သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေဘေးကြောင့် ကုန်စည်ပို့ဆောင်မှုတွေ ထိခိုက် 


မိုးကြီးရေလျှံမှုကြောင့် ပျက်စီးနေတဲ့ ရှမ်းတောင်ပိုင်းလမ်းများ (စက်တင်ဘာ ၂၀၂၄)
မိုးကြီးရေလျှံမှုကြောင့် ပျက်စီးနေတဲ့ ရှမ်းတောင်ပိုင်းလမ်းများ (စက်တင်ဘာ ၂၀၂၄)

မြန်မာနိုင်ငံ နေရာတော်တော်များများမှာ ဒီလဆန်းက ရေဘေးသင့်ခဲ့ရာက လမ်းပမ်းဆက်သွယ်ရေးတွေ ပျက်စီးခဲ့ပြီး၊ ကုန်စည်စီးဆင်းမှုမှာလည်း ထိခိုက်နေပါတယ်။ ရေဘေးဒဏ် လျော့ပါးသွားပေမဲ့ ထိခိုက်ပျက်စီးမှုတွေကြောင့် သယ်ယူပို့ဆောင်မှုတွေနဲ့ ကုန်စည်စီးဆင်းမှုတွေ ပုံမှန်ပြန်မဖြစ်သေးဘူးလို့လည်း လုပ်ငန်းရှင်တွေက ပြောပါတယ်။ ရေဘေးကြောင့် ကုန်စည်ပို့ဆောင်မှုတွေမှာ ထိခိုက်မှုအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီးတင်ပြထားပါတယ်။

ရေကြီးရေလျှံမှုတွေ လက်တလောမှာ လျော့ပါသွားပြီဆိုပေမဲ့လည်း တောင်ပြို၊ မြေပြိုတာတွေနဲ့ လမ်းပျက်စီးမှုတွေကြောင့် ပြည်တွင်းကုန်သွယ်ရေး အပါအဝင် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ ခက်ခဲကြန့်ကြာမှုတွေ ရှိခဲ့တယ်လို့ ကုန်စည်ပို့ဆောင်ရေး လုပ်ကိုင်နေသူတွေက ဗွီအိုအေကို ပြောပါတယ်။ လမ်းတွေကို အမြန်ဆုံး ရှင်းလင်းနေပေမဲ့ အကုန်လုံးတော့ သွားလို့မရသေးကြောင်း၊ ကုန်ကားငယ်တွေနဲ့ အဓိကပြေးဆွဲနေရကြောင်း မြန်မာနိုင်ငံအဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်းရဲ့ တာဝန်ခံက ဗွီအိုအေကို ပြောပါတယ်။

" ရှမ်းတောင်တကြောကတော့ သွားလို့ရနေပါတယ်၊ လွိုင်လင်နားအထိ မဟုတ်ဘူး တောင်ကြီးနဲ့ ဟိုပုန်းလောက်ပဲ။ (ရှမ်းတောင်) ကျန်တဲ့ဘက်က သိပ်ပြီးမရှိတော့ဘူး၊ သိပ်မကောင်းဘူး။ ရှမ်းရှေ့ကတော့ သွားလို့မရသေးဘူးဗျ။ မန္တလေးတကြောလည်း သွားလို့ရနေပါတယ်၊ ကားအသေးတွေပဲ သွားတာပါ၊ ကားအသေးနဲ့ ဘားအံ-မြဝတီကနေ ကဲ့တာ။ ဘားအံကြမှ ကားအကြီးနဲ့ ရန်ကုန်ကို ပြန်ကဲ့တာပေါ့၊ မန္တလေးသွားပေါ့ ဒီလိုပဲလုပ်နေကြတာ။ ရခိုင်ကတော့ လမ်းက ပျက်ကိုပျက်နေတာ သိပ်သွားသူ မရှိတော့ဘူး။"

ရှမ်းပြည်နယ် တောင်ပိုင်းမှာလည်း နေအိမ်၊ စိုက်ခင်းနဲ့ လမ်းတွေအများအပြား ပျက်စီးခဲ့ပါတယ်။ ကလော-ဟဲဟိုး-ရွှေညောင်-တောင်ကြီး-ဟိုပုန်း-လွိုင်လင် (ရှမ်းပြည်နယ်တောင်ပိုင်း) လမ်းကို ဒီနေ့ စက်တင်ဘာ ၂၅ရက်မှာ စတင်ဖြတ်သန်းခွင့်ပြုမယ်လို့ ပြည်တွင်းသတင်းတချို့မှာ ရေးကြပေမဲ့ လွိုင်လင်မြို့က ဒေသခံတွေကတော့ သွားလို့မရသေးဘူလို့ ဗွီအိုအေကို ပြောပါတယ်။ ပင်လုံ-မိုင်းပြင်း-ကျိုင်းတုံ-တာချီလိတ် ရှမ်းအရှေ့လမ်းကတော့ သွားလို့ မရသေးပါဘူး။

လက်ရှိမှာ လုပ်ငန်းလည်ပတ်နေဆဲလို့ ပြောလို့ရတဲ့ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးကလည်း မြေပြိုတာတွေကြောင့် ခက်ခဲမှုတွေရှိနေတယ်လို့ မြဝတီနယ်စပ်က လုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။ ကုန်သွယ်ရေး လည်ပတ်နေအောင် ပျက်တဲ့လမ်းတွေကပဲ ကားလေးတွေနဲ့ သွားလာနေတယ်လို့ သူကပြောပါတယ်။

"မြဝတီလမ်း အခြေအနေကတော့ လောလောဆယ် လမ်း၄လမ်းက သွားနေပါတယ်၊ ဒေါနတောင်လမ်း၊ ထော့ကိုကိုးလမ်း၊ ၁၀၁၈လမ်း၊ နောက်လမ်းဟောင်း။ ထော့ကိုကိုးကတော့ သွားတယ် ဟိုရက်တွေကတော့ မိုးများနေတဲ့အတွက် ထော့ကိုကိုးဘက်က မသွားဖြစ်ဘူး၊ နည်းနည်း မြေပြိုတာလေးတွေ ရှိနေတော့။ ဒီရက်တွေကတော့ အများဆုံး သွားဖြစ်တာကတော့ ၁၀၁၈လမ်းရယ် လမ်းဟောင်းရယ်က အများဆုံးသွားဖြစ်နေပါတယ် ရှင့်။ မိုးဆက်တိုက် ရွာနေတယ်ဆိုပေမဲ့ ပုံမှန်ကတော့ သွားနေကြပါတယ်။ ကားလေးတွေနဲ့ အဆင်ပြေပါတယ်၊ 4-wheel တွေနဲ့သွားတယ် 4-wheel ဒီဘက်ကို ရောက်ပြီဆိုရင်တော့ အံစာတုံးပြန်ပြောင်းတယ်။ ဒါပေမဲ့ မိုးများတာဖြစ်တဲ့အတွက် ပုံမှန်တညအိပ်နဲ့ရောက်မဲ့ ခရီးစဉ်က မရောက်ဘဲ ခရီးကြန့်ကြာမှုလေးတွေကတော့ ရှိတာပေါ့။ နှစ်ညအိပ် ဖြစ်ချင်လည်း ဖြစ်သွားတာ။"

ကုန်စည်ပို့ဆောင်ခတော့ အပြောင်းအလဲ သိပ်မရှိပါဘူး။ ဒါပေမဲ့ လမ်းမကောင်းတာ၊ အချိန်ကြန့်ကြာတာကြောင့် ကုန်စိမ်းသီးနှံတချို့ကတော့ အရင်ကစျေးတွေထက် နှစ်ဆစျေးတက်သွားတာတွေ ရှိပါတယ်။ ဘင်္ဂလားပင်လယ်အော်ထဲမှာ မုန်သုန်လေက အားကောင်းနေတုန်းဖြစ်ပြီး မြန်မာနိုင်ငံအနှံ့မှာ ဒီရက်ပိုင်းအတွင်း နေရာကျဲကျဲနဲ့ နေရာစိပ်စိပ် မိုးရွာသွန်းနိုင်ခြေ ရှိသေးတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနဘက်က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG