သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓါတုလက်နက်သုံးမသုံး ဆီးရီယားအစိုးရကို ကန်စောင့်ကြည့်


ဆီးရီးယားနိုင်ငံမှာ သူပုန်တွေ အခိုင်အမာ ခြေကုပ်ယူထားတဲ့ နောက်ဆုံးနေရာဖြစ်တဲ့ Idlib ဒေသမှာ ဆီးရီးယားအစိုးရက ရုရှားနဲ့ အီရန်တို့ရဲ့ အကူအညီနဲ့ ဓါတုလက်နက်တွေ သုံး တိုက်ခိုက်မယ်ဆိုရင် အမေရိကန်က သင့်တော်သလို လျင်လျင်မြန်မြန် တုန့်ပြန်သွားမှာ ဖြစ်ကြောင်း အမေရိကန် အစိုးရက အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။

ဆီးရီးယားအာဏာရှင် သမ္မတ Bashar al- Assad ရဲ့ တိုက်ခိုက်မှု ခံရနိုင်တဲ့ အန္တရာယ်ရှိနေတဲ့ Idlib ဒေသက သန်းနဲ့ချီတဲ့ အပစ်မဲ့ ပြည်သူတွေရဲ့ ကံကြမ္မာကို အမေရိကန်ပြည်ထောင်စုက အနီးကပ် စောင့်ကြည့်နေကြောင်း သမ္မတအိမ်ဖြူက ကြေညာချက်တစောင် ထုတ်ပြန် ပြောဆိုပါတယ်။ တကယ်လို့ ဒီလို တိုက်ခိုက်မှုမျိုး လုပ်လာမယ်ဆိုရင်တော့ ဒါဟာ အခုကြုံနေရတဲ့ ဆိုးဝါးတဲ့တိုက်ပွဲတွေ ပိုတိုးလာတာနဲ့ ကြုံရနိုင် တယ်လို့ သမ္မတ Donald Trump က သတိပေးခဲ့ကြောင်းလည်း ပြောပါတယ်။

ဓါတုလက်နက် မသုံးဖို့ ကြေညာချက်မှာ သတိပေးထားပေမယ့် သုံးလာရင် အမေရိကန်ဘက်က ဘယ်လိုတုန့်ပြန်မယ် ဆိုတာကိုတော့ ဖေါ်ပြမထားပါဘူး။ ဆီးရီးယားက တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အဆိုပြုချက်အတိုင်း ရေရှည်တည်တံ့မယ့် သံတမန်နည်းအရ အဖြေရှာဖို့ အမေရိကန်ပြည်ထောင်စုဟာ သူ့မဟာမိတ်တွေနဲ့ မနားမနေ ဆက်လက် ကြိုးစားနေမှာ ဖြစ်ကြောင်းလည်း အမေရိကန် အစိုးရက ပြောပါတယ်။

Idlib ကို ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် ဆီးရီးယားအစိုးရ လုပ်ဆောင်မယ့် စစ်ဆင်ရေးအတွက် အီရန်က ထောက်ခံကြောင်း ပြောကြားထားတာ ဖြစ်ပြီး အခု ရုရှားကလည်း ပါဝင် ထောက်ခံခဲ့ပါတယ်။ ရုရှားအစိုးရ ပြောခွင့်ရ Dmitry Peskov ကတော့ Idlib ဟာ အကြမ်းဖက်ဝါဒ ကြီးစိုးတဲ့ နေရာဖြစ်ပြီး အဲဒီ အခြေအနေက ဆီးရီးယား ပြဿနာ နိုင်ငံရေးအရ အဖြေရှာရေး ကြိုးပမ်းမှုကို အဟန့်အတား ဖြစ်စေတယ်လို့ ပြောပါတယ်။

XS
SM
MD
LG