သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ICJ မှာ မြန်မာအတွက် ပါမောက္ခ Schabas အကျိုးဆောင်မယ့်အပေါ် လူ့အခွင့်အရေးလှုပ်ရှားသူများ စိတ်ပျက်


ပါမောက္ခ William Schabas
ပါမောက္ခ William Schabas

(Zawgyi/ Unicode)

မြန်မာနိုင်ငံအနောက်ဘက်မှာ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်ညှဉ်းပန်းမှုတွေဟာ နိုင်ငံတကာဥပဒေ ချိုးဖောက်မှုမြောက်တယ်လို့ အစောဆုံးထောက်ပြခဲ့တဲ့ နိုင်ငံတကာဥပဒေပညာရှင် ပါမောက္ခ William Schabas က ICJ တရားရုံးမှာ မြန်မာအစိုးရရဲ့ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်မယ်ဆိုတဲ့ သတင်းအပေါ် နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားသူတွေဘက်က အံ့သြသင့် စိတ်ပျက်ခဲ့ကြပါတယ်။

၂၀၁၀ ပြည့်နှစ်က ပါမောက္ခ Schabas ဦးဆောင်ပြီး ရေးသားပြုစုခဲ့တဲ့ မြန်မာနိုင်ငံအနောက်ဘက်က လူသားထုအပေါ် ရာဇဝတ်ကျူးလွန်မှု စာအုပ်အတွက် ဝိုင်းဝန်းကူညီပေးခဲ့ကြသူတချို့ကို မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

ဗြိတိန်နိုင်ငံ လန်ဒန် Middlesex တက္ကသိုလ် နိုင်ငံတကာဥပဒေ ပါမောက္ခ William Schabas ဟာ လူမျိုးတုန်းသတ်ဖြတ်မှုအပါအဝင် နိုင်ငံတကာဥပေဒနဲ့ ပတ်သက်ရင် အကျွမ်းကျင် ဆုံးပုဂ္ဂိုလ်တဦးအဖြစ် နိုင်ငံတကာက အသိအမှတ်ပြု လေးစားရသူဖြစ်ပါတယ်။ ဒါအပြင် ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ရင် ၂၀၁၀ပြည့်နှစ် မတိုင်ခင်ကတည်းက နိုင်ငံတကာဥပဒေပညာရှင် တဦးအနေနဲ့ စောင့်ကြည့်လေ့လာနေခဲ့သလို၊ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေဟာ လူသားထုအပေါ် ရာဇဝတ်ကျူးလွန်မှု မြောက်တယ်ဆိုတာကိုလည်း အရင်ဆုံး ထောက်ပြခဲ့သူတဦးဖြစ်ပါတယ်။

အခုလို ရိုဟင်ဂျာအသိုင်းအဝိုင်းအနေနဲ့ ဘယ်လောက်ထိ ဖိနှိပ်ညှဉ်းပမ်းခံခဲ့ရသလဲ ဆိုတာကို အထောက်အထားတွေနဲ့ အသေးစိတ်သိနေသူ ဥပဒေပညာရှင် တဦးအနေနဲ့ ရိုဟင်ဂျာတွေကို ဖိနှိပ်မှုမှာ တာဝန်ရှိတဲ့ မြန်မာအစိုးရဘက်ကနေ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်မယ်ဆိုတဲ့ သတင်းအပေါ်မှာ အံ့သြမိသလို နားမလည်နိုင်အောင်ဖြစ်မိတယ်လို့ ဗြိတိန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားနေတဲ့ Burma Campaign UK ရဲ့ အမှုဆောင်ညွန်ကြားရေးမှူး Mark Farmaner က ဗွီအိုအေကို ပြောပါတယ်။

"သူ့အနေနဲ့ မြန်မာအစိုးရအတွက် ဒီအမှုမှာ လိုက်ပါဆောင်ရွက်မယ်လို့ သဘောတူခဲ့တဲ့အပေါ်မှာ အရမ်းကိုအံသြမိပါတယ်။ ဘာကြောင့်လဲဆိုတော့ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုလုပ်ရပ်တွေဟာ လူမျိုးတုံးသတ်ဖြတ်မှုမြောက်တယ်လို့ သူယူဆကြောင်း လူတွေကို အရင်က သူပဲပြောခဲ့တာပါ။ သူ့သင်ကြားခဲ့တဲ့ ကျောင်းသူ၊ ကျောင်းသားတွေ၊ သတင်းထောက်တွေနဲ့ အခြားလူတွေကို သူ့ရဲ့ထင်မြင်ယူဆချက်ကို ပြောတဲ့နေရာမှာ လူမျိုးတုံး သတ်ဖြတ်မှုအနေအထားထိရောက်တဲ့ ကျူးလွန်မှုတွေဖြစ်ခဲ့တယ်လို့ ပြောခဲ့တာပါ။ ဒါအပြင် နိုင်ငံတကာမှာ ဒီကိစ္စကို မပြောခင်က လွန်ခဲ့တဲ့ ၂၀၁၀ပြည့်နှစ်ကတည်းက လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ Irish Center အဖွဲ့က ပြုစုရေးသားခဲ့တဲ့ ရိုဟင်ဂျာတွေ ရင်ဆိုင်ခဲ့ရတဲ့အခြေအနေဟာ လူသားထုအပေါ် ရာဇဝတ်ကျူးလွန်မှုဖြစ်တယ်ဆိုတဲ့ အစီရင်ခံစာကိုလည်း Professor Schabas ပဲ ဦးစီးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အခုလို ဒီအမှုကို သူကလိုက်ပါ ဆောင်ရွက်မယ့်ကိစ္စဟာ အလွန်ကို အံသြသင့်စရာဖြစ်သလို၊ သူ့ရေးသားပြုစုတဲ့ စာအုပ်အတွက် ဝိုင်းဝန်းကူညီပြီး အချက်အလက်တွေပေးခဲ့ကြတဲ့ ရိုဟင်ဂျာတွေအပေါ် သစ္စာဖောက်ရာကြပါတယ်။"

အလားတူ ၂၀၁၀ပြည့်နှစ်က ပါမောက္ခ William Schabas ဦးစီးရေးသားခဲ့တဲ့ ရိုဟင်ဂျာတွေရဲ့ အခြေအနေ- မြန်မာနိုင်ငံအနောက် ဘက်က လူသားထုအပေါ် ရာဇဝတ်ကျူးလွန်မှုဆိုတဲ့ စာအုပ် အတွက် ကူညီပေးခဲ့သူ Rohingya Action Ireland အဖွဲ့က တာဝန်ရှိသူဖြစ်တဲ့ Mohammed Rafique ကလည်း အခုလို ဗွီအိုအေကို ပြောပါတယ်။

"ကျနော် သူ့နဲ့တွေ့တဲ့အချိန်က ၂၀၁၀ပြည့်နှစ် ဇွန်လမှာ ဒီစာအုပ်မိတ်ဆက်ပွဲကို အိုင်ယာလန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ပြုလုပ်တဲ့အချိန်က ဖြစ်ပါတယ်။ အခုသူက မြန်မာအစိုးရရဲ့ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်မယ်လို့ ကြားလိုက်ရချိန်မှာ တုန့်လှုပ်ခဲ့ရပါတယ်။ ဒါဗလင်မြို့မှာ သူ့စာအုပ် မိတ်ဆက်ပွဲမှာ တွေ့ဆုံခဲ့ချိန်၊ ရိုဟင်ဂျာတွေနဲ့ ပတ်သက်လို့ ဥပဒေရေးရာကနေ ထောက်ပြခဲ့သူ တဦးရဲ့ ဆုံးဖြတ်ချက်ကို မယုံနိုင်အောင်ဖြစ်ရပါတယ်။"

Mohammed Rafique ကို စစ်တွေမှာ မွေးဖွားခဲ့သူဖြစ်ပြီး အသက် (၁၀)နှစ်အရွယ်မှာ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ရပြီးနောက် ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ကြီးပြင်းလာခဲ့သူဖြစ်ပြီး အသက် ၂၀ ကျော်မှာ အိုင်ယာလန်နိုင်ငံကို ဒုက္ခသည်အဖြစ် ရောက်ရှိခဲ့သူဖြစ်ပါတယ်။ ၂၀၁၀ပြည့် မတိုင်ခင် ဒုက္ခသည်စခန်းမှာ နေခဲ့စဉ်ကတည်းက ပါမောက္ခ William Schabas ဦးစီးတဲ့အဖွဲ့ ရေးသားခဲ့တဲ့ ရိုဟင်ဂျာတွေအခြေအနေ စာအုပ်အတွက် အချက်အလက်တွေကို ဝိုင်းဝန်းကူညီပံ့ပိုးပေးခဲ့သူဖြစ်ပါတယ်။

ICJ နိုင်ငံတကာတရားရုံးမှာ ဂမ်ဘီယာနိုင်ငံက မြန်မာအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတားဆီးရေး စာချုပ် ချိုးဖောက်မှု စွဲချက်တင်ထားတဲ့ အမှုကို ခုခံချေပဖို့ ဥပဒေအကျိုးဆောင်အဖြစ် လန်ဒန် Middlesex တက္ကသိုလ် နိုင်ငံတကာဥပဒေ ပါမောက္ခ William Schabas ကို မြန်မာအစိုးရက ငှားရမ်းလိုက်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းတွေထွက်လာခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်လို့ ရှေ့နေ Schabas ကို ဗွီအိုအေက တိုက်ရိုက် ဆက်သွယ်မေးမြန်း တဲ့အခါမှာ- ဟုတ်မဟုတ် ငြင်းဆိုခြင်းမရှိပဲ၊ သူ့အနေနဲ့ သတင်းထုတ်ပြန်ရေး အရာရှိတယောက်ကို ခန့်ထားဖို့ရှိနေပြီး လောလောဆယ်မှာ ဆက်သွယ်နိုင်တဲ့ အချက်အလက်အသေးစိတ်ကို မပေးနိုင် သေးကြောင်းနဲ့ သူတို့ဘက်က အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ ဗွီအိုအေကို ပြန်လည် ဆက်သွယ်မှာ ဖြစ်တယ်လို့ အီးမေးလ်ကနေ တုံ့ပြန်ဖြေဆိုခဲ့ပါတယ်။

နယ်သာလန်နိုင်ငံ the Hague အခြေစိုက် ကုလသမဂ္ဂ အမြင့်ဆုံးတရားရုံးဖြစ်တဲ့ ICJ မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး သွားရောက်ရင်ဆိုင်ဖို့အတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဦးဆောင်ပြီး စစ်ဥပဒေချုပ်ရုံးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ပါဝင်တဲ့ နိုင်ငံတကာရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ အထူးအဖွဲ့ကို နိုဝင်ဘာလ (၂၆)ရက်နေ့က ဖွဲ့စည်း ခဲ့ပါတယ်။ ICJ နိုင်ငံတကာတရားရုံးမှာ ဒီဇင်ဘာလ ၁၀ ရက် ကနေ ၁၂ ရက်နေ့ထိ ဂမ်ဘီယာနဲ့ မြန်မာ နှစ်ဖက်အပြန်အလှန် လျှောက်လဲှချက်တွေကို အများပြည်သူ ရှေ့မှောက် ကြားနာစစ်ဆေးမှာဖြစ်သလို ဂမ်ဘီယာနိုင်ငံဘက်က အမေရိကန်ဥပဒေအကျိုးဆောင်အဖွဲ့ဖြစ်တဲ့ Foley Hoag က လိုက်ပါဆောင်ရွက်မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


.......................


(Unicode)











XS
SM
MD
LG