရောင်အဆင့်သတ်မှတ်ထားတဲ့ မုန်တိုင်းသတိပေးချက်ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းနဲ့ အရှေ့တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့ မုန်တိုင်းဟာ ၂၄နာရီအတွင်း ပိုမိုအားကောင်းလာပြီး ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိနိုင်ပါတယ်။

မြန်မာနိုင်ငံ၊ ကိုကိုးကျွန်း အနောက်ဘက်မိုင်(၂၃၀)၊ ဧရာဝတီတိုင်း ပုသိမ်မြို့ အနောက်တောင်ဘက်မိုင် (၃၃၀)ခန့်၊ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အနောက်တောင်ဘက် မိုင်(၃၇၀)ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့ အနောက်တောင်ဘက် မိုင်(၄၈၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုဖြစ်ပေါ်နေပြီး မုန်တိုင်းဟာ ရခိုင်ကမ်းရိုးတန်းအနီးကို ဖြတ်ကျော်ရွေ့လျားမယ်လို့ ခန့်မှန်းရပြီး ဒီမုန်တိုင်းဟာ နောက် (၂၄) နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိနိုင်တယ်လို့ မိုးဇလက သတင်းထုတ်ပြန်ထားတာပါ။

မြန်မာနိုင်ငံတွင်း ၂၄နာရီအတွင်း တိုက်ခတ်နိုင်ခြေရှိတဲ့ဆိုင်ကလုန်းမုန်တိုင်းနဲ့ပတ်သက်ပြီး နောက်ဆုံးသိထားတဲ့ မုန်တိုင်းသတိပေးချက်တွေကို မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်မိုးဦးက ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပါတယ်။

“ရခိုင်ကမ်းရိုးတန်းမှာလည်း မုန်တိုင်းရဲ့သက်ရောက်မှုက ရှိနိုင်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့က လိမ္မော်ရောင်အဆင့်အနေနဲ့ ထုတ်ထားတာပေါ့နော်။ နောက် ၂၄ နာရီမှာက ဆိုင်ကလုန်း မုန်တိုင်းအဆင့် ကိုရောက်နိုင်ပြီး ပိုပြီးတော့ အားကောင်းလာနိုင်တဲ့အနေအထားရှိတယ်။ ရေခိုးရေငွေ့ကလည်း အလုံအလောက်ရှိနေတဲ့အနေအထားလေးရှိတယ်။ဆိုတော့ မုန်တိုင်းငယ်က နောက် ၂၄ နာရီမှာပိုအားကောင်းလာနိုင်တာမို့ ဆိုင်ကလုံးမုန်တိုင်းအဆင့်ကိုရောက်နိုင်တဲ့ အနေအထားရှိတယ်ပေါ့နော် အဲဒီအတွက်ကြောင့်မို့လို့ ကျနော်တို့ကတော့ ဒီမုန်တိုင်းကြောင့်လေပြင်းတိုက်ခိုက်မှုတွေ ဖြစ်နိုင်တဲ့အတွက်ကြောင့်မို့ ကမ်းရိုးတန်းတွေမှာ သက်ရောက်မှုရှိနိုင်တဲ့အတွက်ကြောင့် ကျနော်တို့ထုတ်ပြန်ချက်ထဲမှာ ထည့်ထားပေးပါတယ်။”

၂၄နာရီအတွင်း တိုက်ခတ်နိုင်ခြေရှိတဲ့ ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတွင်းက ပြည်နယ်နဲ့တိုင်းအတော်တော်များများမှာ ဒေသ အလိုက် မိုးကြီးတာ၊ လေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်တယ်လို့လည်း ဒုညွှန်ချုပ်ဦးကျော်မိုးဦးက သတိပေးပါတယ်။

“မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းတဲ့ဖြစ်စဉ်တွေပေါ့နော် ပြည်နယ်နဲ့ တိုင်းတော်တော်များများ မှာ လက်ရှိလည်းဖြစ်နိုင်တယ်၊ နောက်ထပ်ပြီးတော့လည်း ဖြစ်နိုင်တဲ့အနေအထားလေးတွေရှိပါတယ်။ ဒီအတွက်ကြောင့်မို့လို့ ကုန်းမြင့်ဒေသမှာနေတဲ့ပြည်သူတွေအနေနဲ့ဆိုရင် မြေပြိုတဲ့ဘေးအန္တရာယ်ကို သတိပြုဖို့လိုပါတယ်။ မြစ်ချောင်းအနီးအနားမှာနေတဲ့လူတွေအနေနဲ့ကတော့ ရုတ်တရက် ရေကြီးရေလျှံမှုတွေ ဖြစ်နိုင်တယ်။”

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တွေမှာ ဆိုင်ကလုန်းမုန်တိုင်းအရှိန်နဲ့ မိုးသက်လေပြင်းတွေကျရောက်ပြီး လှိုင်းကြီးလေထန်ဖြစ်နိုင်သလို မြစ်ကမ်းနဘေး မြစ်ချောင်းအနီးနေထိုင်သူတွေ မုန်တိုင်းသတင်းတွေအချိန်နဲ့တပြေးညီနားထောင်ကြဖိုပနဲ့ မုန်တိုင်းအရှိန်နဲ့ ရုတ်တရက် ရေကြီးတာ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်တဲ့အတွက် မုန်တိုင်းလမ်းကြောင်းမှာရှိတဲ့ ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူများအနေနဲ့ မြေပြိုကျမှု အန္တရာယ်တွေကို သတိထားကြဖို့ကိုလည်း ဒုညွှန်ချုပ်က နိုးဆော်ပါတယ်။

“ဒီမုန်တိုင်းနဲ့ ပတ်သက်ပြီးတော့ ရခိုင်ကမ်းရိုးတမ်းဒေသတွေဆိုရင် လေပြင်းတိုက်ခိုက်မှုဖြစ်စဉ်တွေ ၊ မိုးကြီးမယ့်ဖြစ်စဉ်တွေ၊ မုန်တိုင်းအ၀န်းအ၀ိုင်းထဲမှာ ကျရောက်နေတဲ့အတွက်ကြောင့်မို့လို့ ဒီလိုမျိုးဖြစ်စဉ်တွေ ဖြစ်နိုင်တဲ့ အနေအထားတွေရှိပါတယ် နောက်တချက်ကတော့ ဘင်္ဂလားဒေ့်ကမ်းခြေ ကိုဝင်ရောက်တယ်ဆိုတာနဲ့ မုန်တိုင်းအရှိန်တဲ့ ဒီရေတွေ တက်လာနိုင်တဲ့အနေအထားလေးတွေရှိပါတယ်။ ဒီဟာတွေကို ပြည်သူတွေအနေနဲ့ သတိပြုဖို့လိုအပ်ပါတယ်။ အဓိကတော့ ကမ်းရိုးတမ်းမှာ ငါးဖမ်း သဘောင်္တွေ ရေယာဉ်တွေအနေနဲ့ ကြိုတင်သတိပြုဖို့လိုပါတယ်။”

၂၄နာရီအတွင်း တိုက်ခတ်လာနိုင်တဲ့ ဆိုင်ကလုန်းမုန်တိုင်းနဲ့ပတ်သက်တဲ့ မိုးလေဝသ သတိပေးကြေညာချက်တွေကို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အချိန်နဲ့တပြေးညီကြေညာပေးနေပြီး သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးကော်မတီ၊ နောက် ပြည်ထဲရေး၊ကာကွယ်ရေး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး၊ INGO၊ NGO လူမှုအဖွဲ့အစည်းတွေ၊ ကယ်ဆယ်ရေးအဖွဲ့အစည်းတွေဖြစ်တဲ့ကြက်ခြေနီ မီးသတ်စတဲ့အဖွဲ့တွေနဲ့လည်း မုန်တိုင်းကယ်ဆယ်ရေးကြိုတင်ပြင်ဆင်နေကြတယ်လို့ ပြောပါတယ်။ ဒါ့အပြင် ပို့ဆောင်ဆက်သွယ်ရေးအနေနဲ့ ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာရှိတဲ့ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ ခရီးသည်တင်သင်္ဘောများအနေနဲ့လည်း မုန်တိုင်းသတိပေး ကြေညာချက်တွေနဲ့ ကြိုတင်သတိပြုနိုင်ရေး မိုးဇလက အကြံပြုထားပါတယ်။

XS
SM
MD
LG