သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အတိုင်ပင်ခံ ICJ ခရီး လူထုထောက်ခံပွဲများ ဝေဖန်ခံရ


ရန်ကုန်မြို့တော်ခန်းမရှေ့ လူထုထောက်ခံဆန္ဒပြပွဲ ( ဒီဇင်ဘာ ၁၊ ၂၀၁၉)
ရန်ကုန်မြို့တော်ခန်းမရှေ့ လူထုထောက်ခံဆန္ဒပြပွဲ ( ဒီဇင်ဘာ ၁၊ ၂၀၁၉)

(Zawgyi / Unicode)

လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်ကို ဖြေရှင်းဖို့ နိုင်ငံတကာတရားရုံး (ICJ) မှာ သွားရောက်ရင်ဆိုင်မယ့် ဒေါ်အောင်ဆန်းစုကြည်ကို ဝန်ကြီးချုပ်တွေကိုယ်တိုင် ဦးဆောင်ပြီး လူထုထောက်ခံပွဲတွေ ကျင်းပတာဟာ လက်တွေ့ဆန်တဲ့ လုပ်ရပ်တွေ မဟုတ်ဘဲ လူထုအပေါ် အရင်စစ်အစိုးရလို ဝါဒမှိုင်းတိုက်မှုသာ ဖြစ်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူ လူငယ်တွေက ပြောဆိုလိုက်ပါတယ်။ အခု အစိုးရနဲ့ စစ်တပ် ရင်ဆိုင်နေရတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်ဆိုတဲ့ တရားစွဲဆိုမှုဟာ တိုင်းရင်းဒေသတွေက စစ်တပ်ရဲ့ ဆိုးရွားလွန်းလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေထဲက ဖြစ်စဉ်တခုသာ ဖြစ်သေးတယ်လို့လည်း တိုင်းရင်းသားလူငယ်တွေက ပြောပါတယ်။ ဒီကနေ့ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ရှိနေတယ်ဆိုတဲ့ လူထုထောက်ခံပွဲအပေါ် အမြင်သဘောထားတွေကို မဆုမွန်က စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံအပေါ် လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်နဲ့ နိုင်ငံတကာတရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံက တိုင်ကြားထားတာကို ကြားနာစစ်ဆေးမယ့်ကိစ္စ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် မကြာခင်ရက်ပိုင်းမှာပဲ သွားရောက်ရင်ဆိုင် ဖြေရှင်းတော့မှာ ဖြစ်ပါတယ်။

အခုလို မြန်မာနိုင်ငံရဲ့ အကျိုးစီးပွား ကာကွယ်ရန်အတွက်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် နိုင်ငံခြားရေးဝန်ကြီးတယောက် အနေနဲ့ ဦးဆောင်မယ့်အပေါ် မြန်မာနိုင်ငံတဝှမ်း ပြည်နယ် တိုင်း အသီးသီးမှာ ဝန်ကြီးချုပ်တွေကိုယ်တိုင် ဦးစီးပြီး We stand with Daw Aung San Suu Kyi, We stand with Mother Suu ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲတွေ ကျင်းပနေပါတယ်။ ဒီကနေ့မှာတော့ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲကိုတော့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ကိုယ်တိုင် တက်ရောက်အားပေးခဲ့ပါတယ်။

“ကျနော်တို့ ဘယ်လိုအခက်အခဲပဲဖြစ်ဖြစ်၊ ဘယ်လိုအကျပ်အတည်းပဲဖြစ်ဖြစ်၊ ကျနော်တို့ ကျော်လွှားနိုင်မှာဖြစ်တယ်။ ကျနော်တို့ သတ္တိရှိဖို့လိုတယ်။ ကျနော်တို့ အမေစု ကမ္ဘာမှာ သတ္တိအရှိဆုံးသူတယောက်ပါ။ သူ့ရဲ့လက်နက်က ချစ်ခြင်းမေတ္တာ။ သူသွားနေပြီ၊ ရှင်းနေပြီ၊ ကျနော်တို့ ချစ်တဲ့သူတွေကလည်း သူနဲ့ထပ်တူ တသားတည်း ကျတယ်ဆိုတာကို ပြဖို့အတွက် နှလုံးသားထဲကို ချစ်ခြင်းမေတ္တာထည့်ရမှာ ဖြစ်ပါတယ်။”

အခုပြောကြားခဲ့တာကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူရှိတယ်ဆိုတဲ့ ထောက်ခံပွဲ အခမ်းအနား ကျင်းပနေကြတာ ဖြစ်ပါတယ်။

ဒီလို လူထုထောက်ခံပွဲတွေ ဆန္ဒထုတ်ဖော်မှုတွေဟာ မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်ခဲ့တယ်၊ ဘာသာမတူ လူမျိုးကွဲတဲ့ လူနည်းစုတွေအပေါ် စစ်ရာဇဝတ်ပြစ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဖြေရှင်းနိုင်ဖို့ သက်ရောက်မှု ရှိနိုင်ပါ့မလား။

အရင်စစ်အစိုးရ အဆက်ဆက် လူထုကို ဖိအားပေး ဝါဒမှိုင်းတိုက်တဲ့ လုပ်ရပ်နဲ့ ဆင်တူနေတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတဦးဖြစ်တဲ့ မောင်ဆောင်းခက သူ့အမြင် အခုလို ပြောပါတယ်။

“အရင်အစိုးရ လုပ်ခဲ့တဲ့ပုံစံအတိုင်း ထောက်ခံပွဲတွေကို ဒီဘက်အစိုးရမှာ ဆက်လုပ်ဖို့ ကြိုးစားလာတာကို ကျနော်တို့ တွေ့ရတယ်။ အရင်တုန်းကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ထောက်ခံပွဲ ဆိုတာမျိုးတွေ ခြိမ့်ခြိမ့်သဲ လုပ်ခဲ့ကြတယ်။ အဲဒီလိုပဲ ဒီဘက်မှာလည်း ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲ ဆိုတာမျိုးနဲ့ပဲ မိုးကြိုးကို ထန်းလျက်နဲ့ကာဖို့ ကြိုးစားတာပေါ့။ ဆိုတော့ ကျနော်ထင်တယ် ထောက်ခံပွဲတွေက ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ အကျိုးသက်ရောက်မှု ရှိမရှိလို့ စဉ်းစားရင် ပိုပြီးတော့တောင် အန္တရာယ် များနိုင်တယ်ဗျ။

“ဘာဖြစ်လို့လဲဆိုရင် ဒါက Genocide ဆိုတဲ့ကိစ္စကို သွားရောက်ဖြေရှင်းတဲ့ ကိစ္စမှာ Genocide ရဲ့ အသွင်သဏ္ဌာန်က လူထုရဲ့ ပါဝင်ပတ်သက်မှုလည်း ပါတယ်ပေါ့။ လူထုကို ဝါဒမှိုင်းတွေ တိုက်ပြီးတော့ လူထုကိုယ်တိုင် ဒီလိုမျိုး လှုံ့ဆော်တဲ့ဟာမျိုးတွေ တွေ့ရတာရှိတယ်ပေါ့။ အဲတော့ အဲလို ထောက်ခံပွဲတွေမှာ ဘာပြောမလဲ ဆိုတဲ့ကိစ္စက အရေးကြီးမယ်လို့ ထင်တယ်။ ထောက်ခံပွဲတွေက တခါတလေမှာ ပိုပြီးတော့တောင် အန္တရာယ်များစေတယ်။ နောက်တခုက ဟိုမှာသွားရင်ဆိုင်မယ့် ဒေါ်အောင်ဆန်းစုကြည် အတွက် ပိုပြီးတော့တောင် အခက်တွေ့စေနိုင်တယ်လို့ ကျနော်ကတော့မြင်တယ်။”

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံ့ခေါင်းဆောင် အကြီးအကဲတယောက် အနေနဲ့ တာဝန်ယူမှု တာဝန်ခံမှု အပြည့်နဲ့ သွားရောက်ဖြေရှင်းဖို့ ကြိုးစားတဲ့အပေါ်မှာတော့ တိုင်းရင်းသားဒေသတွေမှာ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ စစ်ရာဇဝတ်မှု ကျူးလွန်မှုတွေ အပေါ်မှာလည်း မျက်နှာလွှဲခဲပစ်မနေဘဲ တာဝန်ယူဖြေရှင်းဖို့ သင့်တယ်လို့ ကချင်ငြိမ်းချမ်းရေး လှုပ်ရှားသူ ဆိုင်းနုပန်က ဆိုပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် သူ့အနေနဲ့ နိုင်ငံတော်ကို ချစ်မြတ်နိုးတဲ့အတွက်ကြောင့်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တာဝန်ယူတဲ့အတွက်ကြောင့် သူက တာဝန်ယူမှု တာဝန်ခံမှု ရှိပြီးမှ ကိုယ့်နိုင်ငံကို တရားစွဲတဲ့အပေါ်မှာ သူ့အနေနဲ့ သွားဖြေရှင်းတယ်လို့ မြင်တယ်။ ဒါပေမယ့် တခုက တိုင်းရင်းသားတွေ စစ်ပွဲတွေ အကြီးအကျယ် ဖြစ်တုန်းကဆိုရင် လူထုခေါင်းဆောင်တယောက် အနေနဲ့ လူထုတွေ ဒီလောက် ခက်ခဲနေတဲ့ဟာကို လျစ်လျူရှုခဲ့တယ်။ ဘာမှ တုံ့ပြန်မှု ဆောင်ရွက်မှု ဘာမှမရှိခဲ့ဘူး။ ဒါပေမယ့် စစ်တပ်ဘက်ကို သူ့အနေနဲ့ အရမ်း Cover လုပ်တယ်ဆိုတာတော့ မြင်တယ်။

“နောက်တခုက ဒီလိုမျိုး We Stand With Daw Suu ပေါ့နော်၊ အများကြီးလုပ်နေတဲ့အပိုင်းတွေ တွေ့ရတယ်။ ဒါက ပြည်သူလူထုကို နည်းနည်း လက်တလုံးခြား လုပ်ဆောင်နေတယ်လို့ ကျမတို့က မြင်တယ်။ အဓိက ပြောချင်တာက ပြည်သူလူထုက အရင်တုန်းက စစ်ရေး နိုင်ငံရေး ပဋိပက္ခ ဖြစ်ခဲ့ပြီးပြီ။ ဒီတခေါက်ကတော့ နိုင်ငံတော်ခေါင်းဆောင်တွေ တိုင်းရင်းသား ခေါင်းဆောင်တွေ ဘာသာရေး ခေါင်းဆောင်တွေ အနေနဲ့ လူထုကို အသုံးမချကြဖို့ ကျမ ပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလုပ်ဆောင်မှုတွေ အားလုံးအပေါ်မှာ သမိုင်းတရားခံ တခုအနေနဲ့ ဖြစ်လာလိမ့်မယ်။ ဒီအပေါ်မှာ တာဝန်ယူမှု တာဝန်ခံမှုရှိရှိနဲ့ လုပ်ဆောင်သွားဖို့တော့ ကျမမျှော်လင့်တယ်။”

တိုင်းရင်းသားပြည်သူလူထု စစ်ဘေးဒုက္ခဒဏ် ခံနေရစဉ်က ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် လှုပ်ရှားမှုတွေကို တရားစွဲဆို အရေးယူမှုတွေ ရှိခဲ့ပြီး အခုလို ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောက်ခံပွဲတွေကိုတော့ အင်တိုက်အားတိုက် အာဏာပိုင်တွေကိုယ်တိုင် ဦးဆောင် ဆောင်ရွက်နေတယ်လို့ စစ်မီးငြိမ်းရေး ငြိမ်းချမ်းစွာ လှုပ်ရှားမှုအပေါ် တရားစွဲဆို ထောင်ချခံခဲ့ရသူတဦးလည်းဖြစ်တဲ့ ဆိုင်းနုပန်က အခုလို သုံးသပ်ပါတယ်။

နေပြည်တော် အပါအဝင် တိုင်းနဲ့ပြည်နယ် အသီးသီးမှာ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲတွေအပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ရှိနေတယ်ဆိုတဲ့ ဆိုင်းဘုတ်ကြီးတွေကိုလည်း လူမြင်ကွင်း နေရာတော်တော်များများမှာ ချိတ်ဆွဲပြီး နိုင်ငံတကာတရားရုံးမှာ သွားရောက်ဖြေရှင်းမယ့်အပေါ် ထောက်ခံကြောင်း ပြသနေကြတာ ဖြစ်ပါတယ်။

လာမယ့် ဒီဇင်ဘာ ၁၀ ရက်နေ့မှာတော့ အဲဒီအမှုကို နယ်သာလန်နိုင်ငံ The Hague က နိုင်ငံတကာတရားရုံးမှာ ဂမ်ဘီယာနိုင်ငံကနေ မြန်မာနိုင်ငံအပေါ် ရခိုင်ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာ မွတ်စလင်တွေကို နှိပ်စက်ညှဉ်းပန်းပြီး လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တိုင်ကြားထားတဲ့ အမှုကို စတင်ကြားနာစစ်ဆေးမှာ ဖြစ်ပါတယ်။ အစိုးရက ရိုဟင်ဂျာဆိုတဲ့ အသုံးကို လက်ခံမထားတဲ့ မြန်မာနိုင်ငံဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြီး ပြန်လည်လျှောက်လဲမှာ ဖြစ်ပါတယ်။

----------------------------------

(Unicode)

















တိုက်ရိုက် လင့်ခ်


XS
SM
MD
LG