သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားကို ကန်နဲ့မဟာမိတ် လေကြောင်းတိုက်ခိုက်မှုလုပ်


ဆီးရီးယားနိုင်ငံတွင်း လေကြောင်းတိုက်ခိုက်မှု။
ဆီးရီးယားနိုင်ငံတွင်း လေကြောင်းတိုက်ခိုက်မှု။

အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတို့ ပူးတွဲပြီး ဆီးရီးယားနိုင်ငံကို လေကြောင်းစစ်ဆင်ရေးတွေ ဆင်နွှဲခဲ့ရာမှာ၊ သိပ္ပံသုတေသန ဌာနတခု၊ ဓာတုလက်နက် သိုလှောင်ရုံတရုံအပြင်၊ အရေးပါတဲ့ ကွပ်ကဲရေးစခန်းတခုပါဝင်တဲ့ သိုလှောင်ရုံတခုတို့ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ထဲ အရပ်သားတွေ ထိခိုက်သေကျေခဲ့ရတဲ့ ဓာတုလက်နက်လို့ သံသယရှိတဲ့ တိုက်ခိုက်မှုအတွက် ဆီးရီးယားသမ္မတ Bashar al-Assad အစိုးရကို ရှင်းရှင်းလင်းလင်း သတိပေးဖို့ ရည်ရွယ်တဲ့ အနေနဲ့ရော၊ နောက်ထပ် မကျုးလွန်နိုင်အောင်ပါ ရည်ရွယ်ပြီး၊ ပြတ်ပြတ်သားသား ဆောင်ရွက်ခဲ့တာ ဖြစ်ကြောင်းလည်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Jim Mattis ကပြောပါတယ်။

အာဆတ်အစိုးရ အနေနဲ့ ပြီးခဲ့တဲ့နှစ်က သတိပေးချက်ကို နားမထောင်ခဲ့တာ ထင်ရှားနေပြီး၊ ဒီတကြိမ်မှာတော့ မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး ပိုအထိနာအောင် တိုက်ခိုက်ခဲ့ကြောင်း ဝန်ကြီး Mattis ကပြောဆိုခဲ့တာပါ။

အာဆတ်အစိုးရနဲ့ နောက်လိုက် လူသတ်သမားတွေ အနေနဲ့ နောက်ထပ် တိုက်ခိုက်မှုတွေ ကျုးလွန်လာရင် တာဝန်ခံရလိမ့်မယ် ဆိုတာကို ရှင်းရှင်းလင်းလင်း သတိပေးလိုက်တာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ ဆီးရီးယားနိုင်ငံမှာ စုဆောင်းထားတဲ့ ဓာတုလက်နက်တွေ ထိခိုက်ပျက်စီးမှု များနိုင်သလောက်များဖို့နဲ့ ရေရှည်မှာလည်း လျော့နည်းသွားစေဖို့ ရည်ရွယ်ပြီး ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်းလည်း ပြောခဲ့တာပါ။

ပြီးခဲ့တဲ့ စနေနေ့တုန်းက လူ ၄၀ ထက်မနည်း သေဆုံးပြီး၊ ရာနဲ့ချီနာဖျားမကျန်းဖြစ်ခဲ့တဲ့ ဆီးရီးယားနိုင်ငံ Douma မြို့က တိုက်ခိုက်မှုမှာ ကလိုရင်းဓာတုလက်နက် အသုံးပြုခဲ့ကြောင်းလည်း ဝန်ကြီး Mattis ကပြောပါတယ်။ ဆီးရီးယား အစိုးရက စွပ်စွဲချက်ကို ငြင်းဆန်ထားပေမဲ့လည်း အမေရိကန် ကာကွယ်ရေးဝန်ကြီးကတော့ အပြစ်မဲ့အရပ်သားတွေကို တိုက်ခိုက်မှုနောက်ကွယ်မှာ ဆီးရီးယားအစိုးရ ပါဝင်နေတာ သေချာကြောင်း ပြောဆိုခဲ့တာပါ။

ဆီးရီးယားမှာ တိုက်ခိုက်မှုတွေ မစခင် မနေ့တုန်းကပဲ သမ္မတ Donald Trump ကလည်း နိုင်ငံတကာက တားမြစ်ထားတဲ့ ဓာတုလက်နက်သုံးပြီး ကိုယ့်လူထုကို သတ်ဖြတ်တဲ့ လုပ်ရပ်အတွက် ဆီးရီးယားသမ္မတအပေါ် အမေရိကန်က ဆက်လက်ဖိအားပေးသွားဖို့ ပြင်ဆင်နေကြောင်း ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG