သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လောင်စာဆီဈေး မြင့်တက်မှုကြောင့် နွေစပါးစိုက်တောင်သူတွေ အခက်တွေ့ 


(Photo credit- HRW)
(Photo credit- HRW)

အဓိက ဓါတ်ဆီ အပါအဝင် လောင်စာဆီတွေ ရုတ်တရက် အကန့်အသတ်နဲ့ ရောင်း ဈေးတက်ကုန်တဲ့အတွက် မော်တောယာဉ်တွေတင်မက မြန်မာနိုင်ငံအထက်ပိုင်းက ရေတင်စက်နဲ့ နွေစပါး ကို အားထားစိုက်ရနေတဲ့ လယ်ယာ အပါအဝင် စိုက်ပျိုးရေးလုပ်ငန်းတွေ သိသိသာသာ ထိခိုက်ကုန်ပါတယ်။ ကိုခင်မောင်စိုးမင်း က လက်ရှိအခြေအနေကို စုစည်းတင်ပြထားပါတယ်။

လောင်စာဆီဈေး မြင့်တက်မှုကြောင့် နွေစပါးစိုက်တောင်သူတွေ အခက်တွေ့

{{Zawgyi/Unicode}}

မကြာခင်ရက်ပိုင်းတွေက အဓိက ဓါတ်ဆီ အပါအဝင် လောင်စာဆီတွေ ရုတ်တရက် အကန့်အသတ်နဲ့ ရောင်း ဈေးတက်ကုန်တဲ့အတွက် မော်တောယာဉ်တွေတင်မက မြန်မာနိုင်ငံအထက်ပိုင်းက ရေတင်စက်နဲ့ နွေစပါး ကို အားထားစိုက်ရနေတဲ့ လယ်ယာ အပါအဝင် စိုက်ပျိုးရေးလုပ်ငန်းတွေ သိသိသာသာ ထိခိုက်ကုန်ပါတယ်။ ဒီအကြောင်း စုံစမ်းမေးမြန်းထားတဲ့ ကိုခင်မောင်စိုးမင်း က လက်ရှိအခြေအနေကို စုစည်းတင်ပြထားပါတယ်။

လတ်တလော လောင်စာဆီဈေးတွေ ရုတ်တရက် ခုန်တက်သွားတာဟာ နွေစပါး စိုက်ပျိုးထားတဲ့ လယ်တွေကို အရင်ကလို ရေတင်စက်တွေနဲ့ ရေမသွင်းနိုင်တော့ဘူးလို့သိရပါတယ်။ တချို့မြို့ကြီးတွေမှာ လောင်စာဆီဈေးတွေ အနည်းငယ် ပြန်ကျသလိုရှိပေမယ့် မြန်မာနိုင်ငံအထက်ပိုင်း နယ်မြို့လေးတွေမှာ တက်ဈေးအတိုင်းပဲရှိနေတယ်လို့ တောင်သူလယ်သမားအရေးကို ဆောင်ရွက်ပေးခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကနီမြို့နယ် ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း က ပြောပါတယ်။

"နွေစပါးသီးသန့်စိုက်တဲ့ တောင်သူတွေပေါ့ ၊ အဲဒါက ဘယ်လိုဟာလဲဆို ဥပမာ မြစ်ကျိုးအင်းလို့ဟာ မျိုးတွေ ၊ အင်းတွေထဲမှာ ရှိကြတဲ့ တောင်သူတွေက နွေစပါးကိုပဲ အားထားရတာပေါ့။ အင်းရေတွေ ကျသွားမှ လယ်တွေပေါ်လာပြီး စပါးကို စိုက်ရတာ။ သူတို့အတွက်က နွေစပါးကိုပဲ အဓိက အားထားရတာ။ သူတို့က အဲဒီလယ်တွေထဲမှာ မြေအောက်ရေတွင်းတွေ တူးပြီးတော့မှ တလုံးထိုး အင်ဂျင်နဲ့ ရေစုပ်တင်ပြီးတော့မှ နွေစပါးကို စိုက်ကြတာ။ အဲဒီအချိန်မှာတော့ အထူးသဖြင့် ဒီဇယ် က အဓိကပဲ။ အခုလို ဈေးတွေတက်သွားတော့ လယ်တွေအတွက် ရေလိုသလောက်မပေးနိုင်တော့ဘူးပေါ့။ လက်တလောဖြစ်သွားတဲ့ ဓါတ်ဆီဈေးတွေက အဆမတန်ထိုးတက်သွားတာပေါ့။ နောက်ပြီး နွေရာသီမှာ လက်စိုက်ခင်းတွေ ။ လက်စိုက်ခင်းဆိုတာက နွေရာသီမှာ သစ်သီးဝလံ စိုက်တဲ့ တောင်သူ။ သူတို့ကလည်း ဒီဇယ်ကိုပဲ အားပြုစိုက်ရတာ။ လိုသလောက် ရေမသွင်းနိုင်တဲ့အပိုင်းတွေရှိတယ်"

အဲဒီလိုအခြေအနေတွေ ကြုံတွေ့နေရတဲ့ ဒေသတွေကတော့ စစ်ကိုင်းတိုင်းအတွင်းက ချောင်းဦးမြို့နယ်၊ စစ်ကိုင်းအနီး က မူးမြစ်တဝှိက်၊ ရွှေဘိုမြို့နယ် အတွင်းကဒေသတချို့ နဲ့ ချင်းတွင်း မြစ်ကြောင်းတလျှောက် ဝဲယာတွေက ဒေသတချို့တွေက အခြေအနေပါ။ ဒါအပြင် မိုးစပါး ကို အဓိကထား စိုက်ပျိုးတဲ့ဒေသတချို့မှာလည်း နွေစပါးကို သီးထပ်အဖြစ် စိုက်ပျိုးလေ့ရှိကြပါတယ်။ ဒါပေမယ့် ရေတင်စက်နဲ့ စိုက်ပျိုးရတာဖြစ်တဲ့အတွက်ကြောင့် ဆက်လက်ပြီး ရေသွင်းဖို့ အခက်အခဲဖြစ်နေကြတယ်လို့ ဆိုပါတယ်။

အလားတူ လောင်စာဆီဈေးတက်နေတဲ့ ရိုက်ခတ်မှုတွေကို မြန်မာပြည် အလယ်ပိုင်း မြေလတ်ဒေသ က ငရုတ်စိုက် တောင်သူတွေမှာလည်း ကြုံတွေ့နေကြရတယ်လို့သိရပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး မကွေးတိုင်းအတွင်းမှာ ကိုယ်တိုင်လည်း ငရုတ်စိုက် တောင်သူဖြစ်ပြီး တောင်သူလယ်သမားအရေး သင်တန်းတွေ ပို့ချပေးနေတဲ့ ဦးအောင်ကျော်ကျော် က ကြုံတွေ့နေရတဲ့ အခက်အခဲကို အခုလိုပြောပါတယ်။

"အခုအချိန်က မိုးကမရွာသေးဘူးလေ။ လက်ရှိကို ငရုတ်ခင်းတွေက ရေသွင်းနေကြရတာ။ ရေက တောက်လျှောက်သွင်းနေရတာ။ ဆိုတော့ ဒီရက်ပိုင်း အခက်အခဲဖြစ်တာက ဆီဈေးတွေက တော်တော်ကိုကြီးနေတာ။ ကြီးသွားတော့ ရေသွင်းရမယ့် ကိစ္စကို မသွင်းနိုင်ကြတော့ဘူး။ သုံးကြိမ်သွင်းရမယ့်ဟာကို တကြိမ်လောက်ပဲသွင်းပေါ့။ အဲလိုပဲ ချွေချွေတာတာလေးနဲ့ သွင်းရတဲ့ အခြေအနေတွေဖြစ်သွားတယ်"

ဒါအပြင် လောင်စာဆီတွေ ရုတ်တရက်ဈေးတက်တာဟာ ရေတင်ရေစုပ်စက်တွေ အသုံးပြုကြရတဲ့ ကွမ်းစိုက်တောင်သူတွေကိုလည်း ရိုက်ခတ်မှုတွေရှိနေတယ်လို့ သိရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး မကွေးတိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က ကျေးလက်ဖွံဖြိုးရေးဆောင်ရွက်ပေးနေသူတဦး က အခုလိုပြောပြပါတယ်။

"ဆီဈေးကြီးတော့ ရေကို အင်ဂျင်နဲ့ တင်ရတဲ့ အလုပ်တွေ အကုန်ရိုက်ခတ်တာပဲ။ တောင်သူတွေလည်း အခုလတ်တလောကတော့ ကွမ်းစိုက်တဲ့သူတွေက ဆီဈေးကြီးတော့ ရေကို လုံလုံလောက်လောက် မပေးနိုင်ကြတော့ဘူး။ ကွမ်းပင်တွေကိုလေ။ ရေကိုလုံလုံလောက်လောက်မပေးနိုင်တဲ့အတွက်ကြောင့် ကွမ်းရွက်တွေက မအောင်ကြဘူး "

မနှစ် နှစ်ဆန်းပိုင်း က စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဓါတ်မြေသြဇာ မြေဆီဈေးတွေ မြင့်တက်လာတာ၊ အလုပ်သမားရှားပါးလာတာ၊ ခိုင်းနွားတွေ ရှားပါးလာတာတွေကြောင့် အရင်ကတည်းက မပြေလည်တဲ့ အခြေအနေတွေကနေ အခက်အခဲတွေ ပိုမိုကြုံတွေခဲ့ကြရပါတယ်။ အဲဒီအချိန်ကတည်းက လောင်စာဆီဈေးတွေ တက်လာတဲ့အတွက်ကြောင့်လည်း လယ်ထွန်စက် အပါအဝင် လယ်ယာသုံး စက်ကရိယာတွေ အသုံးပြု ၊ ငှားရမ်းရတဲ့ဈေးတွေ တက်နေတဲ့အတွက်ကြောင့် တောင်သူလယ်သမားတွေမှာ ပိုပြီး အကြပ်အတည်း နဲ့ ရင်ဆိုင်ကြရပါတယ်။ အခုတခါ လောင်စာဆီဈေးတွေ ရုတ်တရက် တက်လာတဲ့အခါမှာတော့ စိုက်ပျိုးရေးကို အကြီးအကျယ်ရိုက်ခတ်နေတယ်လို့ သိရှိရပါတယ်။

တိုက်ရိုက် လင့်ခ်

.........................................................


{{Unicode}}










XS
SM
MD
LG