သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ICJ ခရီးစဉ်ထောက်ခံမှု တရားခွင်အပေါ် လွှမ်းမိုးမှု ရှိမည်မဟုတ်


ICJ တွင် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ရင်ဆိုင်မည့်အပေါ် UWSA ထုတ်ပြန်ချက်။ (နိုဝင်ဘာ ၂၇၊ ၂၀၁၉)
ICJ တွင် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ရင်ဆိုင်မည့်အပေါ် UWSA ထုတ်ပြန်ချက်။ (နိုဝင်ဘာ ၂၇၊ ၂၀၁၉)

(Zawgyi / Unicode)

မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်အပေါ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နိုင်ငံတကာတရားရုံး (ICJ) မှာ သွားရောက်ရင်ဆိုင်ဖို့ လုပ်တာဟာ တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ လုပ်ရပ်အဖြစ် ထောက်ခံတယ်လို့ UWSA က ပြောဆိုလိုက်ပါတယ်။ စစ်တပ်ရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်မှုတွေကို ICJ မှာ သက်သေခံမယ်လို့ ထုတ်ပြန်ခဲ့တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့တော့ အမြင်ကွဲပြားမှု ရှိနိုင်ပေမယ့် နိုင်ငံရေးမဟာမိတ်တွေသာ ဖြစ်တယ်လို့လည်း UWSA က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ICJ ကိုသွားမယ့် ခရီးစဉ်အပေါ် အခုလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား အမြင်သဘောထား ကွဲပြားမှု ရပ်တည်ချက် ကွာခြားမှုတွေဟာ ဘယ်လိုသက်ရောက်မှုတွေ ရှိနိုင်ပါသလဲဆိုတဲ့ အမြင်တွေကို မဆုမွန်က မေးမြန်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်နဲ့ နိုင်ငံတကာတရားရုံး ICJ မှာ ဂမ်ဘီယာနိုင်ငံက တိုင်ကြားထားတာကို ကြားနာစစ်ဆေးမယ့်ကိစ္စ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် သွားရောက်ရင်ဆိုင်ဖြေရှင်းမှာ ဖြစ်ပါတယ်။ အခုလို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နိုင်ငံခြားရေးဝန်ကြီးတယောက် အနေနဲ့ ကိုယ်တိုင်ဦးစီးပြီး ဖြေရှင်းမယ့်ကိစ္စအပေါ် ပြည်ထောင်စု၏ ဂုဏ်သိက္ခာအပေါ် ကာကွယ်စောင့်ထိန်းမည့် လုပ်ရပ်အဖြစ် ဂုဏ်ယူတယ်လို့ UWSA ဝပြည်နယ်ဘက်က ထောက်ခံကြေညာချက် နိုဝင်ဘာလ ၂၇ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ စွပ်စွဲချက်တွေအပေါ် မျက်စိစုံမှိတ် ငြင်းပယ်မနေဘဲ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြီး သွားရှင်းမယ့်အပေါ် တာဝန်ယူမှု တာဝန်ခံမှုအပြည့်နဲ့ လုပ်ဆောင်ချက်အဖြစ် ထောက်ခံတဲ့သဘော ဖြစ်ပါတယ်လို့ UWSA ဝအဖွဲ့ရဲ့ လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပါတယ်။

“ကျနော်တို့အနေနဲ့ ဘယ်လိုပဲဖြစ်ဖြစ် မျက်စိမှိတ်ငြင်းတာထက် ဒါမျိုး တာဝန်ယူမှု၊ တာဝန်ခံမှု ရဲရဲဝံ့ဝံ့ သွားပြီးမှ ဖြေရှင်းတယ်ဆိုတာတော့ ထောက်ခံပါတယ်။ Genocide မြောက်တယ်၊ မမြောက်ဘူးဆိုတာ ဒါက တရားရုံးက ဆုံးဖြတ်ပါလိမ့်မယ်။”

မဆုမွန် - နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် သွားပြီး ဖြေရှင်းမယ့်ကိစ္စကိုရော ကူညီပေးတာမျိုး၊ ဝိုင်းပြီးတော့ ဆောင်ရွက်ပေးတာမျိုး ဘာများရှိနိုင်မလဲ။

ဦးညီရန်း - “အရင်တုန်းကတော့ ကျနော်တို့ အစိုးရနဲ့ ပူးပေါင်းခဲ့တဲ့ အစဉ်အလာတွေ ရှိခဲ့ပါတယ်။ ဆက်လက်ပြီးတော့ ဘယ်လိုပူးပေါင်းမလဲဆိုတာ ဒါကတော့ နိုင်ငံတော်အစိုးရက ဘယ်လိုမျိုး ကမ်းလှမ်းလာမလဲ ဆိုတဲ့အပေါ်မှာ ဌာနချုပ်နဲ့ ဘယ်လိုတိုင်ပင်မလဲ ဆိုတဲ့အပေါ်မှာ မူတည်ပါလိမ့်မယ်။”

ICJ နိုင်ငံတကာ တရားရုံးမှာ မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တရားစွဲဆိုမှုကို ထောက်ခံကြောင်းနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့မှုတွေအတွက် လိုအပ်တဲ့ အချက်အလက် သက်သေအထောက်အထားတွေ ကူညီပေးသွားမှာ ဖြစ်တယ်လို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ၃ ဖွဲ့ကလည်း နိုဝင်ဘာလ ၂၉ ရက်က ကြေညာချက် ထုတ်ထားတာပါ။ အခုလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား ရပ်တည်ချက် သဘောထား ထုတ်ပြန်ချက် မတူကွဲပြားမှုဟာ အဖွဲ့အချင်းချင်းကြား ဘယ်လိုအခြေအနေတွေ ဖြစ်လာနိုင်သလဲ ဆိုတဲ့အပေါ် UWSA တာဝန်ခံတဦးဖြစ်တဲ့ ဦးညီရန်းက အခုလိုပြောပါတယ်။

“မြောက်ပိုင်း မဟာမိတ်တပ်နဲ့ အမြင်မတူတာတချို့တော့ ရှိတယ်။ ဒီကိစ္စက ကျနော်တို့ရဲ့ လက်ရှိဖြစ်တည်မှုအပေါ်မှာ သွားပြီးတော့ အခြေခံတာပေါ့။ မြောက်ပိုင်းမဟာမိတ်ကလည်း သူတို့ နေ့စဉ်နဲ့အမျှ တိုက်ပွဲဖြစ်တဲ့အခါကျတော့ ကျနော်တို့ အခြေအနေချင်းကတော့ မတူဘူးပေါ့။”

မဆုမွန် - ဘယ်လိုမျိုး ကွဲပြားမှုရှိပါသလဲရှင့်။

ဦးညီရန်း - “သူတို့က နေ့စဉ်နဲ့အမျှ တိုက်ပွဲဖြစ်တဲ့အခါကျတော့ သူတို့ရဲ့ အနေအထားကိုလည်း ကျနော်တို့ နားလည်ပေးပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့အမြင် ကိုယ့်အမြင်ဆိုတာ သီးခြားအမြင်တွေ ရှိနေပါတယ်။ ဒီလိုမျိုး အမြင်တွေ ကွဲပေမယ့်လည်း ဒီ FPNCC အဖွဲ့ကိုတော့ ကျနော်တို့က တစုံတရာ ထိခိုက်တာ စိတ်ဝမ်းကွဲတာ မရှိပါဘူး။ ကျနော်တို့ နိုင်ငံရေးမဟာမိတ်တွေပဲလေ။”

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နိုင်ငံတကာတရားရုံး ICJ ကို သွားရောက်ဖြေရှင်းမယ့် ကိစ္စအပေါ် ထောက်ခံသူတွေရှိသလို ကန့်ကွက်သူတွေလည်း ရှိပါတယ်။ နောက် တရားမျှတမှုကို လိုလားသူတွေဘက်ကလည်း တရားမျှတမှုနဲ့ အမှန်တရားကို ဖော်ထုတ်ပေးဖို့ တောင်းဆိုမှုတွေနဲ့ ရပ်တည်ချက် အမြင်သဘောထား အမျိုးမျိုး ကွဲပြားနေတာပါ။

ဒီအထဲမှာတော့ အခုလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချင်းချင်းကြား အမြင်သဘောထား ရပ်တည်ချက် မတူညီမှုတွေကတော့ ICJ ရဲ့ တရားရုံး ဆုံးဖြတ်ချက်ကို လွှမ်းမိုးနိုင်မှာ မဟုတ်ပေမယ့်လို့ နိုင်ငံတော်အတိုင်ပင်ခံရဲ့ ခရီးစဉ်အပေါ်မှာတော့ သက်ရောက်မှု ရှိနိုင်တယ်ဆိုတဲ့ သုံးသပ်မှုရှိပါတယ်။

မြန်မာ့အရေး လေ့လာသုံးသပ်နေတဲ့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်က သူ့အမြင်ကို အခုလိုပြောပါတယ်။

“အခုထုတ်ပြန်ချက် လုပ်တဲ့အပေါ်မှာ နောက်ဆုံးထုတ်ပြန်ထားတာတွေ နှစ်မျိုးတွေ့တယ်။ ကွဲပြားမှုဆိုတဲ့ဟာကတော့ ရိုးရှင်းပါတယ်။ ခုနလို ပြင်းပြင်းထန်ထန် တိုက်နေခိုက်နေတဲ့ အဖွဲ့ကတော့ တပ်မတော်ရော အစိုးရရော ဒေါ်အောင်ဆန်းစုကြည်ရော ခွဲခြားမနေဘူး။ အားလုံးကို ဆန့်ကျင်တယ်ဆိုတဲ့သဘော ထုတ်ပြတာပေါ့။ ကျန်တဲ့ အဖွဲ့အစည်းတွေကတော့ ခွဲခြားပြီးမြင်တာပေါ့။ အလားတူပဲ ဝအဖွဲ့က ထုတ်ပြန်တာလည်း ဒီသဘောပဲ။ အခုလည်း AA ရယ်၊ ကိုးကန့်ရယ်၊ ပလောင်ရယ် သူတို့သုံးဖွဲ့ ထုတ်ပြန်ချက်ကတော့ လုံးဝခြားနားတယ်။ သူတို့ကတော့ နိုင်ငံတကာမှာ စွဲထားတဲ့ဟာတွေ အကုန်လုံးကို တရားစွဲဆိုမှုကို ထောက်ခံတယ်လို့ ပြောတယ်။ ICJ မှာဖြစ်စေ၊ ICC မှာဖြစ်စေ၊ အာဂျင်တီးနားမှာဖြစ်စေ တရားစွဲတဲ့လူတွေဘက်က အထောက်အထားတွေ ဘာတွေ လိုချင်တယ်ဆိုရင် သူတို့ကလည်း အဲဒီအထောက်အထားတွေ သွားပြီးပေးမယ် ဆိုတာလောက်ကို ပြောထားတယ်။ ဒါ လုံးဝ ဆန့်ကျင်တာပေါ့၊ အဲလိုတော့ တွေ့မိတယ်။”

အစိုးရက ရိုဟင်ဂျာဆိုတဲ့ အသုံးကို လက်ခံမထားတဲ့ မြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာ မွတ်စလင်တွေကို နှိပ်စက်ညှဉ်းပန်းပြီး လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဲဒီအမှုကို လာမယ့် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ နယ်သာလန်နိုင်ငံ The Hague မြို့မှာ စတင်ကြားနာစစ်ဆေးမှာ ဖြစ်တဲ့အကြောင်း ICJ က ထုတ်ပြန်ထားပါတယ်။ အဲဒီနေ့မှာ တရားလိုဖြစ်တဲ့ ဂမ်ဘီယာနိုင်ငံက လျှောက်လဲချက် တင်သွင်းမှာဖြစ်ပြီး ဒီဇင်ဘာ ၁၁ ရက်နေ့မှာ မြန်မာနိုင်ငံက ICJ မှာ လျှောက်လဲချက် တင်ရမှာဖြစ်ပါတယ်။

အာဖရိက အနောက်ပိုင်းဒေသမှာရှိတဲ့ ဂမ်ဘီယာနိုင်ငံက OIC အစ္စလာမ္မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင် ၅၇ နိုင်ငံကိုယ်စား မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

------------------------------------

(Unicode)


















တိုက်ရိုက် လင့်ခ်


XS
SM
MD
LG