(Zawgyi / Unicode)
နယ်သာလန်နိုင်ငံ၊ The Hague မြို့က နိုင်ငံတကာတရားရုံးမှာ မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ တရားရင်ဆိုင်ဖို့ မနေ့ ဒီဇင်ဘာ ၈ ရက်နေ့က မြန်မာနိုင်ငံကနေ ထွက်ခွာသွားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ အခမ်းအနား၊ လူထုချီတက်ပွဲတွေ ပြည်တွင်းရော၊ ပြည်ပမှာပါ ပြုလုပ်နေကြပါတယ်။ ကနေဒါနိုင်ငံမှာ မနေ့ကကျင်းပတဲ့ ထောက်ခံပွဲကတော့ ဒီကိစ္စမှာ ဘယ်သူမှန်တယ်၊ မှားတယ်ဆိုတာထက် ဒီအမှုကို ဦးဆောင်ရင်ဆိုင်မယ့် နိုင်ငံ့ခေါင်းဆောင်ကို ထောက်ခံခြင်းဖြစ်ကြောင်း ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ဆက်နွှယ်ပြီး မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် လူမျိုးတုံး သတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ OIC လို့ခေါ်တဲ့ အစ္စလာမ္မစ်နိုင်ငံများအဖွဲ့ကိုယ်စား ဂမ်ဘီယာနိုင်ငံက ဦးဆောင်ပြီး နယ်သာလန်နိုင်ငံ၊ The Hague မြို့မှာရှိတဲ့ ICJ နိုင်ငံတကာတရားရုံးမှာ အမှုဖွင့် တိုင်ကြားထားတဲ့ကိစ္စကို မနက်ဖြန် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ စတင် ကြားနာတော့မှာပါ။
ဒီအမှုကို မြန်မာနိုင်ငံကိုယ်စား နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ရင်ဆိုင်ဖို့အတွက် မနေ့ ဒီဇင်ဘာ ၈ ရက်နေ့က ရန်ကုန်မြို့က ထွက်ခွာသွားတာမှာ အခုဆိုရင် နယ်သာလန်နိုင်ငံကို ရောက်နေပါပြီ။
နိုင်ငံ့ကိုယ်စား အမှုကို ဦးဆောင်ရင်ဆိုင်မယ့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြောင်း လူထုချီတက်ပွဲတွေ၊ အခမ်းအနားတွေကို ဒီဇင်ဘာ ၇ ရက်နေ့ကတည်းက ပြုလုပ်နေကြတာပါ။ မနေ့ ဒီဇင်ဘာ ၈ ရက်နေ့ကတော့ ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့မှာ ၈၈ မျိုးဆက် ကျောင်းသားတွေက ဦးဆောင်ပြီး ထောက်ခံပွဲတခု ကျင်းပခဲ့ကြပါတယ်။
သူတို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲ ကျင်းပတယ်ဆိုပေမယ့် အခုချိန်မှာ ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုတဲ့ တဖက်ဖက်ကိုလိုက်ပြီး ရပ်တည်တာမျိုး မဟုတ်ဘဲ နိုင်ငံအတွက် ကိုယ်စားပြု ဆောင်ရွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်လုပ်ဆောင်မှုကို ထောက်ခံခြင်းဖြစ်ကြောင်း ဒီကနေ့အခမ်းအနားကို ဦးဆောင်ကျင်းပသူတွေထဲက တဦးဖြစ်တဲ့ ကိုတီမူသီးဇော်ဇော်က ပြောပါတယ်။
“ကျနော်တို့ကတော့ ပြည်ပရောက် မြန်မာ Community ပေါ့နော်၊ ကျနော်တို့ ပြည်ပရောက်တဲ့ထဲမှာမှ နှစ်ပေါင်း သုံးလေးဆယ် ကြာတဲ့သူတွေ၊ နှစ်ပေါင်း ဆယ်နှစ်ကြာတဲ့သူတွေ အများကြီးပဲ ရှိတဲ့အခါမှာ လောလောဆယ် အနေအထားကတော့ ကျနော်တို့က မိမိနိုင်ငံအပေါ်မှာ တခြားနိုင်ငံတခုက တရားစွဲတဲ့ အပေါ်မှာ ကျနော်တို့က မိမိရဲ့ ခေါင်းဆောင်ကို ထောက်ခံတယ်ဆိုတဲ့ အဆင့်မှာပဲ ကျနော်တို့ လောလောဆယ် သွားနိုင်ပါသေးတယ်။ လာမယ့် တရားရေးရဲ့ ဆုံးဖြတ်ချက် အခြေအနေ အနေအထား အမှုသွား အမှုလာပေါ် မူတည်ပြီးတော့မှ ကျနော်တို့က ရှေ့ဆက်ပြီး နှစ်ဖက်ကြားနာမှုအပေါ်မှာ နားထောင်ပြီးတော့မှ ရှေ့ဆက်ပြီးတော့ ဘယ်လိုအခြေအနေမျိုးလဲ ဆိုတာကို စောင့်ကြည့်ပြီးတော့ ကျနော်တို့ကိုယ်တိုင် တရားမျှတသော ဆုံးဖြတ်ချက်နဲ့အတူ ရပ်တည်နေမှာ ဖြစ်ပါတယ်။
“လောလောဆယ် ကျနော်တို့ကိုယ်တိုင်က ဒေါ်အောင်ဆန်းစုကြည် သွားတဲ့ ခရီးစဉ်အပေါ်မှာ ထောက်ခံခြင်း၊ ကြိုဆိုခြင်း၊ ဂုဏ်ပြုခြင်း ဒီဟာကိုပဲ ကျနော်တို့ လောလောဆယ် အလေးပေး လုပ်ဆောင်မယ့်အပြင် ဒုတိယအချက်ကတော့ ကျနော်တို့ ပြည်ပရောက် မြန်မာ Community၊ အထူးသဖြင့် ကနေဒါနိုင်ငံမှာ အကြီးဆုံးမြို့ဖြစ်တဲ့ Vancouver, Toronto, Saskatchewan စတဲ့ မြို့သုံးမြို့မှာ တပြိုင်တည်း မဟုတ်ဘူးပေါ့နော်၊ သို့သော်လည်း မနေ့က Vancouver မှာ ကျင်းပပါတယ်၊ ဒီနေ့ Toronto နဲ့ Saskatchewan မှာ ကျင်းပတယ်။ အဲဒီလိုကျင်းပပြီးတော့မှ ဒီအပေါ်မှ လူထုစည်းဝေးပွဲ ပုံစံမျိုး ပွဲပြီးတဲ့အခါမှာ ဆွေးနွေးပွဲ လုပ်ပြီးတော့မှ ဘာဆက်လုပ်သင့်တယ်၊ ဘယ်လိုထောက်ခံသင့်တယ်၊ ဘယ်လိုသွားသင့်တယ်ဆိုတာ ကျနော်တို့ ဆက်လက်ပြီး လုပ်မှာဖြစ်ပါတယ်။”
ကိုဇော်ဝင်းလှိုင် - ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတယ်ဆိုတာက တဖက်က ပြောနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်တယ်၊ လူမျိုးတုံး သတ်ဖြတ်တယ် ဆိုတာတွေကို မထောက်ခံဘူး ဆိုသလိုများ သက်ရောက်သွားမလားလို့။
ကိုတီမူသီးဇော်ဇော် - “ကျနော်တို့အနေနဲ့ကတော့ စပြီး ဒီမိုကရေစီ အရေးအခင်း ဖြစ်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာလည်း ကျနော်တို့နိုင်ငံရဲ့ ခေါင်းဆောင်ဖြစ်တယ်၊ ပြည်သူ့ရဲ့ ခေါင်းဆောင်ဖြစ်တယ်၊ ဒီမိုကရေစီရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ရပ်ပေါ်မှာ ကျနော်တို့က သူ့ကို ဝန်းရံအားပေးတဲ့ သဘောမျိုးနဲ့သာ ထောက်ခံခြင်းဖြစ်ပြီး ကျန်တဲ့အရာတွေကို လောလောဆယ်မှာ ကျနော်တို့က ကန့်ကွက်ခြင်း ဆိုတာကို ကျနော်တို့ကိုယ်တိုင် ပြောနိုင်ခွင့် မရှိသေးပါဘူး။ ကျနော်တို့လည်းပဲ စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။”
ကိုဇော်ဝင်းလှိုင် - တကယ်လို့များ တရားရုံးက ဆုံးဖြတ်ချက်ဟာ ဂမ်ဘီယာဘက်ကို အသာစီးရသွားစေတဲ့ ဆုံးဖြတ်ချက်မျိုးဖြစ်မယ်၊ မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်၊ ချေပချက်တွေကို လက်မခံတာမျိုးဖြစ်မယ် ဆိုရင်ရော ကြိုစဉ်းစားထားတာရှိလား၊ ဘာလုပ်မယ်ဆိုတာ။
ကိုတီမူသီးဇော်ဇော်က - “ကျနော်တို့အနေနဲ့က ဆုံးဖြတ်ချက် တခုတည်းအပေါ်မှာ ရပ်တည်ပြီးတော့ Yes / No ပြောခြင်းထက်စာရင် ဆုံးဖြတ်ချက် မတိုင်ခင်မှာ နှစ်ဖက် လျှောက်လဲချက်ကို နားထောင်ပြီးတော့မှ ဒီဆုံးဖြတ်ချက်ပေါ်မှာ ကန့်ကွက်ခြင်း၊ ဆန့်ကျင်ခြင်း၊ ထောက်ခံခြင်းဆိုတာကို သွားမယ်လို့ မှန်းထားပါတယ်။ ဒါကြောင့်မို့ လက်ရှိ အနေအထားမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အပေါ်ကို ကျနော်တို့က ထောက်ခံတယ်၊ ကြိုဆိုတယ်၊ ဂုဏ်ယူတယ်ဆိုတဲ့ အခမ်းအနားတခုကို လုပ်ခြင်းဖြစ်ပြီးတော့ ဒီအခမ်းအနား ပြီးတဲ့အခါမှာလည်း ဘာဆက်လုပ်သင့်တယ် ဆိုတာကို ကျနော်တို့ Community အနေနဲ့ ဆွေးနွေးဖို့ရှိပါတယ်။”
ဒီကနေ့ တိုရွန်တိုမြို့မှာ ကျင်းပတဲ့ပွဲကို လူပေါင်း ၁၀၀ ဝန်းကျင်လောက် တက်ရောက်တယ်လို့ ဆိုပါတယ်။ မနေ့ကလည်း ကနေဒါနိုင်ငံ Vancouver မြို့မှာ အလားတူ ထောက်ခံပွဲ ကျင်းပခဲ့သလို မနက်ဖြန်မှာလည်း Saskatchewan မြို့မှာ ကျင်းပဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
အလားတူပဲ နယ်သာလန်နိုင်ငံ၊ The Hague မြို့မှာ အမှုရင်ဆိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် စတင်ထွက်ခွာသွားတဲ့ ဒီဇင်ဘာ ၈ ရက်နေ့မှာပဲ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူး၊ ဧရာဝတီ စတဲ့ တိုင်းဒေသကြီးတွေနဲ့ မွန်ပြည်နယ်တို့က မြို့တွေမှာ လူထုထောက်ခံ ချီတက်ပွဲတွေ ကျင်းပခဲ့သလို ဒီဇင်ဘာ ၇ ရက်နေ့ကလည်း နေပြည်တော်နဲ့ စစ်ကိုင်းမြို့ အပါအဝင် မြို့အတော်များများမှာ ချီတက် ထောက်ခံပွဲတွေ ကျင်းပခဲ့ကြပါတယ်။
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ သွားရောက်ရင်ဆိုင်မယ့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့အတူ မြန်မာ့တပ်မတော်ဘက်ကလည်း ကိုယ်စားလှယ်တဦး လိုက်ပါသွားဖို့ မူလက ဆွေးနွေးစီစဉ်ထားခဲ့ပေမယ့်လည်း မလိုက်ပါဖြစ်တော့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြည်တွင်း မီဒီယာတချို့ကို ပြောကြားခဲ့ပါတယ်။
----------------------------------
(Unicode)