သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ICJ/ICC တရားစွဲ စုံစမ်းစစ်ဆေးမှု ထောက်ခံကြောင်း ဝါရှင်တန် မြန်မာသံရုံးရှေ့ ဆန္ဒထုတ်ဖော်


ဝါရှင်တန်ဒီစီ မြန်မာသံရုံးရှေ့ စုဝေး ဆန္ဒပြသူများ။ (ဓာတ်ပုံ - Karen Organization America, ဒီဇင်ဘာ ၇၊ ၂၀၁၉)
ဝါရှင်တန်ဒီစီ မြန်မာသံရုံးရှေ့ စုဝေး ဆန္ဒပြသူများ။ (ဓာတ်ပုံ - Karen Organization America, ဒီဇင်ဘာ ၇၊ ၂၀၁၉)

(Zawgyi / Unicode)

မြန်မာစစ်တပ်နဲ့ အစိုးရဟာ ရိုဟင်ဂျာ မွတ်စလင်တွေ အပါအဝင် လူနည်းစု တိုင်းရင်းသားတွေအပေါ် ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိတာကြောင့် တရားမျှတမှု ရှိလာအောင် ICJ နဲ့ ICC တရားရုံးတွေက လုပ်ဆောင်ပေးနိုင်မယ်လို့ ယုံကြည်ကြောင်း အမေရိကန်ရောက် တိုင်းရင်းသားတွေက ပြောဆိုလိုက်ကြပါတယ်။ စနေနေ့က ဝါရှင်တန် မြန်မာသံရုံးရှေ့ ဆန္ဒပြပွဲမှာ အဲဒီလို ပြောဆိုလိုက်တာပါ။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

ရခိုင်မြောက်ပိုင်းဒေသက ရိုဟင်ဂျာမွတ်စလင်တွေကို လူမျိုးတုံး သတ်ဖြတ်တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ICJ နိုင်ငံတကာ တရားရုံးမှာ တိုင်ကြားစွပ်စွဲထားသလို ရိုဟင်ဂျာနဲ့ တခြားလူနည်းစု တိုင်းရင်းသားတွေအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်ထားတယ်ဆိုပြီး ICC အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးက မြန်မာစစ်ခေါင်းဆောင်တွေနဲ့ အစိုးရတာဝန်ရှိသူတွေကို စုံစမ်းစစ်ဆေးနေတာပါ။

ဒီလို စွပ်စွဲအရေးယူဖို့ ကြိုးပမ်းမှုကို ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ ဒီဇင်ဘာ ၇ ရက်၊ စနေနေ့ နေ့လယ်ပိုင်းက ဝါရှင်တန်ဒီစီ မြန်မာသံရုံးရှေ့မှာ အမေရိကန်-ကရင်တိုင်းရင်းသားများအဖွဲ့ (Karen Organization of America- KOA) က ကမကထလုပ်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာလို့ KOA အဖွဲ့ အထွေထွေအတွင်းရေးမှူး ကိုဖိုးအယ်က ဗွီအိုအေကို ပြောပါတယ်။

“ဂမ်ဘီယာ တရားစွဲထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှုလုပ်တာ မှန်တယ်။ ကျနော်တို့ကျတော့ တခါတုန်းက မြန်မာအစိုးရ တပ်မတော်တွေပေါ့နော် ကျနော်တို့ကို လူမျိုးတုံးသတ်ဖြတ်တဲ့ အဆင့်အထိ ကျနော်တို့အပေါ်မှာ ရှိတယ်။ အဲဒါကြောင့် လာပြီး ထောက်ခံတယ်။ ထောက်ခံတာမက တကမ္ဘာလုံး သိစေချင်တယ်။ အဲဒါကြောင့် ဒီနေ့ ကျနော်တို့ ဆန္ဒလာပြပါတယ်။ အပြစ်ပေးစေချင်တာကတော့ ဗမာ့တပ်မတော် ဦးဆောင်တဲ့ မင်းအောင်လှိုင် အဓိက၊ မင်းအောင်လှိုင်ကို ဖမ်းချုပ်ထားမယ်၊ နောက်ပြီးတော့ ဒီအစိုးရလည်း ကျနော်တို့ ပြောချင်တာက ဒေါ်အောင်ဆန်းစုကြည်ကျတော့ သူက တပ်မတော်နောက်ကနေ မနေဘူးဆိုရင် လူထုကိုယ်စား ပြောမယ်ဆိုရင် တမျိုးပေါ့၊ အခု ကျနော်တို့ အဲဒီလို မမြင်ရဘူးလေ။ သူက ဗမာတပ်မတော်ကို ထောက်ခံသလို အားပေးသလို ဖြစ်နေတယ်။ အဲဒါကိုလည်း ICJ ကို သိစေချင်တယ်။”

ဒီလို ကျူးလွန်မှုတွေမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်အာဏာရှင်အစိုးရလက်ထက် တာဝန်အရှိဆုံး အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အစရှိတဲ့ စစ်ခေါင်းဆောင်တွေကိုလည်း အရေးယူစေလိုကြောင်း ဆန္ဒပြပွဲမှာ ဆိုင်းဘုတ်တွေနဲ့ ကြွေးကြော်ခဲ့ကြတာပါ။

ICJ နိုင်ငံတကာတရားရုံးနဲ့ ICC အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးတွေရဲ့ ဆုံးဖြတ်ချက်တွေဟာ မြန်မာပြည်တွင်း ဖြစ်ပျက်ခဲ့မှုအပေါ် တရားမျှတမှုကို ယူဆောင်ပေးလာနိုင်မယ်လို့ ယုံကြည်ကြောင်း မြန်မာသံရုံးရှေ့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ ကချင်မဟာမိတ်အဖွဲ့ဥက္ကဋ္ဌ ကိုဂွန်ဆမ်က ပြောပါတယ်။

“ကျနော်တို့ ဆန္ဒပြရခြင်း အကြောင်းရင်းကတော့ လူမျိုးတုံးသတ်ဖြတ်မှု ခံရတဲ့ အဓိက ရိုဟင်ဂျာ မွတ်စလင်တွေ ခံစားချက်တွေကို ကျနော်တို့ကနေပြီးတော့ ထပ်တူထပ်မျှရှိတဲ့ အချက်နဲ့ နောက် မှန်ကန်တဲ့ တရားစီရင်မှု ဖြစ်ဖို့အတွက် ကျနော်တို့ကနေပြီးတော့ ဆန္ဒပြရခြင်း ဖြစ်ပါတယ်။ ထို့နည်းတူပဲ ကျနော်တို့ တိုင်းရင်းသားတွေကိုယ်နှိုက် ဒီလို သတ်ဖြတ်ခြင်း ခံခဲ့ရတယ် ဆိုတဲ့ဟာကို ကျနော်တို့ လာဖော်ပြရခြင်း ဖြစ်ပါတယ်။”

NLD အစိုးရဟာ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ ဖိအားပေးမှု အကြီးအကျယ် ကြုံနေရပြီး နိုင်ငံတကာ မျက်နှာစာမှာ အခုလို အမှုရင်ဆိုင်နေရတာကြောင့် ICJ မှာ အမှုသွားရင်ဆိုင်မယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံတဲ့အနေနဲ့ ပြည်တွင်းမှာ ထောက်ခံပွဲတွေ ဆက်တိုက်လုပ်နေချိန်မှာ ပြည်ပရောက် တိုင်းရင်းသားတွေက ဒီလို ICJ/ICC ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်တာက အစိုးရနဲ့ တိုင်းရင်းသားတွေကြား ပိုဝေးကွာ သွားစေနိုင်ပါသလား …

KOA အဖွဲ့က ကိုဖိုးအယ်ကတော့ ဒီမိုကရေစီကိုသွားနေတဲ့ မြန်မာနိုင်ငံမှာ သူတို့ တိုင်းရင်းသားတွေ ကာလကြာရှည် ခံစားနေရတာကို ထုတ်ဖော်ခြင်းသာ ဖြစ်တယ်လို့ ပြောပါတယ်။

“ကျနော်တို့မှာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုပိုင်ခွင့် ရှိရမယ်၊ ဗမာပြည်ထဲမှာ။ တကယ်လို့ တနိုင်ငံလုံး ဒီမိုကရေစီနိုင်ငံ ဖြစ်စေချင်တယ်ဆိုရင် ဥပမာ ကျနော်တို့ ဆန္ဒ ထုတ်ဖော်ပြတာတို့ အဲဒီလိုမျိုး သူတို့ ပိတ်ဆို့မယ်၊ ပိတ်ပင်မယ်၊ ဖမ်းသတ်မယ်၊ ခြိမ်းခြောက်ကြမယ် အဲဒီလိုမျိုးဆိုရင် ဗမာပြည် လုံးဝ ငြိမ်းချမ်းမှာမဟုတ်ဘူး။ ကျနော်တို့က သတိထားမိတယ် အဲဒါကြောင့်မို့။”

ဝါရှင်တန် မြန်မာသံရုံးရှေ့ စနေနေ့ ဆန္ဒပြပွဲမှာ ကရင်တိုင်းရင်းသားတွေသာမက ကချင်၊ ရခိုင်၊ မွန်နဲ့ ရိုဟင်ဂျာမွတ်စလင်တချို့လည်း ပါဝင်ပြီး ဆန္ဒပြသူ ၆၀ ဝန်းကျင် ရှိပါတယ်။

ရိုဟင်ဂျာလို့ ခေါ်ဆိုတာကို လက်မခံတဲ့ မြန်မာအစိုးရက ICJ မှာ တရားရင်ဆိုင်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်တဲ့အဖွဲ့ ရှေ့သီတင်းပတ်ထဲ The Hague မြို့ကို သွားရောက်မှာဖြစ်ပါတယ်။

---------------------------

(Unicode)














တိုက်ရိုက် လင့်ခ်


XS
SM
MD
LG