သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ICJ တရားရင်ဆိုင်မှုအပေါ် အမြင်ကွဲပြားမှု ကြီးမား


(Zawgyi/Unicode)

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ ICJ နိုင်ငံတကာတရားရုံးမှာ မြန်မာနိုင်ငံအပေါ် တရားစွဲထား တဲ့အမှုဟာ အမှန်တရားပေါ်ဖို့ ခြေလှမ်းတခုဖြစ်တယ်လို့ မွတ်ဆလင်အများစုက မြင်နေကြတဲ့အကြောင်း အစ္စလာမ် ဓမ္မဗိမာန် အကြီးအကဲက ပြောပါတယ်။ Gambia နိုင်ငံက တရားစွဲထားတဲ့အမှုကို ရှေ့သီတင်းပတ်ထဲမှာ စတင်ကြားနာတော့မယ့် အချိန်မှာ ပဲ အခုလိုပြောလိုက်တာပါ။

မြန်မာနိုင်ငံဘက်က အမှုရင်ဆိုင်မယ့် ကိုယ်စားလှယ်အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှာနဲ့ ပတ်သက်ပြီး အစ္စလာမ်ဓမ္မဗိမာန်အကြီးအကဲ ဦးအေးလွင်ရဲ့ သဘောထားအပါအဝင် အမြင်တချို့ကို AFP သတင်းကို အခြေခံပြီး မစုမြတ်မွန်က ပြောပြပါမယ်။

Netherlands နိုင်ငံ The Hague မြို့မှာရှိတဲ့ နိုင်ငံတကာတရားရုံး ­ICJ မှာ မြန်မာနိုင်ငံအပေါ် Gambia နိုင်ငံက စွဲဆိုထားတဲ့ အမှုအတွက် ဒီဇင်ဘာ ၁၀ ရက်နေကစပြီး တရားရုံးမှာ ၂ ဖက် လျှောက်ထားမှုတွေ လုပ်ကြရတော့မှာပါ။ ရခိုင်မြောက်ပိုင်းကနေ ရိုဟင်ဂျာတွေ Bangladesh နိုင်ငံဘက် မသွား သွားအောင် ဆိုးဝါးတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ခဲ့တာဟာ နိုင်ငံတကာ လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေး သဘောတူညီချက်ကို ချိုးဖေါက်တာဆိုပြီး Gambia နိုင်ငံကတရားစွဲထားတာပါ။ ဒီအမှုဟာ အမှန်တရားပေါ်ဖို့ ခြေလှမ်းတခုအဖြစ် မြန်မာပြည်တွင်းက မူဆလင်အများစုက မြင်နေကြတဲ့အကြောင်း အစ္စလာမ်ဓမ္မဗိမာန်အကြီးအကဲလည်းဖြစ်၊ ငြိမ်းချမ်းမေတ္တာအဖွဲ့ကိုတည်ထောင်သူလည်းဖြစ်တဲ့ ဦးအေးလွင်က ပြောပါတယ်။

“အများစုကတော့ အမှန်တရားပေါ်ဖို့အတွက် ခြေလှမ်းတလှမ်း လမ်းစတခုတော့ ပွင့်လာပြီ လို့ အဲလိုခံယူတဲ့လူများပါတယ်။ သာစေ ၊ နာစေ ဆိုတဲ့ ကိစ္စမဟုတ်ဘူး အမှန်တရားပေါ်ဖို့အတွက် မတရားမှုကြီးတခုလုံးကို ပြင်ဆင်ဖို့အတွက် Correct the injustice ဆိုတဲ့ဟာပါပဲ။”

၂၀၁၇ သြဂုတ် လတုန်းက ရခိုင်မြောက်ပိုင်းမှာရှိတဲ့ လုံခြုံရေးစခန်းတွေအပေါ် ARSA အကြမ်းဖက်အဖွဲ့က တိုက်ခိုက်ခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းမှုအတွင်း ရိုဟင်ဂျာ မူဆလင် ၇ သိန်းလောက် Bangladesh နိုင်ငံဖက် ထွက်သွားခဲ့ကြတာပါ။ လုံခြုံရေးတပ်ဖွဲ့တွေ နယ်မြေရှင်းလင်းစဉ်မှာ ဆိုးဝါးတဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲကြပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် မြန်မာစစ်တပ်အကြီးအကဲတချို့ကိုလည်း အမေရိကန်အစိုးရက အရေးယူဒဏ်ခတ်ခဲ့ပါတယ်။ စစ်တပ်ရဲ့ ကျူးလွန်မှုတွေက လူမျိုးတုန်းသတ်ဖြတ်ရာရောက်တဲ့ လက္ခဏ္ဍာတွေတွေ့ရတယ်လို့ ကုလသမဂ္ဂအစီရင်ခံစာတွေမှာ ဖော်ပြခဲ့ပါတယ်။ ဒါကိုမြန်မာအစိုးရက ပယ်ချသလို ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုလည်း မြန်မာအစိုးရက လက်မခံပါဘူး။ ရှေ့သီတင်းပတ် The Hague မှာ စတင်မယ့်အမှုကို ဒီအမှုကို ရင်ဆိုင်မယ့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်သွားမှာဖြစ်ပါတယ်။ ဒီအတွက် အစိုးရနဲ့ စစ်တပ်ကြား ညှိနှိုင်းစရာတွေ ပိုများလာနိုင်တယ်လို့ နိုင်ငံရေးသုံးသပ်သူ ဦးမောင်မောင်စိုးက AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

“ဒီ ICJ က တရားစွဲလာပြီ ဒေါ်အောင်ဆန်းစုကြည် မြန်မြန်တုံ့ပြန်တဲ့အခြေအနေ ထွက်လာခဲ့တယ်ဆိုတော့ အပြန်အလှန်ညှိနှိုင်းပြီးတော့မှ သဘောတူညီချက်ယူ၊ အပေးအယူလုပ်ပြီးမှ ထွက်လာတဲ့ ဆုံးဖြတ်ချက်မျိုးတော့ ကျနော်ကတော့ မထင်ဘူး။ ဒါပေမယ့် ဒီလို ဆုံးဖြတ်ချက်မျိုးထွက်လာတဲ့ အချိန်မှာ အစိုးရနဲ့ တပ်မတော်ကြားထဲမှာ ပိုပြီးတော့ အပေးအယူလုပ်စရာ ပိုပြီးတော့ ညှိနှိုင်းစရာတွေ ပိုများလာမယ်လို့တော့ ထင်ပါတယ်။”

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးခင်ရီကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံရေး အကျိုးအမြတ်ရအောင်လုပ်တယ်လို့ မြင်ပါတယ်။

“အစကတည်းက ဒီကစားပွဲက နိုင်ငံတော်က ဝင်ပြီးတော့ ကစားလို့ကောင်းတဲ့ ကစားပွဲလေ။ အခုတော့ နောက်ကျမှ လုပ်တဲ့ ကစားပွဲဆိုတော့ ဒါကို ဖြေရှင်းဖို့ထက်၊ ဒါကိုဖြေရှင်းဖို့အတွက် ပြည်တွင်းနိုင်ငံရေးမှာ တစုံတရာအကျိုးသက်ရောက်အောင်၊ အထူးသဖြင့် ရွေးကောက်ပွဲမှာ တစုံတရာအကျိုးသက်ရောက်အောင် လုပ်လိုက်လေသလားဆိုတဲ့ သံသယက အထူးသဖြင့် ကျနော်တို့ နိုင်ငံရေးပါတီ နဲ့ အများစုမှာ ဒါရှိနေတာ အမှန်ပဲ။”

ဦးအေးလွင်ကတော့ ခေါင်းဆောင်တယောက်အနေနဲ့ တာဝန်ယူမှုကို ပြသတာဖြစ်တယ်လို့ ပြောပါတယ်။

“ကျနော်တို့အနေနဲ့ကတော့ သူက တာဝန်ခံမှု၊ တာဝန်ရှိမှု၊ တာဝန်ယူမှုကို ပြသတဲ့အတွက်ကြောင့် ဒါက လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စတခုလို့ မြင်ပါတယ်။”

မြန်မာနိုင်ငံရင်ဆိုင်ရမယ့် အမှုအတွက် ဒီဇင်ဘာလ ၁၀ ရက်၊ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ တရားရုံးမှာ နှုတ်အားဖြင့်လျှောက်ထားကြရမှာပါ။ ပထမနေ့ ဒီဇင်ဘာ ၁၀ ရက်မှာ တရားစွဲတဲ့ Gambia နိုင်ငံဖက်က စတင်လျှောက်လွဲှချက်ပေးရမှာပါ။ ဒီဇင်ဘာ ၁၁ ရက်ကျရင်တော့ မြန်မာဖက်က လျှောက်လဲရမှာဖြစ်ပြီး ဒီဇင်ဘာ ၁၂ ရက်နေ့ကျရင်တော့ ၂ နိုင်ငံလုံးက တကျော့ပြန်ပြီး တင်ပြကြရမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


................


(Unicode)











ဆက်စပ်သတင်းများ ...

XS
SM
MD
LG