သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆွီဒင်နေတိုးအဖွဲ့ဝင်ဖြစ်ရေး တူရကီလွှတ်တော်နိုင်ငံခြားရေးကော်မရှင်အတည်ပြု


ဆွီဒင်အလံ (ယာ) နဲ့ နေတိုးအလံ (ဝဲ) တို့ကို သတင်းစာရှင်းလင်းပွဲမှာတွေ့ရစဥ်။ (အောက်တိုဘာ ၂၄၊ ၂၂၃)
ဆွီဒင်အလံ (ယာ) နဲ့ နေတိုးအလံ (ဝဲ) တို့ကို သတင်းစာရှင်းလင်းပွဲမှာတွေ့ရစဥ်။ (အောက်တိုဘာ ၂၄၊ ၂၂၃)

မြောက်အန္တလန်တိတ်စာချုပ် နေတိုးမဟာမိတ်အဖွဲ့ဝင်ဖြစ်ရေး ဆွီဒင်နိုင်ငံရဲ့လျှောက်လွှာကို တူရကီလွှတ်တော် နိုင်ငံခြားရေးရာကော်မရှင်မှာ အင်္ဂါနေ့က အတည်ပြုလိုက်ပါတယ်။ ဆွီဒင်နိုင်ငံအနေနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေကိုကိုင်တွယ်ရာမှာ ပျော့ပြောင်းလွန်းတယ်လို့ဆိုပြီး တင်းတင်းကျပ်ကျပ်ကိုင်တွယ်ဖို့ တူရကီဘက်ကတောင်းဆိုထားပြီး ဆွီဒင်ရဲ့ နေတိုးအဖွဲ့ဝင်ဖြစ်ရေးလုပ်ငန်းစဥ်တွေ ၁၉ လကြာ နှောင့်နှေးနေခဲ့တာပါ။ ဒါကြောင့် အခု လွှတ်တော် နိုင်ငံခြာရေးကော်မရှင်ရဲ့အတည်ပြုချက်က အရေးပါတဲ့ရှေ့တိုးခြေလှမ်းတရပ်ပဲ ဖြစ်ပါတယ်။

တူရကီသမ္မတ Recep Tayyip Erdogan ရဲ့ အာဏာရ AK ပါတီ ထိန်းချုပ်တဲ့ကော်မရှင်မှာ အင်္ဂါနေ့က ၄ နာရီကြာ အခြေအနေဆွေးနွေးမှုတွေ လုပ်ခဲ့ပြီးတဲ့နောက် မဲခွဲ အတည်ပြုလိုက်တာပါ။ ပြီးခဲ့တဲ့နှစ်ထဲ ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တာတွေကြုံခဲ့ရပြီးတဲ့နောက် နေတိုးအဖွဲ့ထဲဝင်ဖို့ ဆွီဒင်နိုင်ငံ ဆုံးဖြတ်ခဲ့ပြီး လျှောက်ထားမှုလုပ်ငန်းစဥ်တွေ စတင်ခဲ့တာလည်း ဖြစ်ပါတယ်။

တူရကီလွှတ်တော် နိုင်ငံခြားရေးရာကော်မရှင်မှာ ခုလို အတည်ပြုလိုက်ပြီးတဲ့နောက် နောက်တဆင့်အနေနဲ့ လွှတ်တော်တရပ်လုံးမှာ မဲခွဲဆုံးဖြတ်ရဦးမှာပါ။ လွှတ်တော်တရပ်လုံးမှာလည်း သမ္မတအာဒိုဝမ်ရဲ့ပါတီကပဲ အဓိက ထိန်းချုပ်ထားတာဖြစ်လို့ လာမယ့် သီတင်းပတ်အနည်းငယ်အတွင်း မဲခွဲ အတည်ပြုနိုင်ခြေ ရှိနေပါတယ်။ လွှတ်တော်တရပ်လုံးက အတည်ပြုပြီး သမ္မတအာဒိုဝမ် လက်မှတ်ထိုးပြီးရင်တော့ ဆွီဒင်ရဲ့ နေတိုးအဖွဲ့ဝင်ဖြစ်ရေး လျှောက်လွှာနဲ့ပတ်သက်လို့ နေတိုးအဖွဲ့ဝင် တူရကီဘက်က ဆောင်ရွက်ရမယ့်လုပ်ငန်းစဥ်ပြီးဆုံးမှာ ဖြစ်ပါတယ်။

ဆွီဒင်နိုင်ငံ နေတိုးအဖွဲ့ဝင်ဖြစ်ရေးမှာ တူရကီဘက်က အချိန်ဆွဲတာတွေရှိခဲ့တဲ့အပေါ် တူရကီရဲ့မဟာမိတ် အနောက်နိုင်ငံတချို့က တူရကီအပေါ် စိတ်ပျက်တာတွေရှိခဲ့သလို နောက်မဟာမိတ်တွေနဲ့ ဆက်ဆံရေးမှာ အဖုအထစ်တချို့လည်း ဖြစ်စေခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG