သုံးရလွယ်ကူစေသည့် Link များ

ဆီးရီးယား နိုင်ငံတွင်းက သြစတေးလျ တပ်ဖွဲ့တွေရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို ယာယီ ရပ်ဆိုင်းကြောင်း ဒီကနေ့ အင်္ဂါနေ့ မှာဘဲ သြစတေးလျက ကြေညာပါတယ်။ ဆီးရီးယား လေယာဉ် တစင်းကို အမေရိကန် တိုက်လေယာဉ်က ပစ်ချလိုက်ပြီးနောက် ဆီးရီးယား နိုင်ငံတွင်း အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေရဲ့ လေယာဉ်တွေကို ပစ်မှတ်ထားမယ်လို့ ဆီးရီးယားရဲ့ မဟာမိတ် ရုရှားက တုံ့ပြန်ခြိမ်းခြောက်ခဲ့ပြီးနောက်မှာ သြစတေးလျဘက်က အခုလို ဆောင်ရွက်တာ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ် စက်တင်ဘာလက စလို့ ဆီးရီးယား နိုင်ငံတွင်းက အစ္စလာမ္မစ် အစွန်းရောက် IS တို့ အပေါ် ညွန်ပေါင်းအဖွဲ့ရဲ့ ထိုးစစ်တွေ စတင်ခဲ့ချိန်ကတည်းက သြစတေးလျ နိုင်ငံက ပူးပေါင်းပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ဆီးရီးယား နိုင်ငံတွင်းက ဝေဟင် အခြေအနေကို စောင့်ကြည့်သွားမှာ ဖြစ်ပြီး သင့်တော်တဲ့ အချိန်မှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြန်လည် စတင်ဖို့ ဆုံးဖြတ်မယ် ဆိုပြီး သြစတေးလျ ကာကွယ်ရေး ၀န်ကြီးဌာန ကြေညာချက်က ဖော်ပြပါတယ်။ အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့ဝင် အဖြစ်နဲ့ အီရတ်နိုင်ငံတွင်းက တိုက်ခိုက်မှုတွေကိုတော့ ဆက်ပြီး လုပ်ဆောင်သွားမယ်လို့လည်း ၀န်ကြီးဌာန ကြေညာချက်က ဖော်ပြပါတယ်။ မနေ့ တနလာင်္နေ့က ရုရှားရဲ့ ခြိမ်းခြောက်မှုကိုတော့ အမေရိကန်ဘက်က တင်းတင်းမာမာ တုံ့ပြန်ခဲ့တာပါ။

ဆီးရီးယား နိုင်ငံ Tabqah မြို့ အနီးက ညွန့်ပေါင်းတပ်ဖွဲ့တွေရဲ့ မိတ်ဖက် တပ်ဖွဲ့တွေ အပေါ် ဗုံးကျဲခဲ့တဲ့ Su- 22 ဆီးရီးယား လေယာဉ်ကို ပစ်ချခဲ့တဲ့ ဆုံးဖြတ်ချက် အပေါ် အမေရိကန် သမ္မတ အိမ်ဖြူတော် ပြောခွင့်ရ Sean Spicer က ကာကွယ်ပြောဆိုပြီး ကျနော်တို့ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်နိုင်ရေး အစွမ်းကုန် လုပ်ဆောင်မယ်ဆိုပြီး သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ ဆီးရီးယား နိုင်ငံတွင်းက အစ္စလာမ္မစ် အစွန်းရောက် IS ချေမှုန်းရေးမှာ အမေရိကန် အနေနဲ့ မိတ်ဖက်တွေနဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက် သွားမယ်လို့လည်း အိမ်ဖြူတော် ပြောခွင့်ရက ပြောဆိုခဲ့ပါတယ်။ ဆီးရီးယား လေယာဉ်ကို ပစ်ချခဲ့မှုက ရန်လိုတဲ့ လုပ်ရပ် ဖြစ်တယ်လို့ ရုရှား ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး Sergei Ryabkov က ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG