သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်စစ်ရှောင်စခန်းက ဒုက္ခသည်တွေကို နိုင်ငံတော်အတိုင်ပင်ခံတွေ့ဆုံအားပေး


ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ်သို့ သွားရောက်။ (အောက်တိုဘာ ၁၉၊ ၂၀၁၈)
ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ်သို့ သွားရောက်။ (အောက်တိုဘာ ၁၉၊ ၂၀၁၈)

ကချင် စစ်ဘေးရှောင်ဒုက္ခသည်တွေ နေရပ်ရင်းမှာ ပြန်လည်အခြေချနိုင်ဖို့ဆိုရင် ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ စစ်ပွဲတွေကို တားဆီးနိုင်မှ ဖြစ်မယ်လို့ စစ်ရှောင်ဒုက္ခသည်တွေကို ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။ ဒုက္ခသည်တွေ စစ်ရှောင်စခန်းမှာ ခုလို ခိုလှုံနေရတာဟာ ယာယီကိစ္စသာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စိန့်ဂျိုးဇက် ကက်သလစ် စစ်ရှောင်ဒုက္ခသည်စခန်းမှာ ဒီကနေ့ပြောဆိုခဲ့အပြီး ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောဆိုလိုက်ကြတာပါ။

အကြောင်းစုံကိုတော့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ဟာ အောက်တိုဘာ ၁၉ ဒီကနေ့ နေ့လည်ပိုင်းက မြစ်ကြီးနားမြို့ ပလနအရပ်မှာ စိန့်ဂျိုးဇက် ကက်သလစ်အသင်းတော်က ဖွင့်လှစ်ထားတဲ့ စစ်ရှောင်ဒုက္ခသည်စခန်းကို သွားရောက်ပြီး ဒုက္ခသည်တွေအတွက် အထောက်အပံ့ ပစ္စည်းတချို့ကို ပေးအပ်ရင်း ဒုက္ခသည်စခန်းထဲ ဖွင့်လှစ်ထားတဲ့ ရိုးရာယက်ကန်းစင်တွေကို သွားရောက်လေ့လာခဲ့တာပါ။

ဒုက္ခသည်တွေ စစ်ရှောင်စခန်းမှာ ခုလို ခိုလှုံနေရတာဟာ ယာယီကိစ္စသာဖြစ်ပြီး မိမိတို့ နေရပ်ရင်းမှာအမြန် ပြန်ပြီး အခြေချနိုင်အောင် အစိုးရဘက်က ကြိုးစားလုပ်ဆောင်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က စိန့်ဂျိုးဇက် စစ်ရှောင်စခန်းမှာ ပြောသွားပါတယ်။

“ ကျမတို့ရဲ့ အဓိကရည်ရွယ်ချက်ကတော့ အားလုံးဟာ ကိုယ့်ရပ်ကိုယ့်ရွာမှာ ပြန်ပြီး အေးအေးချမ်းချမ်းနဲ့ ဖွံ့ဖြိုးတိုးတက်စွာ နေနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒီလိုစခန်းတွေကို လာတယ်ဆိုတာက တခဏပဲလို့ပဲ စိတ်ထဲမှာထားစေချင်ပါတယ်။ ဒီလိုစခန်းတွေဆိုတာ ရေရှည်နေဖို့ မဖြစ်သင့် ပါဘူး။ ဒီလိုစိတ်ဓါတ်တွေလည်း မရှိသင့်ပါဘူး။ ငါတို့တော့ ငါတို့ရပ် ငါတို့ရွာကို ပစ်ခဲ့ရပြီဆိုတဲ့ စိတ်ဓါတ်နဲ့မဟုတ်ပဲနဲ့ ခဏတဖြုတ်ပစ်ခဲ့ရပြီ .. တချိန်တခါမှာ ပြန်ပြီးတော့ ကိုယ့်ရဲ့ရပ်ရွာတွေကို ပြန်လည်ထူထောင်မယ်၊ တို့ရလာတဲ့ ငြိမ်းချမ်းရေး တည်တံ့ခိုင်မြဲရေးအတွက်၊ ဖွံ့ဖြိုးရေးအတွက် ငါတို့ဝိုင်းလုပ်မယ်ဆိုပြီးတော့ အဲလိုစိတ်တွေကို မွေးမြူအားပေးဖို့ကလည်း အင်မတန်အရေးကြီးပါတယ်။ ကျမတို့အနေနဲ့ ဒီလို နေရပ်စွန့်ခွာသွားရတဲ့ ပြည်သူပြည်သားများ ဒီလိုပုံစံနဲ့ စခန်းမှာနေနေရတာကို လုံးဝမနှစ်မြို့ဘူး၊ ကိုယ့်ရပ်ကိုယ့်ရွာမှာ အမြန်ဆုံး အေးအေးချမ်းချမ်း ဖွံ့ဖြိုးတိုးတက်စွာ နေနိုင်ဖို့အတွက် ကျမတို့လိုလားပါတယ်။ ဒီဟာအတွက်လည်း အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါ။ ကြိုးစားတဲ့နေရာမှာလည်း ကျမတို့ကို ကာယကံရှင်များကိုယ်တိုင်က ဝိုင်းဝန်းကူညီပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခုလိုပြောဆိုချက်ကိုကြားရတဲ့ ဒုက္ခသည်တွေက စိတ်အင်အားဖြစ်မိတယ်လို့ပြောဆိုကြကြောင်း ဒီကနေ့တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ဂရုဏာ လူမှုစည်းလုံးညီညွတ်ရေးအသင်းက မဆိုင်းနုက ပြောပါတယ်။

“ IDP တွေဘက်ကတော့ ဘာမှတော့ တင်ပြခွင့် မရှိဘူးပေါ့နော့၊ အဓိကတော့ သူကတော့ IDP camp လာပြီးမှ IDP တွေကို အားပေးစကား ပြောသွားတယ်။ camp စခန်းထဲမှာပဲ တသက်လုံးနေသွားမယ်ဆိုတဲ့ စိတ်ထားတွေ မထားဖို့ပေါ့နော်။ တချိန်ချိန်ကျရင် ကိုယ့်ရဲ့ရပ်ရွာ ပြန်ရမယ်ဆိုတဲ့ စိတ်ဓါတ်ကို အမြဲတမ်းထားဖို့အတွက် ဆိုပြီးမှ သူကအားပေးသွားတယ်။ ဒါကတော့ တကယ်လည်းပြောသင့်တဲ့ စကားလုံးတွေလို့ မြင်ပါတယ်။ ပြီးတော့ IDP တွေတော်တော်များများကို မေးကြည့်တော့ သူတို့အနေနဲ့ ခွန်အားရတယ်လို့ ပြောကြတယ်။”

စစ်ရှောင်စခန်းတွေဟာ ယာယီကိစ္စသာဖြစ်တယ်လို့ ဒေါ်စုကပြောပေမယ့် လက်တွေ့မှာတော့ ကချင်စစ်ရှောင်ဒုက္ခသည်တွေ နေရပ်ရင်းမှာ ပြန်အခြေချဖို့ဆိုရင် စစ်ပွဲတွေကို တားဆီးနိုင်မှဖြစ်မယ်လို့ မဆိုင်းနုက ထောက်ပြပါတယ်။

“ ဒါကတော့ အဓိကတော့ စစ်ပွဲတွေ .. စစ်ပွဲတွေဆိုတဲ့နေရာမှာ ဒီစစ်တပ်နဲ့ ကျမတို့ကချင် KIA နဲ့ဖြစ်နေတာဆိုတော့ သူတို့ကြားမှာ စစ်ပွဲ မဖြစ်တော့တဲ့ အခြေအနေပေါ့၊ အဲ့ဒီလိုအချိန်ကျမှ အိမ်ပြန်နိုင်ဖို့ အလားအလားရှိမှာပေါ့။ ဒါပေမဲ့ တကယ့်တကယ် လက်တွေ့မှာကတော့ IDP တွေ တချို့ရွာတွေမှာ ရှိသေးတယ်ပေါ့။ အဲလိုဆိုတော့ လမ်းမှာ ခြိမ်းခြောက်တာတို့ဘာတို့ အဲလိုရှိသေးတာပေါ့။ အနည်းဆုံးတော့ လုံခြုံစိတ်ချ ရတဲ့အခြေအနေပေါ့နော်။ အဲလိုအခြေအနေရောက်မှ ပြန်နိုင်တဲ့အခြေအနေလို့ ကျမတို့မြင်တယ်ပေါ့။”

ကချင်ဒေသမှာ ၂၀၁၁ ခုနှစ်ကစပြီး တကြော့ပြန်ဖြစ်လာတဲ့ စစ်ပွဲတွေကြောင့် စစ်ရှောင်ဒုက္ခသည်စခန်း (၉)ခုမှာ ဒုက္ခသည်ပေါင်း တသိန်းကျော်ဝန်းကျင် ရှိနေပါတယ်ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG