သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားစစ်ပွဲသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးလော


ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကြံပေးပုဂ္ဂိုလ် Jan Egeland
ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကြံပေးပုဂ္ဂိုလ် Jan Egeland

နိုင်ငံတကာ အသိုင်းအဝိုင်းဟာ အကြမ်းဖက်မှုကို တိုက်ခိုက်တယ်လို့ အကြောင်းပြပြီး ဆီးရီးယားပြည်သူတွေ အတိဒုက္ခရောက်နေတာကို ဂရုမစိုက်တဲ့အပြင် အကာကွယ်ပေးဖို့ ပျက်ကွက်နေတယ်လို့ ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကြံပေးပုဂ္ဂိုလ် Jan Egeland က စွပ်စွဲ ပြောကြားလိုက်ပါတယ်။ VOA သတင်းထောက် ဂျနီဗာကပေးပို့တဲ့ သတင်းနဲ့ AFP ကသတင်းအချက်အလက်တွေကို အခြေခံပြီး ဦးကျော်ဇံသာက တင်ပြမှာ ဖြစ်ပါတယ်။

Jan Egeland ဟာစစ်ပွဲကြောင့် ဖရိုဖရဲဖြစ်နေတဲ့ ဆီးရီးယားနိုင်ငံမှာ ကုလသမဂ္ဂ စာနာမှု ထောက်ပံ့ရေးကို နှစ်ပေါင်းများစွာ ဦးစီးဦးဆောင်ပြုခဲ့သူဖြစ်ပါတယ်။ အခု အဲဒီရာထူးက နုတ်ထွက်ပြီးတဲ့နောက် ဆီးရီးယားစစ်ပွဲမှာ ပါဝင်ပတ်သက်နေသူတွေရဲ့ ဆိုးရွားလှတဲ့ စစ်တိုက်လိုတဲ့ သဘောသဘာဝကို နိုင်ငံတကာအသိုင်းအဝိုင်းက ဘယ်လိုအားပေး အားမြောက်ပြုလုပ်နေတယ် ဆိုတာ သုံးသပ်နေတာဖြစ်ပါတယ်။

“ကျနော်တို့ဟာ လူဦးရေထူထပ်ဆုံးနိုင်ငံတခုက အရပ်သားတွေ ပြွတ်သိပ်နေတဲ့ နေရာကို ငရဲပြည်ဖြစ်အောင် ဖန်တီးလိုက်တာပဲ။ လောလောဆည်ဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခ ၄၀ အနက် သက်တမ်းအကြာဆုံးပဲ ဖြစ်ပါတယ်။”

နိုင်ငံတကာအသိုင်းအဝိုင်းက ဒီမူဝါဒကြောင့်ပဲ ၇ နှစ်ကျော်အောင် ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်လာခဲ့ရတယ်။ သိန်းနဲ့ချီတဲ့ လူတွေသေဆုံးခဲ့ရပြီး သန်းနဲ့ချီအိုးမဲ့အိမ်မဲ့ ဒုက္ခသည်အဖြစ် ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

“ဘယ်လောက်အထိ အခြေအနေဆိုးဝါးစေတဲ့အကြောင်းအရင်းတွေအနက် တခုကတော့ လူတိုင်းကအကြမ်းဖက်မှုကို တိုက်ခိုက်နေတာလို့ ပြောနေကြခြင်းပဲဖြစ်ပါတယ်။ ကျနော်တို့တွေ့ရသလောက် လူတိုင်းက ဒီလိုပဲ ပြောနေကြတာပါ။ အကြမ်းဖက်မှုကို တိုက်ခိုက်နေတယ်ဆိုတဲ့ အဲဒီအဖြစ်တွေကြောင့်ပဲ အရပ်သားတွေကြုံတွေ့ရတဲ့ အနိဋ္ဌာရုံတွေ ပိုဆိုးစေတာပါ။”

လောလောဆည်မှာ ဆီးရီးယားနိုင်ငံ အနှံ့အပြားမှာ ငြိမ်းချမ်းမှုရအောင် အားသွန်ခွန်စိုက် လုပ်ဆောင်နိုင်ခဲ့ပြီဖြစ်ပေမယ့် နိုင်ငံတဝှမ်းလုံးက လူမှုရေး အနိဋ္ဌာရုံတွေကတော့ ကြီးမားကျယ်ပြန့်စဲဖြစ်တယ်လို့ Egeland က သတိပေးထားပါတယ်။ အထူးသဖြင့် မြောက်ပိုင်းကမြို့တွေဖြစ်တဲ့ အလက်ပိုနဲ့ Idlib တို့မှာ မကြာသေးမီကပဲ အကြမ်းဖက်မှုတွေ အရှိန်မြင့်လာတဲ့အတွက် စိုးရိမ်စရာကောင်းတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်ကုန်ဆုံးချိန်အတွင်းမှာအလက်ပိုမြို့မှာ ဓါတုလက်နက်တွေနဲ့ တိုက်ခဲ့တဲ့အတွက် လူ ၇၀ ခန့်သေဆုံးခဲ့ရပြီး ဒါဟာ ဓါတုလက်နက်နဲ့ တိုက်ခိုက်တယ်ဆိုတာ တနေ့ကျရင် စစ်ရာဇဝတ်မှုမြောက်နိုင်တယ်လို့ သူကဆိုပါတယ်။

Idlib မြို့မှာလည်း ပြီးခဲ့တဲ့ရက်တွေအတွင်းမှာပဲ လက်နက်ကိုင် အုပ်စုတွေအကြား မော်တာတွေ လက်ပစ်ဗုံးတွေနဲ့ ပစ်ကြတဲ့ ဗုံးကျဲတိုက်ခိုက်တာတွေကြောင့် ဘယ်မှ သွားစရာမရှိဖြစ်နေတဲ့ အရပ်သား သုံးသန်းလောက်အသက်အန္တရာယ်ကျရောက်နေရတယ်လို့ထောက်ပြထားပါတယ်။

တချိန်တည်းမှာပဲ ဒီ ၇ နှစ်ကြာစစ်ပွဲအတွင်း ပျောက်ဆုံး ဒါမှမဟုတ် ထိန်းသိမ်းခံရသူတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို သက်ဆိုင်ရာမိသားစုစီအကြောင်းကြားဖို့ ဆီးရီးယားကို ကုလ စုံစမ်းရေးကေ်ာမရှင်က ဗုဒ္ဒဟူးနေ့မှာပဲ တိုက်တွန်းလိုက်ပါတယ်။

သေဆုံးမှုတွေကို အကြောင်းကြားဖို့ အစိုးရမှာ အပြည့်အ၀ တာဝန်ရှိတယ်ဆိုတာ မဖြစ်မနေဖိအားပေးဖို့ အချိန်တန်ပြီလို့လဲ ကုလသမဂ္ဂစုံစမ်းရေးကေ်ာမရှင်ဥက္ကဋ္ဌဖြစ်တဲ့ Paulo Pinheiro ကဆိုပါတယ်။

“ထိန်းသိမ်းခံတွေ ပျောက်ဆုံးသွားသူတွေကိစ္စကို ငြိမ်းချမ်းရေးရပြီးမှ ကိုင်တွယ်လို့ မရပါဘူး။ အခုအချိန်မှာပဲ ဒီကိစ္စကို စဉ်းစားကိုင်တယ်ကြရမှာပါ။”

Mr. Pinheiro ဟာ စစ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖော်ထုတ်စစ်ဆေးဖို့ ကုလသမဂ္ဂ ဖွဲ့စည်းပေးထားတဲ့ ကော်မရှင် ်ဥက္ကဋ္ဌဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလတုန်းကတော့ သေဆုံးသူတွေရဲ့ စာရင်းကို ပထမဦးဆုံးအကြိမ်အဖြစ် ဆီးရီးယားလုံခြုံရေးစစ်တပ်တို့က လူထုမှတ်ပုံတင်ရုံးကို စာရင်းပေးပို့ခဲ့ပါတယ်။

ဒါပေမယ့် မဆိုစလောက်မျှသာ ဖြစ်တဲ့အတွက် ပြောက်ဆုံးသူတွေ ဘာဖြစ်သွားတယ်ဆိုတာ မိသားစုတွေ သိရှိခွင့်ရှိရမယ် ၊ သူတို့ရုပ်အလောင်းတွေ ဘယ်မှာရှိတယ်ဆိုတာကို အသိပေးရမယ်။ ဒါ့အပြင် ထိန်းသိမ်းခံတွေကရော ဘယ်နေရာမှာ ရှိနေသလဲဆိုတာကို နိုင်ငံတကာကော်မရှင်တွေကို ခေါ်ယူပြသရမယ်လို့ ကုလသမဂ္ဂ တောင်းဆိုထားပါတယ်။

လူပေါင်း ၃ သိန်း ၆ သောင်းကျော်သေဆုံးခဲ့ပြီး သန်းနဲ့ချီ အိုးမဲ့အိမ်မဲ့ ဒုက္ခသည်ဖြစ်နေရတဲ့ ဆီးရီးယားစစ်ပွဲ အဆုံးသတ်ဖို့အတွက် ကုလသမဂ္ဂ ရဲ့ သံတမန်နည်းကြိုးပမ်းမှုဟာ လောလောဆည်မှာ အဖြေမတွေ့နိုင်ဖြစ်နိုင်ပါတယ်။ သို့သော်လည်း Russia ၊ အီရန် ၊ တူရကီတို့ရဲ့ စစ်အင်အားတည်ငြိမ်ရေး အားထုတ်မှုကတော့ အရှိန်ရနေကြောင်းပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG