သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ICJ မြန်မာအမှု တိုင်းရင်းသားလက်နက်ကိုင်တွေကြား အမြင်ကွဲပြား


(Zawgyi/ Unicode)

ရခိုင်ပြည်နယ်မြောက်ပိုင်း လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်ကို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ တရားရားရုံး ICJ မှာသွားရောက် တရားရင်ဆိုင်မယ့်အပေါ်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြားမှာ သဘောထားအမြင် အမျိုးမျိုးရှိနေကြပါတယ်။ ဒီကိစ္စဟာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးအပေါ်မှာ အတိုင်းအတာ တခုထိ သက်ရောက်မှု ရှိနိုင်တာကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကြားမှာ ကွဲပြားတဲ့အမြင်တွေ ရှိနေကြတာလည်း ဖြစ်ပါတယ်။ လက်နက်ကိုင် အဖွဲ့အစည်း တချို့ရဲ့ အမြင်တွေကို မေးမြန်းပြီး ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က ပြောပြပေးထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက မွတ်ဆလင်တွေကို လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ ဂမ်ဘီယာနိုင်ငံရဲ့ စွပ်စွဲချက်ကို နိုင်ငံတော်အတိုင်ပင်ခံ ဦးဆောင်တဲ့ မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ ဟာ ၂၀၁၉ ဒီဇင်ဘာ ၁၀ ရက်၊ နိုင်ငံတကာ တရားရုံး ICJ မှာ တရားရင်ဆိုင်သွားမှာပါ။ ဒါဟာ နှစ်ပေါင်း ၇၀ကျော်ကြာနေတဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ပြဿနာကို မဖြေရှင်းနိုင်သေးတဲ့ မြန်မာအစိုးရအတွက် နောက်ထပ် အကျပ်အတည်း တခုဖြစ်နေကြောင်း နိုင်ငံရေး လေ့လာသူတွေက ဝေဖန်ကြပါတယ်။

တနိုင်ငံလုံးအပစ်ရပ်လက်မှတ် NCA ရေးထိုးထားတဲ့ လက်နက်ကိုင် ၁၀ဖွဲ့ ပါဝင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဒီဇင်ဘာ ၂ရက်ကနေ ၄ရက်အထိ ကျင်းပနေပါတယ်။ ဒီအစည်းအဝေး အဖွင့်မိန့်ခွန်းမှာ PPST ရဲ့ယာယီအဖွဲ့ခေါင်းဆောင်၊ ရှမ်းပြည် ပြည်လည်ထူထောင်ရေးကောင်စီ RCSS/ SSA က ဗိုလ်ချုပ်ကြီးယွက်စစ်က အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ မြန်မာနိုင်ငံကို တရားစွဲထားတဲ့ကိစ္စ ရင်ဆိုင်ဖြေရှင်းတဲ့အခါမှာ အစိုးရနဲ့ တပ်မတော် ပူးပေါင်းလုပ်ဆောင်တာ အစိုးရရဲ့ တာဝန်ယူမှုကို ပြသလိုက်တာလို့ ပြောခဲ့ပါတယ်။

ရှမ်းလက်နက်ကိုင် ၂ဖွဲ့ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/ SSA နဲ့ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/ SSA တို့ကလည်း ICJ ကိစ္စနဲ့ ပတ်သက်ပြီး သူတို့ရဲ့ သဘောထားတွေကို ထုတ်ပြန်ခဲ့ ကြပါတယ်။ NCA ကို လက်မှတ် မထိုးသေးတဲ့ ရှမ်းပြည်တိုးတက်ရေး ပါတီ SSPP ကတော့ မြန်မာအစိုးရ ကိုယ်စား တရားရင်ဆိုင်သွားမယ့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်ရပ်တည်မှု အပေါ်မှာ အကောင်းမြင်ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။

အလားတူပဲ “ ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ရဲ့ သဘောထားကိုတော့ အဖွဲ့ရဲ့ ပြောခွင့်ရ ဦးညီရန်းက ဗွီအိုအေကို ပြောပါတယ်။

“တာဝန်ယူမှု၊ တာဝန်ခံမှုအနေနဲ့ ရဲရဲဝံ့ဝံ့ သွားဖြေရှင်းတယ်ဆိုတာ ကျနော်တို့ ထောက်ခံပါတယ်။ ကျနော်တို့ အမြင်ကွဲလွဲတယ် ဒီမြောက်ပိုင်း မဟာမိတ်အဖွဲ့နဲ့ ဆိုတဲ့အချက်ပေါ့နော် အဲဒါက ကျနော်တို့ ဖြစ်တည်မှုရဲ့ နောက်ကွယ်မှာ ကွာခြားမှုတွေက ရှိနေတယ်လေနော်။ ကျနော်တို့ ( UWSA) ငြိမ်းချမ်းရေး ယူလာခဲ့တာ နှစ် ၃၀ လောက်ရှိပြီဆိုတာ အားလုံသိတယ်လေနော်။ သူတို့ဒေသတွေမှာ နေ့စဉ်နဲ့အမျှ တိုက်ပွဲဖြစ်နေတဲ့ အခါကျတော့ သူတို့ရဲ့ ရပ်တည်ချက် ရှုထောင့်ကတော့ မတူနိုင်ဘူးပေါ့။ ဒါလည်းကျနော်တို့ နားလည်ပေးပါတယ်။ သူတို့ဒေသတွေမှာ “ ဝ” ပြည်နယ်လိုမျိုး ငြိမ်းချမ်းမယ်ဆိုရင် သူတို့ရဲ့ အမြင်လည်း ပြောင်းလဲလာမှာပါ။”

မိုင်းလားတပ်ဖွဲ့ NDAA က လည်း ထောက်ခံကြောင်း သဘောထား ထုတ်ပြန် ထားပါတယ်။

NCA လက်မှတ်မထိုးသေးတဲ့ မြောက်ပိုင်းလက်နက်ကိုင် သုံးဖွဲ့ဖြစ်တဲ့ MNDAA ကိုးကန့်အဖွဲ့၊ တအန်းလက်နက်ကိုင် TNLA နဲ့ ရခိုင်လက်နက်ကိုင် AAတို့က တပ်မတော်ရဲ့ လူမျိုးတုန်းသတ်ဖြတ်တာ၊ စစ်ရာဇဝတ်မှု ကျူးလွန် တာတွေကို နိုင်ငံတကာတရားရုံးက အရေးယူဖို့ကြိုးပမ်းတဲ့နေတာ ထောက်ခံတဲ့အကြောင်းနိုဝင်ဘာလ ၂၈ရက်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အခုလိုထောက်ခံရတာကလည်း ရှည်ကြာနေတဲ့ ပြည်တွင်းစစ်မှာ တပ်မတော်ဘက်က ဂျီနီဗာကွန်ဗင်းရှင်းပါ နိုင်ငံတကာ စစ်ရာဇဝတ်မှု ဥပဒေတွေကို ဆန့်ကျင်ပြီး ရာဇဝတ်မှုတွေကျူးလွန်ခဲ့တဲ့အပေါ်မှာ အခြေခံပြီး ထုတ်ပြရတာ လို့ တအောန်းလက်နက်ကိုင် TNLA ရဲ့ ပြောခွင့်ရ ဗိုလ်မှူးတားအိုက်ကျော်က ဗွီအိုအေကို ပြောပါတယ်။

“ အခုက ဒီတိုင်းရင်းသား ဒေသမှာလည်း တချို့က အဖွဲ့အစည်းတွေက အဲဒီလိုမျိုး စစ်ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုကို ခံရတဲ့ ဒေသလည်း ရှိတယ်၊ မခံရတဲ့ ဒေသလည်းရှိတယ်။ ကျနော်တို့ဒေသမှာ ဒီ ပြည်တွင်းစစ်ပေါ်ပေါက်လာတာ နှစ် ၇၀ အတွင်းပေါ့နော် မြန်မာ့တပ်မတော်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိတယ်၊ စစ်ရာဇဝတ်မှုကျူးလွန်မှုတွေရှိတယ်။ အဲဒါကြောင့်ကျနော်က လက်ရှိမြေပြင်မှာ၊ ဒီလူထုအပေါ်မှာ ဖြစ်နေတဲ့ ခံစားနေရတဲ့ အပေါ်မှာအခြေခံပြီးတော့မှ ထုတ်ပြန်တာဖြစ်တယ်။”

နိုဝင်ဘာ ၂၆ရက်ကနေ ဒီဇင်ဘာ ၂ရက်အထိ အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေနဲ့ အရပ်ဘက်အဖွဲ့အစည်း ပေါင်းစုံက အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ICJ မှာ တရားရင်ဆိုင်သွားမယ့်ကိစ္စနဲ့ပတ်သက်လို့ ကြေညာချက် ၁၆ခုကျော် ထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၇ က ရခိုင်မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်ဖြစ်စဉ်နောက်ပိုင်း မြန်မာစစ်တပ်ရဲ့ နယ်မြေ ရှင်းလင်းမှုကြောင့် မွတ်ဆလင် ၇သိန်းလောက်ဟာ တဘက် ဘင်္ဂလားဒေရှ့် နိုင်ငံကို ထွက်ပြေးသွားခဲ့ပါတယ်။ ဒီနယ်မြေရှင်းလင်းမှုမှာ လူမျိုးတုံး သတ်ဖြတ်တာတွေ ရှိခဲ့တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့တွေက စွပ်စွဲခဲ့ပြီး နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC က အမှုကို စိစစ်၊ စစ်ဆေးခဲ့ပါတယ်။ အဲဒီနောက် နိုဝင်ဘာ ၁၁ရက်မှာ ဂမ်ဘီယာနိုင်ငံက ကုလသမဂ္ဂရဲ့ အမြင့်ဆုံး တရားရုံးဖြစ်တဲ့ ICJ မှာ အမှုကို တင်သွင်းလိုက်တာဖြစ်ပါတယ်။

အာဖရိကအနောက်ပိုင်းက နိုင်ငံငယ်လေးဖြစ်တဲ့ ဂမ်ဘီယာနိုင်ငံက ICJ မှာ တရားစွဲဆိုမှုဟာ ပုဂ္ဂိုလ်တဦး တယောက်ကို စွဲဆိုတာမျိုးမဟုတ်ဘဲ နိုင်ငံကို စွဲဆိုတာဖြစ်တဲ့အတွက် တိုင်းရင်းသားအဖွဲ့အစည်းတွေကလည်း ဒီအပေါ်မှာ အထူးအာရုံစိုက်နေကြတာပါ။

နိုင်ငံရေးသုံးသပ်သူ ဦးမောင်မောင်စိုးက တိုင်းရင်းသား ဒေသအသီးသီးက မတူညီတဲ့ အခြေအနေတွေကြောင့် အမြင်လည်းကွဲပြားနိုင်ကြောင်း ဗွီအိုအေကို ပြောပါတယ်။

“ ထောက်ခံတဲ့ အဖွဲ့တွေကတော့ အစိုးရနဲ့ ပဋိပက္ခမဖြစ်တာတို့၊ အစိုးရနဲ့ bilateral ထိုးထားပြီး တိုက်ပွဲမဖြစ်တာတို့၊ NCA ထိုးထားတဲ့ ဒီအဖွဲ့တွေကတော့ ထောက်ခံတဲ့ဘက်က လက်ခံတာတွေ့ရပါတယ်။ အဓိက ကန့်ကွက်တဲ့ သုံးဖွဲ့ကတော့ အစိုးရနဲ့ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်နေတဲ့ အဖွဲ့ပေါ့။ ဆွေးနွေးမှုတွေလည်း ရပ်ဆိုင်းနေတဲ့ အဖွဲ့တွေပါ။ ရပ်ဆိုင်းနေတဲ့ အဖွဲ့တွေကို ပြောမယ်ဆိုရင် သူတို့ဒေသတွေမှာ စစ်ကြောင့်အရပ်သား သေဆုံးရတာတွေ ရှိတဲ့အခါမှာ ဒါတွေဟာ စစ်ရာဇဝတ်မှု သင့်တယ်လို့ သူတို့ယူဆထားပုံရပါတယ်။ ယူဆထားကြပါတယ်။ အဲဒီအခြေအနေမျိုးမှာ သူတို့ရဲ့ အမြင်တွေက၊ ရန်သူရဲ့ ရန်သူက ကိုယ့်ရဲ့ မိတ်ဆွေပဲလို့ သဘောထားပုံရပါတယ်။ အဲဒီတော့ ကျနော်တို့ တိုင်:ပြည်မှာ ရှိနေတဲ့ မတူညီတဲ့ အခြေအနေတွေပေါ်ကနေ ပေါ်ထွက်လာတယ်လို့ပဲ ပြောရပါမယ်။”

မြန်မာဘက်က ပြည်ထောင်စုရှေ့နေချုပ်ရုံး ဦးဆောင်ပြီး စစ်ဥပဒေချုပ်ရုံးနဲ့ နိုင်ငံခြား ရေးဝန်ကြီးဌာန အကြီးအကဲတွေပါတဲ့ နိုင်ငံတကာရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ အထူးအဖွဲ့ကို နိုဝင်ဘာ ၂၆ရက်က ဖွဲ့စည်းခဲ့ပြီးဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


.....................

(Unicode)

















ဆက်စပ်သတင်းများ ...

XS
SM
MD
LG