သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားပေါက်ကွဲမှု ကလေးငယ်တွေအပါ ၄၂ ဦးထက်မနည်း သေဆုံး


ဆီးရီးယားနိုင်ငံက သူပုန်တွေ ထိန်းချုပ်ထားတဲ့ Idlib ခရိုင်မှာ အဆောက်အဦးတခု ပေါက်ကွဲခဲ့တဲ့အတွက် ကလေးငယ် ၁၂ ဦး အပါအဝင် လူ ၄၂ ဦး ထက်မနည်း သေဆုံးခဲ့ရပါတယ်။ အဲဒီအဆောက်အဦးကို လက်နက်အရောင်းဝယ်လုပ်သူတဦး အသုံးပြုနေတယ်လို့ တွက်ဆထားပါတယ်။

ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်ရေး လေ့လာတဲ့အဖွဲ့ကတော့ ပေါက်ကွဲမှုဟာ တူရကီနယ်စပ်နားက Sarmada မြို့မှာ ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။ အခုချိန်အထိ ပျောက်ဆုံးနေသူ ဒါဇင်နဲ့ချီရှိနေသေးတာမို့ သေဆုံးသူဦးရေ ဒီ့ထက်ပိုများလာနိုင်တယ်လို့ ဆီးရီးယားနိုင်ငံတွင်း နေထိုင်သူတွေရဲ့ အကူအညီနဲ့ ဆီးရီးယားအရေး စောင့်ကြည့်လေ့လာနေတဲ့ ဒီအဖွဲ့က ပြောပါတယ်။ ဒါ့အပြင် ဒီအဆောက်အဦးကို Homs ခရိုင် အလယ်ပိုင်းကနေ ပြောင်းရွှေ့လာသူတွေက သိမ်းပိုက်ထားတာဖြစ်ပြီး လက်နက်တွေ သိုလှောင်ထားတဲ့ အဆောက်အဦးမြေတိုက်ခန်း ပေါက်ကွဲခဲ့တဲ့အတွက် အထပ်အများကြီးရှိတဲ့ ဒီအဆောက်ဦးတခုလုံး ပြိုကျသွားတာလို့ပြောပါတယ်။

တချိန်ထဲမှာပဲ ဆီးရီးယားအစိုးရတပ်တွေက သူပုန်တွေ အခိုင်အမာတပ်စွဲထားတဲ့ နောက်ဆုံးနေရာဖြစ်တဲ့ Idlib ခရိုင်ကို ဝင်တိုက်ဖို့မလုပ်ခင်မှာ တပ်တွေကို အားဖြည့်နေတာပါ။ ဒီအစိုးရတပ်တွေဟာ ကျယ်ပြန့်တဲ့ထိုးစစ် မစခင်မှာ ကနဦးခြေလှမ်းအဖြစ် Idlib ခရိုင် ဆင်ခြေဖုန်းဒေသတွေကို ရောက်နေပြီလို့ ဆီးရီးယားအစိုးရကို ထောက်ခံတဲ့ Al-Watan နေ့စဉ် သတင်းစာကရေးပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း အစိုးရ ရဟတ်ယာဉ်တွေက Idlib အရှေ့ပိုင်းမြို့လေးတွေမှာ လက်နက်ချဖို့ တိုက်တွန်းတဲ့ စာတွေ ကြဲချခဲ့ပါတယ်။ တချိန်ထဲမှာပဲ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာအကြီးအကဲ Jan Egeland က အဲဒီခရိုင်ထဲ အရပ်သား သေကြေမှုတွေမဖြစ်အောင် ရှောင်နိုင်ရေးအတွက် ဆွေးနွေးမှုတွေလုပ်ဖို့ ပန်ကြားခဲ့တာပါ။

ဆီးရီးယားမှာ ၂၀၁၁ ပြည်တွင်းစစ် စချိန်ကတည်းက သေဆုံးရသူ သုံးသိန်းခွဲကျော်နေပြီဖြစ်ပြီး လူသန်းပေါင်းများစွာ အိုးအိမ်ရွှေ့ပြောင်းခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG